ရုရှားက ယူကရိန်းကို ပထမဆုံးပစ်လိုက်တဲ့ ‘‘Oreshnik’’ ဒုံးကျည်သစ်ဆိုတာ ဘာလဲ

ဆိုဗီယက်အဆောက်အအုံနောက်ခံ၊ ဒုံးကျည် ပစ်ခတ်မှုနဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ သရုပ်ဖော်ပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters, Tass, BBC

ရုရှားက ယူကရိန်းနိုင်ငံထဲက ဒနီပရိုမြို့ကို နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်းမှာ ပစ်လိုက်တဲ့ လက်နက်အကြောင်း အစောပိုင်းမှာ သိတဲ့သူနည်းခဲ့ပြီး ဘယ်လိုဒုံးကျည် အမျိုးအစားလဲဆိုတာတောင် မသိခဲ့ကြပါဘူး။

ဘီဘီစီ ရုရှားဘာသာစကားဌာနက စစ်ဘက်ရေးရာကျွမ်းကျင်သူ ပါဗယ် အာဆန်နော့ဗ်က ဒီဒုံးကျည်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ၊ နောက် ပူတင်အနေနဲ့ ဒီဒုံးကျည်ကို သုံးတဲ့အထိ ဆုံးဖြတ်ရလောက်အောင် အနောက်နိုင်ငံတွေနဲ့ ယူကရိန်းကို ဘယ်လိုသတင်းစကား ပါးချင်တာလဲဆိုတာကို ခြေရာကောက်ကြည့်ထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတော့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဒနီပရိုမြို့ကို တိုက်ခိုက်လိုက်တာဟာ ''တာလတ်ပစ်ဒုံးကျည်အသစ်တစ်မျိုး'' ဖြစ်ပြီး Oreshnik လို့ လျှို့ဝှက် နာမည်ပေးထားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ယူကရိန်းဘက်ကတော့ ဒါဟာ Kedr (Cedar) ဒုံးကျည်ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ဒီဒုံးကျည်က လွဲလို့ တခြားလက်နက်ဖြစ်နိုင်ခြေလည်း အများကြီး မရှိဘူးလို့ ဆိုပါတယ်။

ဒီလောက်အကွာအဝေးကို ပဲ့ထိန်းဒုံးကျည်တစ်စီး ပစ်လိုက်မယ်ဆိုရင် သတိမထားမိကြပဲ မနေပါဘူး။ အထူးသဖြင့် ထောက်လှမ်းရေးအဖွဲ့တွေ မျက်စေ့ဒေါက်ထောက်ကြည့်နေကြတဲ့နေရာမျိုးမှာဆိုရင် တော့ မသိကြတာမျိုးမဖြစ်မှာကတော့ ပိုသေချာပါတယ်။

ပျံသန်းနေတုန်းမှာ ဒီဒုံးကျည်ကို ကောင်းကောင်းမြင်ရပါတယ်။ ဒုံးကျည်ကို ပျံသန်းခုတ်မောင်းဖို့ တွန်းကန်အားပေးတဲ့ ဒုံးကျည် အင်ဂျင်ကနေ ထွက်လာတဲ့ မီးခိုးတန်းကို ဂြိုဟ်တုတွေရော ထောက်လှမ်းရေး လေယာဥ်တွေကပါ မြင်နိုင်ပါတယ်။

ဒီနေရာမှာ ဒုံကျည်ကနေ ထွက်လာတဲ့ မီးခိုးတန်းကို ကြည့်ပြီး သိနိုင်တာတွေအများကြီး ရှိပါတယ်။ ဒါကိုလည်း ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်တဲ့အချိန်တွေမှာ မကြာခဏ မြင်နိုင်ပါတယ်။ ပြီးတော့ အဲဒီကနေ တဆင့် ဒုံးကျည်တွေရဲ့ ထူးခြားချက်ကိုလည်း ရှာတွေ့နိုင်ပါတယ်။

ဒုံးကျည်အသစ်တစ်မျိုး ပစ်လွှတ်မှုကနေ ထွက်လာတဲ့ အချက်အလက်တွေကနေ အကဲခတ်တွေဟာ ဒုံးကျည်အမျိုးအစားကို ပိုနည်းသွားအောင် အကဲဖြတ်နိုင်ပါတယ်။

အနောက်ထောက်လှမ်းရေးအေဂျင်စီတွေက သူတို့တွေ့ရှိချက်တွေကို မထုတ်ပြန်သေးခင်မှာ သူတို့မှာ လည်း ဒီဒုံးကျည် အမျိုးအစားနဲ့ပတ်သက်ပြီး သင့်တင့်မျှတတဲ့အချက်အလက် ရှိလောက်ပြီးဖြစ်မှာပါ။

တခြားသံလွန်စတွေကို ကောက်ကြည့်ပြီး အကဲခတ်တွေနဲ့ ကျွမ်းကျင်သူတွေကလည်း သတင်းတွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ ကောက်ချက်ဆွဲ ပြောနေကြတာတွေရှိထားပါတယ်။

အဲဒီထဲက အများအမြင်ကြဆုံးအမြင်ကတော့ ရုရှားဟာ စမ်းသပ်နေဆဲ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) Rubezh ကို တာလတ်ပစ်ဒုံးကျည်အဖြစ် ပြုပြင်သုံးစွဲလိုက်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

အာရီယက်ရှ်ခင် (Oreshnik) အကြောင်း သိရသမျှ

ဒုံးကျည်တိုက်ခိုက်မှုအကြောင်းကို ပူတင်က ရုရှားနိုင်ငံပိုင် ရုပ်သံကနေတဆင့် ကြေညာပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဒုံးကျည်တိုက်ခိုက်မှုအကြောင်းကို ပူတင်က ရုရှားနိုင်ငံပိုင် ရုပ်သံကနေတဆင့် ကြေညာပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပူတင်ရဲ့ ကြေညာချက်မှာတော့ အဲဒီဒုံးကျည်ဟာ ''နျူကလီးယားကျည်ထိပ်ဖူးမတပ်ထားတဲ့အသံထက်မြန်တဲ့ဒုံးကျည်''ဖြစ်ပြီး ''တစ်စက္ကန့်ကို ၂ ကီလိုမီတာကနေ ၃ ကီလိုမီတာအထိ အမြန်နှုန်းနဲ့ ပျံသန်းပြီး ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တယ်'' လို့ ဆိုပါတယ်။

နျူကလီးယားကျည်ထိပ်ဖူးမတပ်ထားဘူးဆိုတဲ့အချက်က ရှင်းသလို ဒုံးကျည်ဟာ အသံထက်မြန်တဲ့ပျံသန်းနှုန်း ရှိတဲ့အချက်ကလည်း သတိထားမိစရာပါ။

အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ နျူကလီးယား မပြန့်ပွားရေးနဲ့ လက်နက်ထိန်းချုပ်ရေးစင်တာ(Center for Arms Control and Non-Proliferation)ကတော့ ပဲ့ထိန်း နျူကလီးယား ဒုံးကျည်တွေဟာ တစ်စက္ကန့်ကို မီတာ ၉၀၀ နီးပါးပဲ ပျံသန်းနိုင်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်စာမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီနှုန်းနဲ့ ပျံသန်းတဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ဆိုတာ အတော်လေး ခက်ပါတယ်။

အခု ဒီဒုံးကျည်မှာတော့ သီးခြားကျည်ထိပ်ဖူးတစ်ခုရှိနေတာကလည်း လက်နက်အကဲခတ်တွေကြား ရှုပ်ရှုပ်ထွေးထွေးတွေးရတဲ့အချက်ဖြစ်နေပါတယ်။

ဒနီပရိုကို ကျရောက်ပေါက်ကွဲချိန်ကို ရိုက်ကူးထားတဲ့ရုပ်သံတစ်ခုတော့ အရာဝတ္တုတွေ အစုလိုက်ပါတဲ့ အစုပေါင်း ၆ စု ဟာ မြေပြင်ကို ကျသွားတာကို တွေ့ရပါတယ်။ တစ်စုချင်းစီမှာ တလက်လက်တောက်နေတဲ့ မီးချွန်စ ခြောက်ခုနီးပါး ပါဝင်နေပါတယ်။

ဒါဟာ ဒီလို ဒုံးကျည်တစ်စင်းအတွက်တော့ များတဲ့ပမာဏလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ ပေါက်ကွဲသွားတာမျိုး ထင်ထင်မြင်မြင်မတွေ့ခဲ့ရပါဘူး။ ဒါကပဲ လက်နေတဲ့မီးချွန်စတွေဟာ ရွေ့ကျသွားတဲ့ကျည်စကျည်နတွေဆိုတာကိုလည်း ပြသပါတယ်။

ဒါတွေဟာ ဒုံး ကျရောက်ပေါက်ကွဲချိန်မှာ ပစ်မှတ်ကို ထိမှန် ပျက်စီးစေတဲ့ သတ္တုအစအနတွေဖြစ်လေ့ရှိပြီး အရွယ်အစားလည်း ကွဲပြားပါတယ်။ ရှိရင်းစွဲ အမြန်နှုန်းကို ချိန်ဆကြည့်ရင် ဒီအားဟာ သိသိသာသာပြင်းနိုင်တာကိုလည်း မြင်နိုင်ပါတယ်။

သတင်းရင်းမြစ်တွေကတော့ ဒီဒုံးကျည်ဟာ ရုရှား Astrakhan ဒေသက Kapustin Yar ဒုံးကျည်စမ်းသပ်နေရာကနေ လာတာလို့ ပြောကြပါတယ်။

အဲဒီကနေသာ အမှန်တကယ် ပစ်လွှတ်လိုက်တာဆိုရင် အခုပစ်လွှတ်လိုက်တဲ့ ဒုံးကျည်သွားနိုင်တဲ့ အကွာအဝေးဟာ ကီလိုမီတာ ၈၀၀ ကနေ ၈၅၀ နီးပါးအထိရှိနေပါတယ်။

ဗလာဒီမီယာ ပူတင်ကတော့ အဲဒီဒုံးကျည်ကို တာလတ်ပစ်ဒုံးကျည်လို့ ရည်ညွှန်းပါတယ်။ ဒီလိုအမျိုးအစား ဒုံးကျည်တွေ သွားနိုင်တဲ့အကွာအဝေးဟာ ကီလိုမီတာ ၁,၀၀၀ ကနေ ၅,၅၀၀ အထိရှိပါတယ်။ ဒါပေမဲ့ ဒါတွေက တရားဝင် သတ်မှတ်ထားတဲ့အကွာအဝေးဖြစ်ပြီး ဒီဒုံးကျည်ကို ပိုတိုတဲ့တာအကွာ အဝေးအတွက်လည်း ပစ်နိုင်ပါတယ်။

ဒုံးကျည်ကို ဘယ်နေရာမှာ ပြုလုပ်ခဲ့တာလဲ

ဖြစ်နိုင်ခြေအမြင့်ဆုံးကတော့ ပူတင် ပြောလိုက်တဲ့ အာရီယက်ရှ်ခင် (Oreshnik) ဒုံးကျည်ကို သာမယ်နည်းပညာဆိုင်ရာ မော်စကို အင်စတီကျူ့(MIT) က တီထွင်တာဖြစ်ပါတယ်။

ရုရှားမှာ ဒီအမျိုးအစား ပဲ့ထိန်းဒုံးကျည်တွေကို တီထွင်တဲ့ အဖွဲ့ ၂ ဖွဲ့ပဲ ရှိပြီး အဲဒါက Makeyev ဒုံးပျံ စင်တာနဲ့ MIT ဖြစ်ပါတယ်။

Makeyev ဒုံးပျံစင်တာတော့ လောင်စာရည်သုံး ဒုံးကျည်တွေကို အဓိကထား ဖန်တီးပါတယ်။ လေးလံပြီး တာဝေးပြေးတဲ့ဒုံးကျည်တွေဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကီလိုမီတာ ၁၈,၀၀၀ အထိပျံသန်းနိုင်တယ်လို့ဆိုတဲ့ Sarmat ဒုံးကျည်မျိုးဖြစ်ပါတယ်။

သာမယ်နည်းပညာဆိုင်ရာ မော်စကို အင်စတီကျူ့(MIT) ကတော့ ပိုသေးတဲ့ဒုံးကျည်တွေကို ဖန်တီးမှုကို အထူးပြုလေ့လာပါတယ်။ ရွှေ့ပြောင်းနိုင်တဲ့ ဒုံးပစ်စင်တွေကနေ ပစ်လွှတ်တဲ့ အစိုင်အခဲလောင်စာသုံးတဲ့ ပိုသေးတဲ့ဒုံးကျည်တွေကို အဓိကထား ဖန်တီးတာဖြစ်ပါတယ်။

အဲဒီ ဒုံးကျည်အမျိုးအစားတွေဟာ ပိုပေါ့ပြီး ပိုသေးတဲ့ဒုံးကျည်ထိပ်ဖူးတွေပါဝင်သလို တာ ခပ်တိုတို အကွာအဝေးအတွက် ရည်ရွယ်ပါတယ်။ အထူးသဖြင့် Yars ဒုံးကျည်တွေဟာ အကွာအဝေး ကီလိုမီတာ ၁၂,၀၀၀ အထိ ပျံသန်းနိုင်ပါတယ်။

ဒီနီပရိုကို ထိမှန်တဲ့ ဒုံးကျည်မျိုး အလားတူ ဒုံးကျည်ကို MIT က ဖန်တီးနိုင်ခြေမြင့်ပါတယ်။

ဘာကြောင့်လည်းဆိုရင် သူတို့ဟာ အရင်တုန်းကလည်း အလားတူ ဒုံးကျည်မျိုးကို ဖန်တီးဖူးပါတယ်။ အဲဒါကတော့ RSD-10 ပိုင်အိုးနီးယား ဒုံးကျည်ဖြစ်ပါတယ်။ အဲဒီဒုံးကျည်တွေဟာ တာလတ်ပစ် နျူကလီးယားလက်နက် မပြန့်ပွားရေးသဘောတူညီချက် (INF) အသက်မဝင်ခင်အချိန်အထိ ၁၉၇၀ ပြည့်နှစ်တွေမှာ ရှိနေခဲ့တဲ့ဒုံးကျည်တွေဖြစ်ပါတယ်။

အဲဒီတုန်းကတော့ အဲဒီတုန်းက ဆိုဗီယက်ပြည်ထောင်စု(USSR)နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာရှိတဲ့ တာလတ်နဲ့ ပိုတိုတဲ့အကွာဝေးသွားတဲ့ဒုံးကျည်တွေ၊ နောက် လောင်ချာကို ဖျက်စီးခဲ့ပါတယ်။ ပြီးတော့ အနာဂတ်မှာ အဲဒီလို အလားတူ ဒုံးကျည်တွေကို စမ်းသပ်တာ၊ ထုတ်လုပ်တာနဲ့ အသုံးပြုတာတွေ မလုပ်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြပါတယ်။

ဘယ်အချိန်တုန်းက ဒီဒုံးကျည်ကို စတင်ဖန်တီးတာလဲ

INF သဘောတူညီချက်ဟာ ၂၀၁၉ ခုနှစ်မှာ အဆုံးသတ်ပါတယ်။ ဒါကြောင့် ဒီဒုံးကျည်တွေ ဖန်တီးမှုလည်း ပြန်အသက်ဝင်လာတယ်လို့ဆိုပြီး အဲဒီနေ့ကတည်းက စတင်တာမျိုးတောင် ဖြစ်နိုင်ပါတယ်။

အဲဒီအချိန်တုန်းက ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်းဂူးက ရုရှားဟာ ၂၀၂၀ ပြည့်နှစ်ရောက်တာနဲ့ မြေပြင်ကနေ ဝေဟင်ပစ် တာလတ်ဒုံးကျည် စနစ်တစ်မျိုးဖန်တီးဖို့ ရည်မှန်းထားတယ်လို့ ‌ြေပာပါတယ်။ အဲဒီလို မဖြစ်ခဲ့ပေမဲ့ အလားတူ ဒုံးကျည်တွေပေါ်လာရေးကတော့ ဆက်လုပ်နေခဲ့ပါတယ်။

MIT ရဲ့နောက်ဆုံး ဖန်တီးတဲ့ဒုံးကျည်တစ်မျိုးက RS-26 Rubezh ဖြစ်ပါတယ်။ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစ်မျိုးပါ။ အဲဒီဒုံးကျည်ရဲ့တာဟာ သတင်းတွေအရဆိုရင်တော့ ကီလိုမီတာ ၂,၀၀၀ ကနေ ၆,၀၀၀ ကြားရှိပါတယ်။ ဒါကြောင့် ဒီဒုံးကျည်ဟာ INF ရဲ့ တာသတ်မှတ်ချက်ကို ကျော်လွန်နေပါတယ်။

MIT ဟာ သဘောတူညီချက် အဆုံးမသတ်ခင်မှာ အဲဒီဒုံးကျည်ကို ဖန်တီးခဲ့ပါတယ်။ နိုင်ငံပိုင်သတင်းဌာန TASS ရဲ့သတင်းဖော်ပြချက်အရဆိုရင် ရုရှားရဲ့ မဟာဗျူဟာမြောက် ဒုံးကျည် တပ်ဖွဲ့ရဲ့ တပ်မှူး Colonel-General Sergey Karakayev ဟာ ၂၀၁၃ ခုနှစ်မှာ အဲဒီဒုံးကျည်ရဲ့ စွမ်းဆောင်ရည်အချို့ကို ထုတ်ပြခဲ့ပါတယ်။

''ကျွန်တော်တို့ မြေပြင်မှာ ရွေ့လျားနိုင်တဲ့ Yars (RS-26 Rubezh) ဒုံးကျည်အမျိုးအစားကို ရည်ညွှန်း) အကြောင်းပြောရင် ပစ်လွှတ်စင်ဟာ တန် ၁၂၀ လောက် လေးပါတယ်။ အဆင့်မြှင့်ထားတဲ့ ဒီဒုံးကျည်မှာ ဆိုရင် ကျွန်တော်တို့ ရောက်နိုင်တာ ... တန် ၈၀ ပေါ့။ အဲဒီလောက် ပေါ့သွားအောင် လုပ်နိုင်ပါတယ်'' လို့ Karakayev ကပြောပါတယ်။

တနည်းအားဖြင့်ဆိုရင် ရုရှားဟာ INF ကန့်သတ်ချက်ကို ကီလိုမီတာ ၅၀၀ နီးပါး ကျော်လွန်နေတဲ့ Yars ကို အခြေခံပြီး ပိုပေါ့ပါးတဲ့ဒုံးကျည်ကို အစောပိုင်းမှာ ဖန်တီးနေတာပဲဖြစ်ပါတယ်။

ရလဒ် အနေနဲ့ကတော့ ပူတင်ပြောသွားတဲ့ အာရီယက်ရှ်ခင် (Oreshnik) ဟာ ကီလိုမီတာ ၈၀၀ အထိရောက်နိုင်တဲ့ ဒုံးကျည်စနစ် ဒါမှမဟုတ်ရင် အဲဒီစနစ်ကို ပိုကောင်းအောင်နဲ့ ပိုတိုတဲ့တာတစ်ခုရောက်အောင် ပုံစံ ထုတ်ထားတဲ့ ဒုံးကျည် ဖြစ်နိုင်တယ်လို့ အကဲခတ်အများစု ပြောကြပါတယ်။

INF သဘောတူညီချက် အရေးပါမှု

ယူကရိန်းအရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေဟာ နောက်မှာ မီးဟုန်းဟုန်းတောက်နေတဲ့ အဆောက်အအုံရှိနေချိန် ကူညီကယ်ဆယ်ရေးလုပ်နေကြ

ဓာတ်ပုံ ရင်းမြစ်, State Emergency Service of Ukraine

ဓာတ်ပုံ ပုံစာ, ယူကရိန်းနိုင်ငံအရှေ့ပိုင်း၊ ဒနီပရိုကို ကြာသပတေးနေ့ မနက် ဒေသစံတော်ချိန် မနက် ၅ နာရီခွဲမှာ ဒုံးကျည် ထိမှန်ချိန်

INF သဘောတူညီချက်ဟာ ဥရောပမှာ တင်းမာမှု လျှော့ချဖို့ ရည်ရွယ်ပါတယ်။

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ဖို့၊ အဲဒီပစ်လွှတ်မှုကို ကြိုတင်အသိပေးစနစ်တွေနဲ့ထောက်လှမ်းနိုင်ဖို့၊ တန်ပြန်တိုက်ခိုက်မှုနဲ့တုံ့ပြန်မှုကို နျူကလီးယားနဲ့ ဟန့်တားနိုင်ဖို့ရည်ရွယ်ပါတယ်။ အလားတူ ဗျူဟာမြောက် ဗုံးကြဲလေယာဥ်တွေလည်း ဒီလိုအချက်တွေ အကျုံးဝင်ပါတယ်။

ဒါပေမဲ့ ဒုံးကျည်တစ်စင်းရဲ့ ပျံသန်းချိန်ကို မိနစ်ပိုင်းအတွင်း မတိုင်းတာနိုင်ဘူးဆိုရင်တော့ ဒါတွေက အလုပ်မဖြစ်ပါဘူး။

တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်တွေဟာ နျူကလီးယားလက်နက်အသုံးအပြုအောင် ဗျူဟာမြောက် ဟန့်တားတဲ့နေရာမှာ သိသိသာသာအဟန့်အတားဖြစ်စေတဲ့အကြောင်းချင်းရာတွေထဲက တစ်ခုဖြစ်ပါတယ်။ နျူကလီးယားကျည်ထိပ်ဖူးတွေ တပ်နိုင်တာကြောင့် ဒီဒုံးကျည်တွေဟာ ကြားဖြတ်ဟန့်တားဖို့နဲ့ ဖျက်စီးဖို့ ခက်ပါတယ်။ ဒါ့အပြင် တန်ပြန် တိုက်ခိုက်မှုပြုလုပ်ဖို့လည်း အခွင့်အလမ်းနည်းပါတယ်။ အကြောင်းကတော့ အချိန်လုံလုံလောက်လောက်မရနိုင်တာကြောင့်ပါ။

ဒါ့အပြင် ဒီလိုဒုံးကျည်တွေကို ပစ်လွှတ်ဖို့ ရွှေ့ပြောင်းနိုင်တဲ့ ဒုံးပစ်စင်တွေဟာ ထောက်လှမ်းဖို့ ခက်ခဲသလို ပထမတစ်ချီ လေကြောင်းတိုက်ရုံနဲ့လည်း ဖျက်ဆီးဖို့ ခက်ပါတယ်။

နယ်စပ်တွေမှာ တာတိုနဲ့ အင်တာမီဒီယိတ် လို့ခေါ်တဲ့ တာလတ်နဲ့ တာဝေးကြားက ဒုံးကျည်အမျိုးအစားတွေကို ဖြန့်ကြက်ချထားတယ်ဆိုရင် စစ်ရေး ပဋိပက္ခ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဒုံးကျည်တွေကို အသုံးပြုတိုက်ခိုက်တယ်ဆိုရင် ခုခံဖို့ မစွမ်းသာတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကြိုတင်လက်ဦးတဲ့အနေနဲ့ပြုလုပ်တဲ့ နျူကလီးယားနဲ့တိုက်ခိုက်မှုလည်း ဦးတည်သွားနိုင်ပါတယ်။

သတိပေးချက်တွေ

ဒနီပရိုမြို့ကို တိုက်ခိုက်မှုဟာ အခုလို အမျိုးအစား ဒုံးကျည်တစ်စင်းကို တိုက်ပွဲမှာ ပထမဆုံးအသုံးပြုမှုဖြစ်လာပါတယ်။

ဒီလိုဒုံးကျည်တွေကို အသုံးပြုမယ်ဆိုရင် ရုရှားဟာ သတိပေးချက်တွေ ပေးပြီးမှ သုံးမယ်လို့ ပူတင်က ကြေညာပါတယ်။

''အာရီယက်ရှ်ခင် (Oreshnik) မပစ်လွှတ်ခင် မိနစ် ၃၀ ကြိုပြီး ရုရှားဟာ ယူကလီးယားအန္တရာယ်လျှော့ချရေးစင်တာကနေတဆင့် အမေရိကန်ပြည်ထောင်စုကို အလိုအလျှောက် အသိပေးချက် ပေးပို့ပါမယ်'' လို့ ရုရှားသမ္မတ ပူတင်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ခေါ့ဗ်က ပြောပါတယ်။

ကအဲဒီဒုံးကျည် မပစ်လွှတ်ခင်နေ့မှာ ကိယက်ဗ်မြို့က သူ့ရဲ့သံရုံးကို အ မေရိကန်က ပိတ်ခဲ့ပါတယ်။ ''ဖြစ်လာနိုင် ခြေရှိတဲ့လေကြောင်းတိုက်ခိုက်မှု သတင်းအချက်အလက် တိတိကျကျရရှိ ထားတာကြောင့်လို့ ဆိုပါတယ်။

စပိန်၊ ဂရိနဲ့ အီတလီနိုင်ငံတို့က သံရုံး တွေကတော့ ပိတ်ခဲ့ပါတယ်။ ပြင်သစ်နဲ့ ဂျာမနီ သံရုံး တွေကတော့ သံရုံးဖွင့် ပေမဲ့ သူတို့နိုင်ငံသားတွေကို သတိထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ယူကရိန်း တယ်လီဂရမ် ချန်နယ်တွေမှာ ရုရှားက Rubezh ဒုံးကျည်နဲ့ တိုက်ခိုက်လာနိုင်ခြေကိုပြောဆိုနေကြတာ ဒုံးကျည် မပစ်လွှတ်ခင်ကတည်းက ဖြစ်ပါတယ်။ အထူးသဖြင့် Kapustin Yar ဒုံးကျည် ပစ်လွှတ်စခန်းမှာ ဒုံးကျည်ကို ဖြန့်ကြက်ထားလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ် ကတည်းက ဖြစ်ပါတယ်။

ဒါပေမဲ့ လက်နက်အသစ်တစ်ခုကို အသုံးပြုနိုင်ခြေကို ရုရှားဒူးမား လွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin က အစောပိုင်းကတည်းက ကြေညာထားပါတယ်။

''ရုရှားဖဒရေးရှင်းဟာ လက်နက်စနစ်အသစ်တွေကို ယူကရိန်း ပိုင်နက်မှာ အသုံး မပြုဘူးလို့လည်း မပြောနိုင်ဘူး'' လို့ နိုဝင်ဘာလ ၁၈ ရက်မှာ ရေးသားထားပါတယ်။