အစ္စရေးက ချေမှုန်းလိုက်တယ်လို့ဆိုတဲ့ ဂါဇာခေါင်းဆောင် မိုဟာမက် ဆင်ဝါဆိုတာ ဘယ်သူလဲ

  • ရေးသားသူ, ယာယာ ဟန်နာကိ
  • ရာထူးတာဝန်, ဘီဘီစီ အာရေးဗျ
  • ရေးသားပေးပို့သည့်နေရာ ဂျော်ဒန်

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်အဖွဲ့ရဲ့ ဂါဇာက အကြီးအကဲ မိုဟာမက် ဆင်ဝါကို သတ်ခဲ့တယ်လို့ မေလ ၂၈ ရက်မှာပြောပါတယ်။ မိုဟာမက် ဆင်ဝါဟာ သွားလေသူ ဟားမတ်စ်အဖွဲ့ခေါင်းဆောင် ယာယာ ဆင်ဝါရဲ့ညီငယ်ဖြစ်ပါတယ်။

ဟားမတ်စ်ကတော့ ဆင်ဝါရဲ့သေဆုံးမှုကို အတည်ပြုတာ ငြင်းဆိုတာမျိုးမရှိသေးပါဘူး။

မိုဟာမက် ဆင်ဝါ ဘယ်သူလဲ

မိုဟာမက် ဆင်ဝါဟာ ဂါဇာ -အစ္စရေးစစ်ပွဲ စတင်စေခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို အဓိက ကြိုးကိုင်ခဲ့ပြီး ကွယ်လွန်သူ ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါ အလွန်မှာ ဂါဇာမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေထဲက တစ်ဦးလို့ ရှုမြင်ခံထားရသူဖြစ်ပါတယ်။

အစ္စရေးဟာ ယာယာအပြင် ဟားမတ်စ်အဖွဲ့ရဲ့ စစ်ဘက်အဖွဲ့ဖြစ်တဲ့ အစ်ဇမ်ဒီး အယ်လ် ကာဆမ် တပ်မဟာက တပ်မှူး ဟာမက် ဒိဖ်ကိုလည်း လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ လည်းဆိုပါတယ်။

ဂါဇာ စစ်ပွဲ ၁၉ လကျော်ထဲ ဝင်လာချိန်၊ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့ကြား ဓားစာခံဖမ်းထားသူတွေ၊ အကျဉ်းသားတွေနဲ့ ထိန်းသိမ်းထားသူတွေကို အပြန်အလှန်လဲလှယ်ဖို့ စေ့စပ်ညှိနှိုင်းတာတွေ ဆက်ရှိနေချိန်မှာ အခုအခြေအနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

သူဟာ အရင်တုန်း လုံခြုံရေးပိုင်းမှာ ခေါင်းဆောင်ပိုင်း တာဝန်ယူခဲ့သူဖြစ်ပြီး အကိုဖြစ်သူ ယာယာနဲ့လည်း ရင်းနှီးသူဖြစ်တာကြောင့် ဟားမတ်စ်အဖွဲ့ ခေါင်းဆောင်ဖြစ်လာမယ့်သူလို့ ထင်ကြေးပေးခံရသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးဟာ သူ့ကို ၅ ကြိမ်ထက်မနည်း ပစ်မှတ်ထားဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကြိုးပမ်းချက်တွေအားလုံးဟာ မအောင်မြင်ခဲ့ပုံရပါတယ်။ သူ့နာမည်ဟာ အစ္စရေးစစ်သား ဂျီလတ် ရှာလစ် ပြန်ပေးဆွဲခံရမှုနဲ့လည်း ဆက်နွှယ်နေသလို လက်ရှိ ဂါဇာစစ်ပွဲမှာ စစ်ဘက်ဆိုင်ရာတာဝန်တွေ ရယူထားမှုနဲ့လည်း ဆက်နွှယ်ပါတယ်။

မိုဟာမက် ဆင်ဝါနဲ့ပတ်သက်ပြီး အာရပ်နဲ့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေဘက်ကတော့ သတင်းအစအန နည်းနည်းပဲ ထွက်ပါတယ်။ ဒါဟာ သူ့ရဲ့ စစ်ဘက်ဆိုင်ရာ တာဝန်နဲ့ လူမသိ သူမသိဘဲနေလိုတဲ့အခြေကြောင့်လို့ နားလည်ရတဲ့အကြောင်း ပါလက်စတိုင်းသတင်းထောက် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သူ့အကြောင့် သိရသမျှကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

ယာယာဆင်ဝါရဲ့ ညီ

မိုဟာမက် ဆင်ဝါကို ၁၉၇၅ ခုနှစ်မှာ ခန်ယွန်းနစ်မြို့မှာ မွေးဖွားပါတယ်။ အဲဒီအချိန်တုန်းက သူ့ အကိုဖြစ်သူ ယာယာဟာ အသက် ၁၃ နှစ်ရောက်ပါပြီ။ သူတို့မိသားစုဟာ ၁၉၄၈ မှာ အက်ရှ်ကလွန်က ရွာတစ်ရွာကနေ ရွေ့ပြောင်းပြီး ဂါဇာတောင်ပိုင်းမှာ အခြေချခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာ မိုဟာမက် ဆင်ဝါဟာ အစ္စရေးမှာ ၉ လကြာအောင် အကျဉ်းချခံရပါတယ်။ ''အကြမ်းဖက်မှုလုပ်ဆောင်တယ်ဆိုတဲ့သံသယနဲ့'' ခတ်ဇီယော့ အကျဉ်းထောင်မှာ အကျဉ်းချခံရတာပါ။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ စတင််လာတဲ့ ဟားမတ်စ်အဖွဲ့က အစ္စရေးအပေါ် တိုက်ခိုက်မှု မြင့်တက်လာတာနဲ့အမျှ မိုဟာမက်ရဲ့ယုံကြည်ချက်နဲ့ ရပ်တည်ချက်ဟာလည်း ရင့်သန်လာတယ်လို့ ဂျေရုစလင်ပို့စ် သတင်းစာက ရေးပါတယ်။ ယာယာရဲ့ ညီဖြစ်တာကြောင့် မိုဟာမက်ရဲ့ ဂုဏ်သတင်းဟာ ယာယာတစ်ယောက် အစ္စရေးအကျဉ်းထောင်ထဲရှိနေချိန်မှာ ပိုပြီး ထင်ပေါ်တယ်လို့ဆိုပါတယ်။

သူဟာ နောက်ပိုင်းမှာ ဟားမတ်စ်အဖွဲ့ထဲ ခေါင်းဆောင်ပိုင်းရောက််လာကြတဲ့ အဲဒီတုန်းက မြေပြင်တပ်မှူးတွေနဲ့ ဆက်ဆံရေးနီးကပ်အောင် တည်ဆောက်ခဲ့ပြီး အတူ လက်တွဲ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဟားမတ်စ်အဖွဲ့ရဲ့ စစ်ရေးစွမ်ဆောင်ရည်တိုးတက်အပိုင်းမှာ တာဝန်ယူခဲ့ကြတဲ့ မိုဟာမက် ဒိဖ်နဲ့ ဆက်ဒ် အယ်လ် အာရာဘစ်အပါအဝင် တခြား လူပုဂ္ဂိုလ်တွေ ပါဝင်တယ်လို့လည်း ဂျေရုစလင်ပို့စ်က ရေးပါတယ်။

အစ္စရေးအရာရှိတွေကတော့ ၂၀၀၆ ခုနှစ်တုန်းက အစ္စရေးစစ်သား ဂျီလတ် ရှာလစ်ကို ပြန်ပေးဆွဲခဲ့ကြသူတွေထဲ မိုဟာမက် ဆင်ဝါလည်း ပါဝင်တယ်လို့ ပြောပါတယ်။ အဲဒီပြန်ပေးမှုကြောင့် အလဲအလှယ်အနေနဲ့ သူ့အကို ဖြစ်သူ ယာယာဆင်ဝါ အပါအဝင် ပါလက်စတိုင်းအကျဉ်းသား ၁၀၂၇ ဦးကို ပြန်လွှတ်ပေးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံရမှုကနေ ရှောင်ရှားဖို့ မိုဟာမက် ဆင်ဝါ တစ်ယောက် ပုန်းလျှိုးကွယ်လျှိုးနေထိုင်နေတာ ဆယ်စုနှစ်ချီ ကြာမြင့်နေပြီဖြစ်ပါတယ်။

နောက်ကွယ်ကလူ

ကန့်လန့်ကာနောက်ကွယ်ကနေ ဟားမတ်စ်အတွက် အကြာကြီး အလုပ်လုပ်ခဲ့သူဖြစ်တာကြောင့် 'နောက်ကွယ်ကလူ'  ဆိုတဲ့ နာမည်ပြောင်တောင်ရခဲ့သူပါ။ အဖွဲ့လည်ပတ်မှုအပိုင်းမှာ အတွေ့အကြုံ ရင့်သန်လာပြီးတဲ့နောက်မှာတော့ ဟားမတ်စ်အဖွဲ့ရဲ့ စစ်ဘက်ဗျူဟာအပိုင်းမှာ အခရာကျတဲ့နေရာယူခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ အစ္စရေး စစ်တပ်က သူ့ရဲ့ ဗီဒီယိုကို မထုတ်သေးသရွေ့ မိုဟာမက်ဆင်ဝါ ဘယ်သူလဲဆိုတာ သိသူရှားခဲ့ပါတယ်။ အဲဒီ ဗီဒီယိုထဲမှာတော့ မိုဟာမက်ဟာ ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်အဖွဲ့ တူးထားတဲ့ လိုဏ်ခေါင်းတစ်ခုထဲ ကားတစ်စီးနဲ့ ဖြတ်သွားနေတာကို တွေ့ရပါတယ်။

ယာယာထက် လက်ယဉ်သူ

မိုဟာမက် ဆင်ဝါဟာ သူ့အကိုဖြစ်သူ ယာယာထက် ပိုပြီး လက်ယဉ်တဲ့သူလို့ဆိုပြီး အစ္စရေးစစ်ဘက် သတင်းရင်းမြစ်တွေကို ကိုးကားလို့ ဂျေရုစလင်ပို့စ်က သတင်းဖော်ပြပါတယ်။

''  ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ဟားမတ်စ်အဖွဲ့ရဲ့ စစ်ရေးတည်ဆောက်မှု ကြီးကြီးမားမားအခင်းအကျင်းတွေထဲမှာ မိုဟာမက် ဆင်ဝါ ပါဝင်ခဲ့တာချည်းပဲ။ အဆင့်မြင့်ရာထူးဖြစ်တဲ့ ခန်ယွန်းနစ်မြို့ တပ်မှူးအနေနဲ့ တာဝန်ထမ်းခဲ့တယ်။ သူ့နောက် ဆက်ခံကြတဲ့ တပ်မှူးတွေတောင် သူ့ သြဇာ မကင်းကြပါဘူး''

''မြေပြင်မှာ သူက မိုဟာမက် ဒိဖ်ရဲ့ကိုယ်စားလှယ်လို့ နားလည်ရတယ်။ တိုက်ခိုက်ရေးသမားတွေ၊ တပ်မဟာတွေနဲ့ တပ်မှူးတွေနဲ့ စကားပြောတဲ့သူဖြစ်တော့ သူ့ သြဇာက တိုးလာတယ်လေ''

ဓားစာခံနဲ့ အကျဉ်းသား ညှိနှိုင်းမှုတွေ

အာရပ်နဲ့ အစ္စရေး မီဒီယာတွေမှာတော့ ဂါ‌ဇာမှာ အပစ်ရပ်ရေး ရရှိဖို့ ရည်ရွယ်တဲ့ မကြာသေးခင်တုန်းက ဆွေးနွေးပွဲတွေဟာ ''တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တာမျိုးမရှိခဲ့'' လို့ သတင်းဖော်ပြပါတယ်။ ဒါပေမဲ့ ဒီညှိနှိုင်းမှုတွေကို ဝင်ပါတဲ့ မိုဟာမက် ဆက်ဝါဟာ သွားလေသူ သူ့အစ်ကို ယာယာ ဆင်ဝါထက် ရပ်တည်ချက် ပိုမာတယ်ဆိုတာကို ပြသခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

အစ္စရေး ဓားစာခံတွေနဲ့ ပါလက်စတိုင်းအကျဉ်းသားတွေကို ပြန်လွှတ်ရေးအတွက် ညှိနှိုင်းမှုတွေမှာ မိုဟာမက်လည်း ပါဝင်ခဲ့ပြီးဂါဇာမှာ လိုဏ်တွေ တူတဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ကို ပြန်လည်တည်ဆောက်ခြင်း

ဝေါစထရိ သတင်စာကတော့ မိုဟာမက်ဟာ '' ဂါဇာကမ်းမြောင်မှာ တိုက်ခိုက်ရေးသမားအသစ်တွေကို လူသူစုဆောင်းပြီး အစ္စရေးကို တဖြည်းဖြည်းအင်အားလျော့လာအောင်လုပ်တဲ့ စစ်ပွဲကို တွန်းပို့နေတယ်''  လို့ ရေးပါတယ်။

'' ပြီးခဲ့တဲ့ဆောင်းတွင်းတုန်းက ယာယ ဆင်ဝါ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ဟားမတ်စ်အတွက် ထိုးနှက်ချက်ကြီးတစ်ခုဖြစ်ခဲ့ပေမဲ့ ဂါဇာကမ်းမြောင်မှာ တိုက်ခိုက်ရေးမျိုးဆက်သစ် တစ်ခု ထွက်ပေါ်လာစေသလို ဂါဇာတလွှားမှာ မပေါက်ကွဲသေးတဲ့ဗုံးတွေ ပြည့်နေတာ၊ နောက်ပြီး ကမ်းမြောင်မှာ ဆက်ဖြစ်နေတဲ့တိုက်ပွဲတွေမှာ အဲဒီဗုံးတွေဟာ ပြန်သုံးစရာဖြစ်လာတဲ့ လှုပ်ရှားမှု အသွင်ဆောင်လာတယ်'' လို့လည်း ရေးပါတယ်။

သတင်းစာကတော့ အငြိမ်းစား ဗိုလ်မှူးချုပ် အမီယာ အဖီဖီရဲ့ အပြောကို ကိုးကားပြီး '' မိုဟာမက်ဆင်ဝါ လက်ထက်မှာ လူသစ်စုဆောင်းတဲ့လှုပ်ရှားမှုနဲ့ လက်ရှိဆက်ဖြစ်နေတဲ့တိုက်ခိုက်မှုဟာ အစ္စရေးအတွက် စိန်ခေါ်မှုအသစ်'' ဖြစ်ပြီး ''ဟားမတ်စ်အဖွဲ့ရဲ့ တပ်ကို ပြန်လည်တည်ဆောက်ရေး လုပ်နိုင်တဲ့နှုန်းဟာ အစ္စရေးစစ်တပ်က လုပ်တဲ့ နှိမ်နင်းရေးနှုန်းထက် ပိုပြီးမြန်ဆန်နေတယ်'' လို့လည်း ပြောပါတယ်။

အဖီဖီကတော့ မိုဟာမက် ဆက်ဝါဟာ ''အားလုံးကိုစီမံပြီး'' ဟားမတ်စ်အဖွဲ့ရဲ့သွေးသစ်လောင်း အားထုတ်မှုတွေမှာ အခရာကျတဲ့သူလို့လည်း ပြောပါတယ်။ ဒါအပြင် ယာယာဆင်ဝါ လုပ်ကြံခံရပြီးတဲ့နောက်မှာ ပြည်ပရောက် ဟားမတ်စ်အဖွဲ့အရာရှိတွေဟာ ''ခေါင်းဆောင်အသစ်တစ်ဦးကို ရွေးချယ်တာထက် စုပေါင်းခေါင်းဆောင်မှုကောင်စီတစ်ရပ်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ ဂါဇာမှာရှိတဲ့ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေကတော့ ဒါကို မလိုက်နာဘဲ မိုဟာမက် ဆင်ဝါ ရဲ့ ခေါင်းဆောင်မှုအောက်မှာ သီးခြားလှုပ်ရှားနေကြတယ်''   လို့လည်း သူက ပြောပါတယ်။