တရုတ်သူလျှို လုပ်မှု၊ လူကုန်ကူးမှုနဲ့ စွပ်စွဲခံရတဲ့ဖိလစ်ပိုင် မြို့တော်ဝန်


မြို့တော်ဝန်အဖြစ် ဝင်ရောက်ရွေးချယ်ဖို့ ပြင်ဆင်ချိန်မှာ အနီရောင် ဝတ်စုံနဲ့ မြင်ရတဲ့ အဲလစ် ဂွာရဲ့ ပိုစတာဓာတ်ပုံနဲ့ ထိန်းသိမ်းခံရပြီးနောက်မှာ နှာခေါင်းစည်း မျက်နှာဖုံးစွပ်ပြီး မေးခွန်းတွေ မေးမြန်းတာကို ဖြေကြားနေတဲ့ အဲလစ် ဂွာ ဓာတ်ပုံကို ပေါင်းထားတာဖြစ်ပါတယ်။
  • ရေးသားသူ, တိုနီဟန်
  • ရာထူးတာဝန်, ဘီဘီစီ Global China ယူနစ်
  • ရေးသားပေးပို့သည့်နေရာ ဘမ်ဘန်းနဲ့ မနီလာ၊ ဖိလစ်ပိုင်

၂၀၂၂ ခုနှစ်အစောပိုင်းတုန်းက ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော် မနီလာမြောက်ပိုင်းက ဘမ်ဘန်း ဆိုတဲ့မြို့ငယ် လေးမှာ နေထိုင်သူတွေဟာ မြို့တော်ဝန်အဖြစ် ဝင်အရွေးခံတဲ့ အဲလစ် လီယယ် ဂွာဆိုတဲ့ အမျိုးသမီးငယ်ရဲ့ မဲဆွယ်ပွဲမှာ စုဝေးတက်ရောက်ခဲ့ကြပါတယ်။

ထောက်ခံသူတွေဟာ သူတို့ မြို့တော်ဝန်လောင်းရဲ့အကြိုက်ဆုံးအရောင် ပန်းရောင်အဝတ်အစားတွေ ဝတ်ဆင်ပြီး မြို့တော်ဝန်လောင်း အလာလမ်းကို မျှော်ကြပါတယ်။

အဲဒီနောက် ရဟတ်ယာဥ် ဒလက်လည်သံ သဲ့သဲ့ကြားရပါတယ်။ အဲဒီမှာ လူအုပ်ကလည်း သြဘာပေးသံ ထွက်လာပါတယ်။ ရဟတ်ယာဥ် ခေါင်းခန်းမှာ ထိုင်ပြီး ပန်းရောင် စကတ် ဝတ်၊ ယာဥ်မှူး နားကြပ်တပ်ထားတဲ့ ဂွာဟာ တစ်ချက်ပြုံးလိုက်ပါတယ်။ အောက်မှာမြင်ရတဲ့သူ့ကို ထောက်ခံသူတွေကိုလည်း လက်ဝှေ့ပြ လိုက်ပါတယ်။

ရဟတ်ယာဥ် မြေပြင်ကို ထိတဲ့အခါ လူအုပ်ထဲကနေ ''အဲလစ် ဂွာ၊ အဲလစ် ဂွာ'' ဆိုတဲ့ ကြွေးကြော် သံတွေ ညံလာပါတယ်။

အသက် ၃၁ နှစ်မှာတင် ဂွာဟာ ထွန်းသစ်စ နိုင်ငံရေးကြယ်တစ်ပွင့် ဖြစ်နေပါပြီ။ စီးပွားရေးတိုးတက်အောင်လုပ်မယ်၊ အမတော်ကြေး ရက်ရက်ရောရော ထုတ်ပေးမယ်စတဲ့ သူ့ရဲ့ ကတိတွေကြောင့်ပဲ သူဟာ ဒီမြို့ငယ်လေးမှာ ပထမဆုံးအမျိုးသမီး မြို့တော်ဝန်ဖြစ်လာပါတယ်။

ဒါပေမဲ့ ဂွာဟာ နောက် သုံးနှစ်ကြာတဲ့အခါမှာ သံတိုင်တွေ နောက်ကွယ်ရောက်ပြီး တရုတ်အတွက် သူလျှိုလုပ်မှု၊ လူကုန်ကူးမှု စွပ်စွဲချက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ သူ့ကို အားပေးခဲ့ကြတဲ့ဒီလူအုပ်ထဲက လူနည်းနည်းတောင် ထင်မိကြမှာမဟုတ်ပါဘူး။

သူ့ ရုံးခန်းအနောက်မှာတင် လည်ပတ်နေတဲ့ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း)ကြီးရှိရာ ဝင်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်စီးနင်းရာကနေ သူ့ရဲ့ နိုင်ငံရေး နေဝင်ချိန် စတင်ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ဒီထက်ပိုပြီး အတွင်းကျကျ ရှာကြ ဖွေကြတဲ့အခါမှာတော့ သူ့ အတိတ်အကြောင်းနဲ့ဆက်စပ်ပြီး အခြေခံကျကျ မေးခွန်းတွေ ထွက်လာပါတယ်။ အဲဒီထဲက တစ်ခုကတော့ ''အဲလစ် ဂွာ ဆိုတာ ဘယ်သူလဲ'' ဆိုတာပါ။

လူထုအသည်းကျော် မြို့တော်ဝန်လား

ဝက်မွေးတဲ့လုပ်ငန်းကနေ နိုင်ငံရေးလောကထဲကို ဝင်လာတယ်လို့ ဂွာက ပြောပါတယ်။ မိသားစုရဲ့ ဝက်မွေးမြူရေးလုပ်ငန်းမှာ သူ နှစ်အကြာကြီး လုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း စီးပွားရေးကနေ နိုင်ငံရေးလောကထဲ ဝင်လာတဲ့အပြောင်းအလဲလုပ်ဖို့ အိတ်ဖောင်းနေဖို့ လိုအပ်ပါတယ်။

နောက်ပိုင်းမှာ သူ့ရဲ့မဲဆွယ် စရိတ်စကတွေကို ဘယ်သူတွေ စိုက်ထုတ်ကုန်ကျခံလဲဆိုတာ မေးကြည့်တော့ သူ့ရဲ့ မြို့တော်ဝန်ခရီးလမ်းအတွက် ငွေလမ်းခင်းပေးခဲ့သူတွေဟာ ဝက်မွေးမြူရေးလုပ်ငန်းထဲက အသိမိတ်ဆွေ သူငယ်ချင်းတွေဖြစ်တယ်လို့ ဂွာက ပြောပါတယ်။

ဂွာရဲ့ ရွေးကောက်ပွဲ မဲဆွယ်လက်ကမ်းစာစောင်နဲ့ ဘမ်ဘန်း မြို့တော်ခန်းမအဆောက်အဦ ဓာတ်ပုံတို့ကို ပေါင်းစပ်ထားတဲ့ဓာတ်ပုံ
ဓာတ်ပုံ ပုံစာ, မြို့တော်ခန်းမကို ရောက်တာ မကြာခင်မှာပဲ လိမ်လည်မှုလုပ်ငန်းတစ်ခုမှာပါဝင်ပတ်သက်တယ်ဆိုတဲ့စွပ်စွဲချက်ကြောင့် ထွန်းသစ်စကြယ်တစ်ပွင့် ဂွာရဲ့အလင်းရောင် မှေးမှိန်ခဲ့ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ ဂွာဟာ တရုတ်လူချမ်းသာ စီးပွားရေးသမားအချို့နဲ့လည်း အချိတ်အဆက်ရှိခဲ့ပါတယ်။ သူတို့ အကြောင်း နည်းနည်းပဲ သိရပေမဲ့ တချို့ဟာ ငွေကြေးခဝါချနဲ့ ပြစ်ဒဏ်ချမှတ်ခံရသလို နောက်ပိုင်းမှာ ဂွာနဲ့အတူ လူကုန်ကူးမှု စွပ်စွဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။

သူ့ရဲ့ မဲဆွယ်မှုတွေဟာ သူ့ ဘဝလူနေမှုပုံစံအတိုင်း အပူအပင်မရှိစေရေးကို ဦးစားပေးပါတယ်။ ''ကျွန်မတို့အတွက် စည်းဘောင် သတ်မှတ်ချက် ၁ က ဘယ်သူ့ဘယ်သူမှ ထိခိုက်မှု မရှိရေး ဖြစ်ပါတယ်။ ဘယ်သူမှလည်း မကျူးလွန်စေရဘူး။ ချစ်ခြင်းမေတ္တာတွေပဲ ပြန့်ပွားအောင်လုပ်သင့်ပါတယ်'' လို့ လူထုတွေ့ဆုံပွဲ စင်မြင့်တစ်ခုထက်မှာ ပြောပါတယ်။

ဂွာရဲ့ မျက်စိအောက်မှာပဲ ဖိလစ်ပိုင်အာဏာပိုင်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ နစ်နာစေမှုစွပ်စွဲချက်တွေလည်း ရှိနေပြန်တာကြောင့် ဒီလိုဖန်တရာတေနေတဲ့ လူကြိုက်များ စကားစုနဲ့ သဟဇာတ မဖြစ် ဖြစ်နေပြန်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လမှာ မြို့တော်ဝန်ရာထူး ယူပြီးတဲ့နောက်မှာတော့ သူဟာ ငယ်ရွယ် စူးရှတဲ့အင်အားသစ်ကို ဘမ်ဘန်း မြို့တော်ခန်းမဆီကို ဆောင်ကျဥ်းလာပါတယ်။ မြို့တော်ခန်းမကို ပန်းရောင်ဆေးသုတ်၊ အဆောက်အဦအပြင်မှာလည်း ပန်းတွေ ဝေလို့ပါ။

ဂွာတစ်ယောက်မြို့တော်ဝန် တာဝန်ထမ်းဆောင်ချိန်မှာ မြင်တွေ့ရတဲ့ ဘမ်ဘန်းမြို့တော် ခန်းမ

ဓာတ်ပုံ ရင်းမြစ်, Rappler/Joann Manabat

ဓာတ်ပုံ ပုံစာ, ဂွာတစ်ယောက်မြို့တော်ဝန် တာဝန်ထမ်းဆောင်ချိန်မှာ မြင်တွေ့ရတဲ့ ဘမ်ဘန်းမြို့တော် ခန်းမ

''အဲလစ်က ချစ်ဖို့ ကောင်းတယ်။ သူက ကြင်နာတတ်တယ်။ တခြားအမျိုးသမီးတွေကိုလည်း ကူညီတယ်'' လို့ မြို့ထဲမှာ ဟင်းရွက်ဆိုင်ဖွင့်ထားတဲ့ အသက် ၃၁ နှစ်အရွယ် ပရစ်စီလာ မေ အဘန်က ပြောပါတယ်။

အမျိုးသမီးတစ်ဦးဖြစ်နေတာကြောင့်ပဲ ဂွာကို သူ မဲပေးခဲ့တာဖြစ်သလို မြို့တော်ဝန်ဖြစ်လာတဲ့အခါမှာ မြို့ထဲက အမျိုးသမီးတွေအတွက် သန့်ရှင်းရေးပိုင်းအလုပ်အကိုင်တွေ ဖန်တီးပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဘမ်ဘန်းမြို့က ဒေသခံအများစုနဲ့ ဘီဘီစီက စကားပြောကြည့်တဲ့အခါ ဂွာကို စာနာ နားလည်တတ်တဲ့သူ အဖြစ်အများက မှတ်ယူထားကြတာကို တွေ့ရပါတယ်။

အဲလစ်ရဲ့ နိုင်ငံရေးမဟာမိတ်တွေထဲက တစ်ဦးဖြစ်သူရဲ့ သမီး မီယာ မဲ့ကျားကဆိုရင် ဂွာဟာ ဒေသခံ အိမ်ထောင်စုတိုင်းကို အခမဲ့ပညာသင်ဆု တစ်ဆုစီ ပေးခဲ့တယ်လို့ ပြောပါတယ်။ ဘီဘီစီက အင်တာဗျူးခဲ့တဲ့သူတစ်ဦးဆိုရင် သူဟာ ကောလိပ်က ပေးတဲ့ပညာသင်ဆု မရခဲ့ပေမဲ့ ကျောင်းလခအတွက် အမတော်ကြေးငွေ ချီးမြှင့်ခံရတယ်လို့ဆိုပါတယ်။

အသက် ၇၅ နှစ်အရွယ် ဖရန်စစ္စကို ဖလောရက်စ်ကတော့ ''သူက ဘမ်ဘန်းက ဆင်းရဲတဲ့သူအများစုကို ကူညီခဲ့တယ်။ ဆေးဝါးလည်း ထောက်ပံ့တယ်။ လူတွေနဲ့ သူ ဆက်ဆံပုံကြည့်ရင် ဘာပြဿနာမှ မရှိဘူး''

ဂွာရဲ့ မြို့တော်ဝန်သက်တမ်းအတွင်းမှာ ဘမ်ဘန်းမြို့ကို မက်ဒေါ်နယ်ကြက်ကြော်ဆိုင် ဖွင့်လာတာ၊ ဖိလစ်ပိုင်က အမြန်စာ စားသောက်ဆိုင်လုပ်ငန်းစု ဂျိုလီဘီးရဲ့ ဆိုင်ခွဲတစ်ဆိုင် လာဖွင့်တာကိုတောင် တခုတ်တရနဲ့ သူပြောခဲ့ပါတယ်။

မီယာ(ဘယ်ဘက်)နဲ့ ဖရန်စ္စကို(ညာဘက်)တို့ကို ဂွာရဲ့ မြို့တော်ဝန် မဲဆွယ်ပိုစတာနဲ့အတူ တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC/Tony Han

ဓာတ်ပုံ ပုံစာ, မီယာ(ဘယ်ဘက်)နဲ့ ဖရန်စ္စကို(ညာဘက်)တို့ကို ဂွာရဲ့ မြို့တော်ဝန် မဲဆွယ်ပိုစတာနဲ့အတူ တွေ့ရတာဖြစ်ပါတယ်

အွန်လိုင်းမှာတော့ ဂွာကိုထောက်ခံတဲ့ လူမှုကွန်ရက်အကောင့်တွေဟာ သူ့ကို ပန်းရောင်လွှမ်းတဲ့ စီတန်းလှည့်လည်ပွဲတွေ၊ ကျွဲပြိုင်ပွဲတွေ၊ ဂီတပွဲတွေကို ဦးဆောင်တဲ့ လူငယ် မြို့တော်ဝန်၊ တိုးတက်မှုပြယုဂ်ခေါင်းဆောင်အဖြစ် ပုံဖော်ကြပါတယ်။

ဒါပေမဲ့ ဂရုတစိုက်နဲ့ ရုပ်လုံးဖော်ခဲ့တဲ့ ဂွာရဲ့ မြို့တော်ဝန် ပုံရိပ်ဟာ တာဝန်ယူပြီး တစ်နှစ်ခွဲအကြာမှာပဲ ယိုယွင်းလာပါတယ်။

ဘမ်ဘန်းမြို့ရဲ့ ကန့်လန့်ကာ နောက်ကွယ်

ဘမ်ဘန်းမြို့ထဲမှာ ခြံဝင်း ကာပြီး လုပ်ကိုင်နေတဲ့ ဇွန်းယွမ် နည်းပညာလုပ်ငန်းစု ကုမ္ပဏီ ရဲ့ဖမ်းဆီးမှုကနေ လွတ်မြောက်လာသူ ဗီယက်နမ်နိုင်ငံသား တစ်ဦးအကြောင်း အစီရင်ခံစာတစ်ခုကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ရရှိခဲ့ပါတယ်။

မတ်လ ၁၂ ရက် ညနေပိုင်းမှာတော့ ရဲအရာရှိတွေနဲ့ စစ်သားတွေဟာ အဲဒီနေရာကို စီးနင်းဖို့ အနီးနားမှာပဲ စုဝေးခဲ့ကြပါတယ်။ အဲဒီနေရာဟာ မြို့တော်ခန်းမမှာရှိတဲ့ ဂွာရဲ့ ရုံးခန်းကနေ မနီးမဝေး တစ်မိနစ် လမ်းလျှောက်ရုံနဲ့ ရောက်တဲ့နေရာပါ။

အဲဒီမှာရှိခဲ့တဲ့ အုပ်စုဖွဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာသမ္မတကော်မရှင်(PAOCC)က အရာရှိ မာဗင် ဒလာပတ်ဇ်ကတော့ လူတွေဟာ အဲဒီခြံဝင်း ထဲကနေ ဘတ်စ်ကားတွေနဲ့ ညသန်းခေါင်မှာ ထွက်သွားကြပြီလို့ဆိုပြီး ရဲသတင်းပေးတွေက ပြောခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဝင်ရောက်စီးနင်းမယ်ဆိုတဲ့သတင်း ပေါက်ကြားခဲ့တယ်လို့ သံသယဝင်တာကြောင့် မစ္စတာ ဒလာပတ်ဇ်နဲ့ သူ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အဲဒီဝင်းထဲကို အပြေးသွားခဲ့ကြပါတယ်။ လမ်းမှာပဲ လူတွေဟာ သူတို့လာရာရဲ့ ဆန့်ကျင်ဘက်ကို ပြေးလွှားနေကြတယ်ဆိုတာ တွေ့ခဲ့ပါတယ်။ စီးနင်းရှာဖွေမှု ယာဥ်တန်းမှာ ပါဝင်တဲ့ အရာရှိတစ်ချို့ဟာ ကားပေါ်ကနေ ဆင်းပြီး အဲဒီလူတွေနောက်လိုက် ဖမ်းဆီးရပါတယ်။

ခြံဝင်းထဲကို သူတို့ရောက်တဲ့အခါမှာတော့ ဖိလစ်ပိုင်မှာ တွေ့ဖူးသမျှ အကြီးမားဆုံး အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) စုရပ်ကြီးဖြစ်နေတယ်ဆိုတာကို သူတို့တွေ့ခဲ့ရပါတယ်။ ဧက ၂၀ လောက်ကျယ်တဲ့ အဲဒီခြံဝင်းထဲမှာ အဆောက်အဦ ၃၆ လုံးအထိ ရှိနေပါတယ်။

''ကျွန်တော်တို့ အတော်လေး အံ့သြခဲ့ကြတယ်'' လို့ မစ္စတာ ဒလာပတ်ဇ်က ပြောပါတယ်။ ''(ကျားဖြန့်ဝင်းအတွင်းကို ပေါက်တဲ့) ခမ်းခမ်းနားနား မုခ်ဦးတစ်ခုကို ပထမဆုံးမြင်လိုက်ရတာပါပဲ။ ... အဲဒီဝင်းထဲ ရောက်တဲ့အခါ လူက သေးသေးလေးလို ဖြစ်သွားတယ်လို့ ခံစားရတဲ့အထိ ဝင်းကြီးက ကျယ်တယ်''

နောက်ပိုင်းမှာတော့ အဲဒီခြံဝင်းဟာ အရင်က ဂွာ ပိုင်တာဖြစ်ပြီး နောက်ပိုင်းမှာ အငှားချခဲ့တဲ့မြေပေါ် ဆောက်ထားတယ်ဆိုတာ ထွက်ပေါ်လာပါတယ်။ မြို့တော်ဝန်တစ်ဦးကနေနဲ့ ဂွာဟာ ဇွန်းယွမ်ကုမ္ပဏီကို လုပ်ငန်းလုပ်ကိုင်ခွင့် ချပေးခဲ့ပါတယ်။ အဲဒီဝင်းထဲမှာ မြင်ရတဲ့ လျှပ်စစ်မီတာ စာရွက်မှာ ဂွာရဲ့နာမည်ကို တွေ့ခဲ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဲလစ် ဂွာရဲ့ရှေ့နေတွေဆီ ဘီဘီစီက မှတ်ချက်တောင်းခဲ့ပေမဲ့ ပြန်လည် တုံ့ပြန်တာ မရှိခဲ့ပါဘူး။

အဲဒီခြံဝင်းထဲမှာ အကြီးဆုံးအဆောက်အဦဆိုရင်  အရက်ရောင်းတဲ့စတိုးဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ နိုက်ကလပ်တွေပါပါဝင်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC/Tony Han

ဓာတ်ပုံ ပုံစာ, အဲဒီခြံဝင်းထဲမှာ အကြီးဆုံးအဆောက်အဦဆိုရင် အရက်ရောင်းတဲ့စတိုးဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ နိုက်ကလပ်တွေပါ ပါဝင်ပါတယ်

ဇွန်းယွမ်ဟာ ဖိလစ်ပိုင်နိုင်ငံပြင်ပကို အွန်လိုင်းဂိမ်းဝန်ဆောင်မှုပေးတဲ့လုပ်ငန်း(Pogo) လိုင်စင်ရ အွန်လိုင်းလောင်းကစားနဲ့ ဖျော်ဖြေရေးကုမ္ပဏီဖြစ်ပါတယ်။

ဒီလိုင်စင်ဟာ အရင်က ဖိလစ်ပိုင်မှာ တရားဝင်လည်ပတ်ခွင့်ပြုတဲ့လုပ်ငန်းမျိုးပါ။ သမ္မတ ဒူတာတေး လက်ထက် ၂၀၁၇ ခုနှစ်တုန်းက လောင်းကစားလုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ ဖြေလျော့ခဲ့တာကြောင့် Pogo နဲ့ ဆက်နွှယ်တဲ့လုပ်ငန်းတွေလည်း မြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ လိမ်လည်ဂိုဏ်းတွေဟာ သူတို့ရဲ့ ရာဇဝတ်မှုဆိုင်ရာလုပ်ငန်းတွေမှာ Pogo လိုင်စင်က အလုပ်ဖြစ်တယ်ဆိုတာကို တွေ့ခဲ့ပါတယ်။

အုပ်စုဖွဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာသမ္မတကော်မရှင် (PAOCC) ကတော့ ဇွန်းယွမ်ဟာ အွန်လိုင်းမှာ ယုံကြည်မှုတည်ဆောက်ပြီး ဒစ်ဂျစ်တယ်ငွေကြေးမှာ ရင်းနှီးမြှုပ်နှံမှုလုပ်အောင် အချိန်ယူလိမ်လည်မှု (pig-butchering)တွေကို အဲဒီခြံဝင်းထဲက မှာရှိတဲ့ရုံးခန်းကနေ စီမံနေတာလို့ ပြောပါတယ်။

ဒီလိမ်လည်မှု (pig-butchering)မှာ လိမ်တဲ့သူတွေဟာ သူတို့လိမ်မယ့်သူနဲ့ ချစ်သူအဖြစ်၊ ဒါမှမဟုတ် စီးပွားဖက်မိတ်ဖက်အဖြစ် ယုံကြည်မှုတည်ဆောက်ပြီး အဲဒီလူတွေကို တကယ်မရှိတဲ့လုပ်ငန်းတွေမှာ ပိုက်ဆံတွေရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်လိမ်လည်တာဖြစ်ပါတယ်။

PAOCC အရာရှိတွေက အဲဒီခြံဝင်းကို အခုလအစောပိုင်းမှာ လိုက်ပြချိန်တုန်းကလည်း အလုပ်သမားမရှိတောတဲ့အဆောင်မှာ လိမ်လည်ပစ်မှတ်တွေကို ဘယ်လိုလိမ်ရမယ်လို့ ညွှန်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက် စာရွက်တွေကို ဘီဘီစီက မြင်တွေ့ခဲ့ရပါတယ်။

''ကိုယ့်ရဲ့စီးပွားရေးအင်ပါယာတစ်ခုကို ထူထောင်ချင်တာ'' လို့ ဆိုတဲ့စကားက လိမ်လည်ဇာတ်ညွှန်းတစ်ခုက ဇာတ်ကောင်တစ်ကောင်ပြောတဲ့စကားပါ။ အဲဒီဇာတ်ကောင်ဟာ နိုင်ငံတကာဘဏ်တစ်ခုမှာ ဒစ်ဂျစ်တယ် ငွေကြေးကျွမ်းကျင်သူ အမျိုးသမီးတစ်ဦးပါ။ အဲဒီအမျိုးသမီးဟာ သူ့သားကောင်ဖြစ်လာမယ့် အမျိုးသားကို ဘဝအိပ်မက်တွေ မျှဝေလာအောင် လမ်းကြောင်းဖို့ ရေလာမြောင်းပေးတာမျိုး မလုပ်ခင် ပြောတဲ့စကားလည်းဖြစ်ပါတယ်။

အဲဒီအမျိုးသမီးက ''ဒစ်ဂျစ်တယ်ငွေကြေးထဲ ပိုက်ဆံထည့်ချင်ယောင် ဆောင်ရင်း'' သူနဲ့စကား ပြောနေတဲ့ ပစ်မှတ်အမျိုးသားကို စကားပြောတာ ခဏရပ်ပါတယ်။ ခဏအကြာမှာ အဆက်အသွယ် ရပ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဒစ်ဂျစ်တယ်ငွေကြေးကို ဘယ်လို ကုန်သွယ်ကစားမလဲဆိုတာကို သိမလားလို့ သူက အဲဒီအမျိုးသားကို မေးပါမယ်။ ငွေရင်းလို့ ငွေပေါ်မယ်ဆိုတာမျိုး အဲဒီအမျိုးသားကို ဆွယ်ပါမယ်။

ဒါက ကမ္ဘာတလွှားက ဒေါ်လာငွေ သန်းထောင်ချီ စီးဝင်လာနေတဲ့အလားတူ ခြံဝင်းတွေမှာ လုပ်နေတဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ တရုတ် ရာဇဝတ်အဖွဲ့တွေ အရှေ့တောင်အာရှမှာ လည်ပတ်တဲ့ပုံစံမျိုးပါ။ ဝန်ထမ်းတွေကတော့ ဆန္ဒအလျောက် အလုပ်လာလုပ်သူတွေနဲ့ လိမ်ဖို့ အဓမ္မစေခိုင်းခံရတဲ့ ကုန်ကူးခံရသူတွေပါ။

နည်းနည်းရွဲနေတဲ့ မှတ်စုစာအုပ်မှာ ''မနက်ဖြန်မှာ ပစ်မှတ်တွေနဲ့ တွေ့ပါ့မယ်'' လို့ အဓိပ္ပါယ်ရတဲ့ စကားစုကို တရုတ်လို အကြိမ်ရေရာချီ ရေးထားတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC/Tony Han

ဓာတ်ပုံ ပုံစာ, လုပ်သားတစ်ဦးက စကားစု တစ်စုကိုပဲ အကြိမ်ရေ ရာချီ တရုတ်လိုရေးထားတဲ့ မှတ်စုစာအုပ်ကို မြင်တွေ့ရတာဖြစ်ပါတယ်

မစ္စတာ ဒလာပတ်ဇ်ရဲ့အပြောအရဆိုရင် သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေဟာ ဘမ်ဘန်းက အဲဒီခြံဝင်းထဲမှာ နိုင်ငံခြားသား အယောက် ၃၀၀ ကျော်ကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အများစုဟာ သဘောဆန္ဒမပါဘဲ အလုပ်စေခိုင်းခံရတာလို့ ဆိုပါတယ်။

မနာခံတဲ့သူနဲ့ အလုပ်မဖြစ်မြောက်တဲ့လုပ်သားတွေဟာ အရိုက်ခံရတာအစ၊ အပ်ကြောင်းထပ်အောင် စာရေးရတာအဆုံး ဒဏ်ပေးခံရပါတယ်။ အဲဒီဝင်းထဲမှာ ဘီဘီစီမြင်ခဲ့ရတဲ့မှတ်စုစာအုပ် တစ်အုပ်မှာဆိုရင် အလုပ်သမားတစ်ဦးဟာ ''ကျွန်တော့်သားကောင်တွေနဲ့ မနက်ဖြန်မှာ တွေ့ပါ့မယ်'' ဆိုတဲ့ စာစုကို တရုတ်လို အကြိမ်ရေရာချီ ရေးထားတာ တွေ့ရပါတယ်။

သံဆူးကြိုး တပ်ခြံဝင်း အုတ်နံရံတွေကြား အလုပ်သမားတွေနေတဲ့နေရာဟာ ဘယ်မှ ထွက်ဖို့ မလိုအောင် လုပ်ထားပါတယ်။ အထဲမှာ ဘတ်စ်ကတ် ဘောလုံးကွင်း၊ စူပါမားကတ်နဲ့ စားသောက်ဆိုင်တွေရှိနေပါတယ်။ အလုပ်သမားတွေဟာ ခြောက်ယောက် တစ်ခန်းမှာ နေရပါတယ်။ အခန်းတစ်ခန်းချင်းစီမှာ လေသာဆောင် တစ်ခုရှိပြီး အိမ်သာနဲ့ ရေချိုးခန်းတစ်ခုစီ ပါဝင်ပါတယ်။

သူတို့ သူဌေးတွေကတော့ သီးခြားနေရာမှာ နေထိုင်တယ်လို့ ဒလာပတ်ဇ်က ပြောပါတယ်။ သူက အဲဒီထဲက ဗီလာတွေထဲက တစ်ခုကို ဘီဘီစီကို ပြပါတယ်။

စကျင်ကျောက်ဧည့်ခန်းမှာ အဆင့်မြင့်ဖျော်ဖြေရေးစနစ်၊ လုံခြုံရေးစောင့်ကြည့်စနစ်တွေအပြင် ပန်းပုလက်ရာပရိဘောဂတွေနဲ့ အခန်းကို အလှဆင်ထားပါတယ်။ အိမ်အနောက်ဘက်မှာတော့ ထွက်ပြေးနိုင်တဲ့လိုဏ်ခေါင်းဆီကို ရောက်တဲ့ လှေကားတစ်ခုနဲ့ ရေကူးကန် တစ်ကန် ရှိနေပါတယ်။ အခုတော့ အဲဒီလိုဏ်ဟာ ရေတွေနဲ့ပြည့်နေပါတယ်။

အဆောင်အခန်းတွဲတွေထဲက တစ်ခုကနေ မြင်ရတဲ့ ဘတ်စ်ကတ်ဘောကွင်း မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, BBC/Tony Han

ဓာတ်ပုံ ပုံစာ, အဆောင်အခန်းတွဲတွေထဲက တစ်ခုကနေ မြင်ရတဲ့ ဘတ်စ်ကတ်ဘောကွင်း မြင်ကွင်း
ဗီလာတွေထဲက တစ်ခုမှာ မြင်တွေ့ရတဲ့ သစ်သားအလှဆင်ပန်းပု လက်ရာပြည့် ဇိမ်ခံ ဧည့်ခန်း

ဓာတ်ပုံ ရင်းမြစ်, BBC/Tony Han

ဓာတ်ပုံ ပုံစာ, ဗီလာတွေထဲက တစ်ခုမှာ မြင်တွေ့ရတဲ့ သစ်သားအလှဆင်ပန်းပု လက်ရာပြည့် ဇိမ်ခံ ဧည့်ခန်း

၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်ညနေခင်းမှာ ဘမ်ဘန်းက အဲဒီခြံဝင်းထဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက် စီးနင်းချိန်မှာ ဒီလိမ်လည်လုပ်ငန်းထဲက သူဌေးတချို့ဟာ ထွက်ပြေးလွတ်မြောက်ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ဒီစီးနင်းမှုဟာ နိုင်ငံရေးရေချိန် အပြောင်းအလဲအတွက် အချက်ပြမှုတစ်ခုဖြစ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လမှာ ဂွာတစ်ယောက် မြို့တော်ဝန်အဖြစ် ကျမ်းကျိန်ဆိုတဲ့အချိန်ဟာ ဒူတာတေးရဲ့ သမ္မတတာဝန် သက်တမ်း ပြီးဆုံးချိန်ပါ။

သူ့နောက်မှာ သမ္မတ တာဝန်ယူတဲ့ ဖာဒီနန် မားကို့စ် ဂျူနီယာဟာ Pogo လုပ်ငန်းတွေကို ပိတ်ဖို့ တောင်းဆိုတာခံရပါတယ်။ နိုင်ငံ့ဝင်ငွေ ဒေါ်လာသန်းရာချီ လှိမ့်ဝင်လာစေပေမဲ့ ရာဇဝတ်မှုအတိုင်းအဆကို ဖိလစ်ပိုင် လူမှုအသိုက်အဝန်းထဲက လူအများစုကို စိတ်ပူပန်စေပါတယ်။

ဒီလုပ်ငန်းတွေမှာ ခပ်များများ ရင်းနှီးမြှုပ်နှံသူတွေဟာ တရုတ်လူချမ်းသာတွေဖြစ်ခဲ့တာကြောင့် ဘေးကျင်းထက် ဝါရှင်တန်ဘက်ကို ပိုယိမ်းတဲ့အရင်သမ္မတ ဒူတာတေးတုန်းကလို မဟုတ်ဘဲ မားကို့စ်အပေါ် ပြည်ပလွှမ်းမိုးမှုကို စိုးရိမ်ချက် ပိုလာစေပါတယ်။

ဘမ်ဘန်းမြို့မှာ စီးနင်းမှုဖြစ်တဲ့အခါ ဖိလစ်ပိုင်နိုင်ငံရဲ့ ကန့်လန့်ကာ နောက်ကွယ်က အခြေအနေတွေကို လူ သိလာစေပါတယ်။ တဖက်မှာလည်း ဒါဟာ ပန်းနုရောင်ရုံးခန်းထိုင်ပြီး နိုင်ငံရေးသမားဘဝထဲကို ဝင်လာသူ အဲလစ် ဂွာနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း အဝန်းအဝိုင်း ကမ္ဘာနှစ်ခု ပြိုကျမှုကိုလည်း ပြသပါတယ်။

'မှတ်ဉာဏ်ပျောက်တဲ့မိန်းကလေး'

ကျားဖြန့် ခြံဝင်းနဲ့ ဘယ်လိုဆက်နွှယ်လဲဆိုတာကို ဖိလစ်ပိုင်အထက်လွှတ်တော်က မေးမြန်းဖို့ ဂွာကို မနှစ် မေလမှာ မဆင့်ခေါ်ခင်အထိ ဂွာ ဘယ်သူလဲဆိုတာကို ဖိလစ်ပိုင်မှာ သိသူအတော် နည်းပါတယ်။

ဒါပေမဲ့ ညတွင်းချင်းမှာပဲ သူဟာ အွန်လိုင်းမှာ အများသရော်စရာ ဖန်တီးမှုတစ်ခု ဖြစ်လာပါတယ်။ မိသားစုမွေးမြူရေးလုပ်ငန်းကနေ လာသူတစ်ယောက်အနေနဲ့ ကျေးလက်မှာ နေပုံထိုင်ပုံဟာ ခမ်းနားလွန်းနေတယ်လို့ ဖိလစ်ပိုင်တွေက သူ့ကို ထေ့ပါတယ်။

သူ့နောက်ကြောင်းအကြောင်း ပြောချိန်မှာ ရှေ့နောက်မညီတာ၊ တိတိပပမပြောတာနဲ့ သူ့ဘဝအကြောင်း အခြေခံကျတဲ့အချက်အလက်တွေကို တောင် မေ့သွားပြီလို့ဆိုတာတွေကြောင့် လူမှုကွန်ရက်မှာ သူ့ကို ''မှတ်ဉာဏ်ပျောက်တဲ့မိန်းကလေး'' လို့တောင် နာမည်ပြောင်အပေးခံရတဲ့အထိ ဦးတည်ခဲ့ပါတယ်။

ဂွာကတော့ တရုတ်ဖခင်နဲ့ ဖိလစ်ပိုင်မိခင်တို့ကနေ မွေးဖွားပေမဲ့ မိဘတွေနဲ့ အနေဝေးတဲ့သူလို့ သူက ပြောပါတယ်။ ဒါပေမဲ့ သူတို့မိသားစုအိမ် ဘယ်နေရာမှာရှိခဲ့လဲဆိုတာ မမှတ်မိတော့ဘူးလို့ ပြောပါတယ်။

တစ်ချိန်မှာဆိုရင် အထက်လွှတ်တော်အမတ်တစ်ဦးက ''အရေးကြီးတဲ့မေးခွန်းတွေထဲက တချို့ကို ပြန်ဖြေနေတာ အဖြေက တိတိကျကျမရှိပါလား မြို့တော်ဝန် ခင်ဗျား'' လို့ ပြောခဲ့တာမျိုးတောင် ရှိပါတယ်။

အယုံမလွယ်တဲ့အထက်လွှတ်တော်အမတ်တွေက သူပြောခဲ့တာက သူဟာ မြို့တော်ဝန်အဖြစ် တာဝန် မထမ်းခင်မှာ မြေကို ရောင်းခဲ့တယ်ဆိုတာပါ။ ပြီးတော့ ဇွန်းယွမ် ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချပေးခဲ့တယ်ဆိုတာဟာလည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းတစ်ရပ်သာသာပဲလို့ ဆိုပါတယ်။

လွှတ်တော် ကြားနာမှုတွေလုပ်နေချိန်မှာပဲ ဂွာရဲ့ စီးဖွားရေးလုပ်ဖက် မိတ်ဟောင်း တရုတ် ၂ ဦးကို ဖိလစ်ပိုင်မှာ ငွေကြေးခဝါချမှုနဲ့ ပြစ်မှု ထင်ရှားကြောင်း စင်္ကာပူတရားရုံးတစ်ရုံးက ဆုံးဖြတ်ခဲ့တာကြောင့်လည်း သံသယတွေ ပိုစေခဲ့ပါတယ်။

အဲဒီနောက် မနှစ် ဇူလိုင်မှာတော့ သူ့အမှုကို လူထုစိတ်ဝင်စားမှု မြင့်တက်နေချိန် ဂွာဟာ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ရှောင်တိမ်းပြီး အင်ဒိုနီးရှားကို ထွက်ပြေးခဲ့ပါတယ်။ ဒါပေမဲ့ လအနည်းငယ်အကြာမှာပဲ ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး ဖိလစ်ပိုင်ကို ပြန်ဖို့ ခံရပါတယ်။

ဂွာဟာ အထက်လွှတ်တော် အမတ်တွေရှေ့မှာ အကြိမ်ကြိမ် ထွက်ဆိုခဲ့ရပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ သူရဲ့ဆက်နွှယ်မှုတွေကို မေးမြန်းခံရပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂွာဟာ အထက်လွှတ်တော် အမတ်တွေရှေ့မှာ အကြိမ်ကြိမ် ထွက်ဆိုခဲ့ရပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ သူရဲ့ဆက်နွှယ်မှုတွေကို မေးမြန်းခံရပါတယ်

အမှုအတွက် ဖိလစ်ပိုင် စုံစမ်းစစ်ဆေးသူတွေ ရှာတွေ့မှုတစ်ခုဖြစ်ခဲ့တာဟာလည်း ဇူလိုင်လ တစ်လတည်းမှာပဲဖြစ်ပါတယ်။ ဂွာရဲ့ လက်ဗွေတွေနဲ့ ဂွာ ဟာပင်းဆိုသူ တရုတ်ပြည်က မိန်းကလေးတစ်ဦးရဲ့ ဖိုင်မှာရှိတဲ့လက်ဗွေတွေ သွားတူနေတာပါ။ ဂွာ ဟွာပင်းဟာ မိခင်ဖြစ်သူ တရုတ်အမျိုးသမီးနဲ့အတူ ၂,၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ ဖိလစ်ပိုင်ကို ရောက်လာခဲ့သူဖြစ်ပါတယ်။

ဒီလိုထွက်ပေါ်လာတာကြောင့် အထက်လွှတ်တော် စုံစမ်းမှုမှာ လမ်းကြောင်းတစ်ခု ပေါ်လာစေပါတယ်။ ဂွာတစ်ယောက် တရုတ်အတွက် ထောက်လှမ်းရေးလုပ်ပေးနေတာ ဒါမှမဟုတ် သူ့လွှမ်းမိုးနိုင်မှုကို အသုံးချပြီး သူလျှိုဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ယူဆချက်ပါ။ ဒီယူဆချက်ကြောင့်ပဲ အမှုနဲ့ပတ်သက်ပြီး လူထုစိတ်ဝင်စားမှုလည်း မြင့်တက်လာပါတယ်။

ကျားဖြန့်ဂိုဏ်းတွေနဲ့ တရုတ်ထောက်လှမ်းရေးကြား ချိတ်ဆက်နိုင်ခြေ ရှိ မရှိကို စုံစမ်းစစ်ဆေးတဲ့ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ရီဆာ ဟွန်တီဗာရိုရဲ့ ရုံးအဖွဲ့ အကြီးတန်းဝန်ထမ်း ဂျာယေး ဘီကီးမားကတော့ ဂွာဟာ သူလျှိုတစ်ဦး ဖြစ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

သူလျှိုတစ်ဦးဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သက်သေအပြည့်အဝ မရှိပေးဘူးလို့ မစ္စ ဘီကီးမားကပြောပေမဲ့ ''သူလျှိုဆိုတဲ့စကားလုံးကပဲ အဓိပ္ပါယ်ရှင်း နေတာပဲလေ''လို့ မစ္စ ဘီကီးမားက ပြောပါတယ်။

''သူဟာ သူလျှိုဖြစ်လာဖို့ စီစဥ်ခဲ့တာမျိုးမဟုတ်ပေမဲ့ သူ့ရဲ့ ရာဇဝတ်ကြောင်းအရ အချိတ်အဆက်တွေ၊ ဒေသတွင်းနိုင်ငံရေးနဲ့ ဒေသန္တရအစိုးရမှာ သူ့ရဲ့လွှမ်းမိုးနိုင်မှုတွေကြောင့်ပဲ (တရုတ်အစိုးရရဲ့) သူလျှိုတစ်ယောက်အဖြစ် သိမ်းသွင်းခံရတာမျိုးဖြစ်နိုင်တယ်လို့ ကျွန်မ ယူဆပါတယ်'' လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဂွာဟာ သူရရှိထားတဲ့အောင်မြင်မှုရဲ့ သားကောင်ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ သူရွေးချယ်ခဲ့တဲ့ နိုင်ငံရေးသမား ဘဝနဲ့ လူစိတ်ဝင်စားဖို့ သူ အားထုတ်ခဲ့ရတဲ့ရေပန်းစားမှုဟာ သမ္မတ မားကို့စ် လက်ထက်မှာ ယိုယွင်းခဲ့တဲ့ တရုတ်- ဖိလစ်ပိုင်ဆက်ဆံရေးအောက်မှာ လူထုရဲ့ စိစစ်မှုကို ခံခဲ့ရတယ်လို့လည်း ဆိုနိုင်ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့် တရုတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား တင်းမာမှုတွေနဲ့ နိုင်ငံရေး လေလုံးတွေ မြင့်တက်လာမှုကလည်း မြို့တော်ဝန် ငယ်ငယ်အတွက် သူလျှိုလုပ်တယ်ဆိုတဲ့စွပ်စွဲချက်တွေကြား ပက်လက်မျောစေခဲ့ပါတယ်။

ဒါပေမဲ့ ဒီစွပ်စွဲချက်တွေ မဖြစ်နိုင်ဘူးလို့ ထင်ကြသူတွေလည်းရှိပါတယ်။ တရုတ်နဲ့ ဂွာတို့ဟာ အစေးမကပ်ကြတဲ့သူတွေ ဖြစ်နိုင်တယ်လို့ တရုတ် - ဖိလစ်ပိုင် လူမှုအသိုက်အဝန်းထဲမှာ အရပ်ဘက်ခေါင်းဆောင်ဖြစ်နေတဲ့ ထရက်စီတာ အန် စီးက ပြောပါတယ်။

''(ဘမ်ဘန်း)လိုနေရာမှာ သူက ဘယ်လိုလုပ်ပြီး သူလျှိုဖြစ်နိုင်မှာလဲ။ လူဇွန် ကျွန်းမကြီး အလယ်ပိုင်းမှာ ရှိနေတာ။ အကဲဆတ်တဲ့ စစ်ဘက် အရပ်ဘက် စုဖွဲ့တည်ထောင်မှု အဲဒီနားမှာ ဘာမှမရှိဘူး။ ဒီတော့ ဘာကြောင့် သူ့ကို သူလျှိုအဖြစ် သုံးမှာလဲ။ သူက အများအာရုံစိုက်ခံရတဲ့သူ။ သူ့ လူနေမှုဘဝကို အများသိအောင် ကြွားလုံးထုတ်တဲ့သူမျိုး။ အဲလစ် ဂွာ လိုလူမျိုးက သူလျှိုအဖြစ် လူစုခံရမယ်ဆိုရင်လည်း နောက်ဆုံးမှ စဥ်းစားခံ စုဆောင်းခံရမယ့်လူမျိုးပဲ'' လို့ အန် စီးက ပြောပါတယ်။

Pogo ပြဿနာ

ဒါပေမဲ့ ဂွာကို မေးခွန်း ဦးဆောင်မေးခဲ့သူ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် ရှာဝင် ဂတ်ချာလီယန်ကတော့ ဖြစ်စဥ်ဟာ မရိုးရှင်းလှဘူးလို့ဆိုပါတယ်။

''နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု ကျူးလွန်သူတွေဟာ ဒေသတွင်းမှာ ဘယ်လို လှုပ်ရှားရမယ်ဆိုတာ သိတယ်။ ကျွန်တော်တို့ လူမှုအသိုက်အဝန်းထဲကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ဒေသတွင်းမှာ လုပ်ရည် ကိုင်ရည်ရှိသူတွေကို မျက်စိကျမယ်။ နိုင်ငံရေးလောကပဲဖြစ်ဖြစ်၊ စီးပွားရေးလောက ကပဲ ဖြစ်ဖြစ်ပေါ့'' လို့ သူက ပြောပါတယ်။

တစ်ဖက်မှာလည်း Pogo လိုင်စင်တွေကို အလွဲသုံးနေတဲ့ ရာဇဝတ်အစုအဖွဲ့တွေ ကိုယ်ကျိုးရှာမှုနဲ့ အဂတိမှုတွေကြောင့် ဖိလစ်ပိုင်ဟာ ထိခိုက်လွယ်အခြေအနေမှာ ရှိနေတယ်ဆိုတာကို ဂွာရဲ့အမှုက မီးမောင်းထိုးပြနေပါတယ်။

ဘမ်ဘန်းမြို့မှာတော့ လာမယ့်မြို့တော်စည်ပင် ရွေးကောက်ပွဲတွေအတွက် မဲဆွယ်ကြော်ငြာတွေနဲ့ ပြည့်နေပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC/Tony Han

ဓာတ်ပုံ ပုံစာ, ဘမ်ဘန်းမြို့မှာတော့ လာမယ့်မြို့တော်စည်ပင် ရွေးကောက်ပွဲတွေအတွက် မဲဆွယ်ကြော်ငြာတွေနဲ့ ပြည့်နေပါတယ်

၂၀၂၄ ခုနှစ် နှစ်လည်ပိုင်းမှာ သမ္မတ မားကို့စ်ဟာ Pogo တွေကို လုံးဝတားမြစ်မယ်လို့ ကြေညာပါတယ်။ Pogo လိုင်စင်တွေကို အုပ်စုဖွဲ့ရာဇဝတ်မှုမှာ အလွဲသုံးနေကြတယ်လို့ဆိုပြီး တားမြစ်တာဖြစ်ပါတယ်။

ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် ရှာဝင် ဂတ်ချာလီယန်ကတော့ အဲလစ် ဂွာကို စုံစမ်းစစ်ဆေးမှုဟာ ဒီအပြောင်းအလဲဖြစ်အောင် အထောက်အကူဖြစ်စေခဲ့တယ်လို့ပြောပါတယ်။

''ဒါကြောင့်ပဲ တကယ်တားမြစ်သင့်တယ်လို့ဆိုတဲ့အမြင် လူထုကြားထဲမှာ ရှိလာခဲ့တယ်'' လို့ သူက ဘီဘီစီကို ပြောပါတယ်။ ''အဲဒီအခါမှာပဲ Pogo ကို သမ္မတက တရားဝင်တားမြစ်တာမျိုးဖြစ်လာပါတယ်''

အဲဒီကတည်းက ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဟာ နိုင်ငံတဝန်းက လိမ်လည်လုပ်ငန်းတွေကို စီးနင်းရှာဖွေတာတွေ ပြုလုပ်ထားပါတယ်။

ဒါပေမဲ့ အဲဒီအဖွဲ့တွေရဲ့ ခြေတံလက်တံ ရှည်လာတာနဲ့အမျှ လုံခြုံးရေးအဖွဲ့တွေနဲ့ အစိုးရအင်စတီကျူးရှင်းတွေကြားမှာ သတင်းယိုစိမ့်မှု စိုးရိမ်စရာအခြေအနေတွေကြောင့် ရာဇဝတ်သားတွေအနေနဲ့ မဖမ်းခင်က ပြေးနိုင်အောင် ဦးတည်လာစေတယ်လို့လည်း မစ္စတာ ဒလာပတ်ဇ်က ပြောပါတယ်။

မစ္စ ဘီကီးမားကတော့ လာမယ့် နိုင်ငံအဆင့်ရွေးကောက်ပွဲတွေမှာ အမတ်လောင်းတချို့ကို မဲဆွယ်ရန်ပုံငွေထည့်ထားတာဟာ Pogo ကလာတဲ့ငွေတွေဖြစ်တယ်ဆိုတာကို သူခံစားမိတဲ့အကြောင်း ပြောပါတယ်။

အန် စီးကတော့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ရဲအရာရှိတွေဟာ ရာဇဝတ်ဂိုဏ်းတွေအတွက် အလုပ်လုပ်နေတယ်ဆိုတာကို တွေ့ထားရတယ်လို့ ပြောပါတယ်။

ဖောကျူနာတို မဲဂျီယာဟာ ဂွာရဲ့ နိုင်ငံရေးပါတီဝင်ပြီး ၂၀၂၂ ခုနှစ်မှာ ကောင်စီဝင်တစ်ဦးအဖြစ် ဝင်ပြိုင်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC/Tony Han

ဓာတ်ပုံ ပုံစာ, ဖော်ကျူနာတို မဲဂျီယာဟာ ဂွာရဲ့ နိုင်ငံရေးပါတီဝင်ပြီး ၂၀၂၂ ခုနှစ်မှာ ကောင်စီဝင်တစ်ဦးအဖြစ် ဝင်ပြိုင်ခဲ့ပါတယ်

ဘမ်ဘန်းမြို့မှာတော့ နိုင်ငံအဆင့်အထိရောက်လာတဲ့ကိစ္စတွေဟာ ဒေသခံလူထုရဲ့စိတ်ထဲမှာ ရှိတဲ့ပုံ မပေါ်ပါဘူး။

မြို့ထဲက လမ်းတွေပေါ်မှာတော့ လာမယ့် မြို့တော် စည်ပင်သာယာရွေးကောက်ပွဲအတွက် အရောင်တောက်တောက် မဲဆွယ် ပိုစတာတွေနဲ့ ပြည့်နေပါတယ်။

မြို့တော်ခန်းမမှာတော့ ဂွာ လက်ထက်တုန်းကလို ပန်းရောင်မဟုတ်ဘဲ အဖြူရောင်ဖြစ်နေပြီး ပန်းတွေကိုလည်း ဖယ်လိုက်ပြီဖြစ်ပါတယ်။

ဂွာဟာ လက်ရှိမှာ သီးခြားအမှု ၆ မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ ဆယ်စုနှစ်ချီ ထောင်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။ နောက် ရွေးကောက်ပွဲဝင်ပြိုင်တာတွေကိုလည်း တားမြစ်ခံရနိုင်ပါတယ်။ ဂွာကတော့ သူ့အပေါ် စွပ်စွဲထားတဲ့လူကုန်ကူးမှု စွပ်စွဲချက်တွေကို အပြစ်မရှိကြောင်း ပြောထားပါတယ်။

ဒါပေမဲ့လည်း မြို့ခံအများစုအတွက်တော့ ပြဿနာပတ်လည်ဝိုင်းနေတဲ့သူတို့မြို့တော်ဝန်ဟောင်းရဲ့ ပုံရိပ်ကို အမှတ်ရနေကြဆဲပါ။

ဘမ်ဘန်းမြို့တော်ကောင်စီဝင် တစ်ဦးအဖြစ် ဆက်ရှိနေသူတွေထဲက တစ်ဦးကတော့ မီယာ မဲ့ကျားရဲ့ ဖခင် အသက် ၆၉ နှစ်အရွယ် ဖော်ကျူနာတို မဲဂျီယာ ဖြစ်ပါတယ်။ သူက ၂၀၂၂ ခုနှစ်မှာ အဲလစ်ရဲ့ပါတီဝင် တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ သူ မဲရှုံးပါတယ်။ သူဟာ ဂွာရဲ့ လူထုမဲဆွယ်ရုပ်သံ တစ်ခုမှာတောင် ပါဝင်ခဲ့ပါတယ်။

ဘမ်ဘန်းမြို့ လူထုဟာ ဂွာကို ရွေးချယ်ပြီး မြို့ရဲ့တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းတစ်ခု အဖြစ် ယူခဲ့ကြတာလို့ဆိုပါတယ်။ ဒါပေမဲ့ ဂွာဟာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေနဲ့ အဆက်သွယ်ကောင်းပြီး မြို့ခံလူထုကို သူ ကတိပေးထားတာတွေကိုလည်း ဖြည့်ပေးနိုင်ခဲ့ပါတယ်။

ဂွာဟာ ဖိလစ်ပိုင်တစ်ဦးမဟုတ်ဘူးဆိုတဲ့ ဆီးနတ်လွှတ်တော်ရဲ့ ပြောဆိုချက်ကိုလည်း သူက အမြင်မတူပါဘူး။

''ဒါက သူတို့ ပြချင်တာပြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ မယုံကြည်သေးပါဘူး။ သူဟာ ဖိလစ်ပိုင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ အရေးကြီးတာက သူ ကျွန်တော်တို့ကို အထောက်အကူဖြစ်စေလား၊ မဖြစ်စေဘူးလားဆိုတာပါပဲ'' လို့ သူက ပြောပါတယ်။

မစ္စတာ မဲဂျီယာကတော့ သူသိတဲ့ အဲလစ် ဂွာဟာ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ နေတယ်ဆိုတာကိုလည်း သူ မယုံကြည်ဘူးလို့ ပြောပါတယ်။

''ဒီမိန်းကလေးဟာ ဘယ်တော့မှ ဒါမျိုးကို လုပ်မှာမဟုတ်ဘူး'' လို့ အသံအက်အက်နဲ့ သူက ပြောပါတယ်။ ''သူက နှလုံးသားလှတဲ့မိန်းကလေးတစ်ယောက်၊ ဘုရား ဒဏ်ခတ်မှာကို လုပ်ရမှာကြောက်တဲ့သူ တစ်ယောက်ပါ''

ဟယ်ရီ အတက်ရှီလ်နဲ့ ဂျေး ဘီဟိုဇီတို့လည်း ပါဝင် သတင်းရေးသား ထားပါတယ်။