တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းပြန်ပွင့်ဖို့ စစ်တပ်နဲ့ တရုတ် ဘယ်လိုလုံးပန်းနေလဲ

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့မှာ အုပ်ချုပ်ရေးစလည်ပတ်နေတဲ့ စစ်တပ်က မန္တလေးကနေ တရုတ်နယ်စပ်အထိ နယ်စပ်ကုန်သွယ်လမ်းကြောင်းကိုပါ ပုံမှန်အတိုင်းလည်ပတ်နိုင်ဖို့ ခြေလှမ်းပြင်လာပါတယ်။

စစ်ကောင်စီအတွက် အရင်က နေ့စဉ် ကုန်သွယ်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ သန်းခွဲကျော်အထိရှိတဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်စခန်းအပါအဝင် ရှမ်းမြောက်က အဓိကကျတဲ့ နှစ်နိုင်ငံကုန်သွယ်စခန်းတွေ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရပ်ဆိုင်းသွားခဲ့ပါတယ်။

တရုတ်ကြားဝင်မှုကြောင့် စစ်တပ်နဲ့ မြောက်ပိုင်းညီနောင်တို့ညှိနှိုင်းခဲ့တဲ့ ကူမင်းဆွေးနွေးပွဲတွေမှာလည်း နယ်စပ်ကုန်သွယ်လမ်းကြောင်း ပြန်ပွင့်ဖို့ဆိုတဲ့ အချက်တွေကိုပဲ ကိုင်စွဲဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိတဲ့ လားရှိုးမြို့ကို စစ်တပ်က ၈ လ အကြာမှာ သေနတ်သံတချက်မထွက်လိုက်ရဘဲ ပြန်ရခဲ့ပါတယ်။

တရုတ်နဲ့ကုန်သွယ်လမ်းကြောင်းပြန်ပွင့်ဖို့ဆိုရင် စစ်တပ်က မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမတလျှောက်က မြောက်ပိုင်းညီနောင်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) တို့ အပိုင်းလိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်ရဖို့ လိုပါတယ်။

စစ်တပ် ဘယ်မြို့တွေကို ပြန်ရဖို့လိုလဲ

၁၀၂၇ စစ်ဆင်ရေးလှိုင်း ၂ ခုအတွင်း မူဆယ်၊ မိုင်းရယ်နဲ့ တန့်ယန်းမြို့တို့ကလွဲရင် ကျန်တဲ့ ဒေသတွေကို မြောက်ပိုင်းညီနောင်နဲ့ မဟာမိတ်တပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

အလားတူ နယ်စပ်က အကြီးဆုံးကုန်သွယ်ရေးစခန်းဖြစ်တဲ့ ချင်းရွှေဟော်နဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်စခန်းအပြင်၊ ကျင်စန်းကျော့ဂိတ်၊ ကြူကုတ်(ပန်ဆိုင်း) ဂိတ်တို့ကိုလည်း ကိုးကန့်တပ်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံအစိုးရချင်းသဘောတူထိန်းချုပ်မှုနဲ့ လည်ပတ်နေတဲ့ ဒီကုန်သွယ်စခန်းတွေ မြောက်ပိုင်းမဟာမိတ်တွေလက်ထဲရောက်ချိန်မှာပဲ တရုတ်ဘက်က ကုန်သွယ်ရေးတွေ ရပ်ဆိုင်းခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ဒီဇင်ဘာ ၁ ရက်ကစပြီး မူဆယ်မြို့က ဆင်ဖြူဂိတ်အပါအဝင် နယ်စပ်ဂိတ်တချို့မှာ ကုန်သွယ်မှုပြန်စမယ်လို့ တရုတ်ကကြေညာခဲ့ပေမယ့် အဲဒီကြေညာချက်ထဲမှာ စစ်ကောင်စီနဲ့ တရုတ် နှစ်ဖက်ခွင့်ပြုမိန့်ပါမှ ကုန်သွယ်ခွင့်ရှိတဲ့အပြင် တခြားကန့်သတ်ချက်တွေကိုလည်း ထည့်သွင်းခဲ့ပါတယ်။

တရုတ်ဘက်က လိုအပ်တဲ့ ကုန်တချို့ကိုသာ တင်ပို့ဖို့ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး တရုတ်ဘက်က အေးခဲအသားတွေ လူသုံးကုန်ပစ္စည်းတွေကို မြန်မာဘက်ပြန်ပို့ဖို့ကို ကြေညာချက်ထဲမှာ ပိတ်ပင်ထားခဲ့ပါတယ်။

မန္တလေးကနေ ရှမ်းမြောက်က တရုတ်နယ်စပ်ကုန်သွယ်စခန်းတွေအထိ ကုန်သွယ်ဖို့ လားရှိုးမြို့က အဓိက အချက်အချာနေရာတစ်ခုဖြစ်ပါတယ်။

လားရှိုးမြို့ကို ပြန်ရခဲ့ပေမယ့် ရှမ်းမြောက်မှာ တရုတ်အထိ ကုန်သွယ်လမ်းပြန်ပွင့်ဖို့ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာမြို့တို့ကို စစ်တပ်က ပြန်ထိန်းချုပ်ဖို့ လိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းမှာ သိန္နီကို ကိုးကန့်တပ်က ထိန်းချုပ်ထားပြီး ကွတ်ခိုင်ကိုတော့ တအာင်းတပ်(TNLA)က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

နမ့်ဖတ်ကာရွာကြီးကိုတော့ KIA နဲ့ TNLA တို့က အပိုင်းလိုက်စီ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တရုတ်ကနေ မန္တလေးအထိ နယ်စပ်ကုန်သွယ်လမ်းကြောင်းပွင့်ဖို့ လားရှိုး-မန္တလေးကြားက သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့တို့ကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။

ဒါပေမဲ့ အဲဒီမြို့တွေကို ၁၀၂၇ စစ်ဆင်းရေးလှိုင်း ၂ ခုအတွင်းမှာပဲ TNLA က ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကုန်သွယ်လမ်းပွင့်ဖို့ စစ်တပ်နဲ့ တရုတ် ဘယ်လိုဖိအားပေးနေလဲ

လားရှိုးတစ်မြို့လုံး အုပ်ချုပ်ရေးအပြည့်အဝလည်ပတ်နိုင်ဖို့အပြင် ကိုးကန့်ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကိုပါ စစ်တပ်လက်ထဲပြန်ထည့်ဖို့ တရုတ်ဘက်က ကိုးကန့်ကို ဖိအားပေးနေတယ်လို့ ကိုးကန့်နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လားရှိုးမြို့ပေါ်မှာဆိုရင် စစ်တပ်က မြို့ပေါ်ရပ်ကွက် ၁၂ ခုကိုပဲ ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး မြို့ပြင်ပတ်ပတ်လည်က ကျေးရွာတွေမှာတော့ ကိုးကန့်တပ်တွေ ဆက်ရှိနေတာဖြစ်ပါတယ်။

လားရှိုးမြို့ကို ကိုးကန့်က စစ်တပ်လက်ထဲ ပြန်လွှဲတဲ့ ဧပြီလထဲမှာပဲ တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျွင်းကိုယ်တိုင် လားရှိုးမြို့အထိ ရောက်လာခဲ့သလို စစ်တပ်နဲ့ ကိုးကန့်ကြား အပစ်ရပ်စောင့်ကြည့်ဖို့အတွက် တရုတ်က အဖွဲ့တစ်ဖွဲ့ပါ စေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ စစ်တပ်နဲ့ ကိုးကန့်ရဲ့ ဖိတ်ကြားချက်အရ အပစ်ခတ်စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ခဲ့ပြီး လားရှိုးမြို့ ချောမွေ့စွာလွှဲပြောင်းရေးကိုလည်း အသိသက်သေအဖြစ်ရှိမယ့်အကြောင်း ထုတ်ပြောခဲ့ပါတယ်။

ကိုးကန့်တပ်ကတော့ နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ ဧပြီနောက်ဆုံးအပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လားရှိုးမြို့စစ်တပ်ပြန်ရပြီးနောက် မြောက်ပိုင်းညီနောင်တွေထိန်းချုပ်ထားတဲ့ မြို့တွေကိုပါ စစ်တပ်လက်ထဲပြန်ထည့်ဖို့ တရုတ်ဘက်က ဆက်တိုက်ဆိုသလို စစ်တပ်ဘက်ကရပ်ပြီး ညီနောင်တွေကို ဖိအားပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒါ့အပြင် ရှမ်းမြောက်က ကုန်သွယ်ရေးဂိတ်တွေမှာ စောင့်ကြပ်နေတဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တွေကိုလည်း နောက်ဆုတ်ဖို့ တရုတ်ဘက်က ဆန္ဒရှိနေတယ်လို့ နားလည်ရပါတယ်။

ကိုးကန့်တပ်ဘက်ကတော့ ထိန်းချုပ်ဒေသတွေထဲမှာ ကုန်သွယ်ဖို့အတွက် ဖြတ်သန်းခွင့်ပြုမှာဖြစ်ပြီး အကျိုးအမြတ်နဲ့ အခွန်ငွေတွေကို စစ်တပ်နဲ့ ခွဲယူဖို့ဆွေးနွေးနေတယ်လို့ နားလည်ရတဲ့အကြောင်း ကိုးကန့်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

"သိမ်းထားတဲ့ မြို့တွေကို လားရှိုးမြို့လို ပြန်ပေးမယ်ဆိုတဲ့အခြေအနေမျိုးတော့ မဟုတ်ဘူး" လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ ဧပြီ ၃၀ ရက်မှာတော့ မူဆယ်မြို့နယ်ထဲက ကြူကုတ်(ပန်ဆိုင်း) နယ်စပ်ဂိတ်မှာ ကိုးကန့်တပ်က ကိုးကန့်စစ်ဒေသအလံကို ဖြုတ်ချခဲ့ပြီး စစ်ကောင်စီအလံကို ပြန်တင်ပေးခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရသူ ၂ ဦးထက်မနည်းက ပြောပါတယ်။

"အလံပဲ ပြောင်းလိုက်တာ၊ တရားဝင် ကုန်အဝင်၊ အထွက်လုပ်တာတော့ လတ်တလော မရှိသေးဘူး" လို့ ကုန်သည်တချို့က ဆိုပါတယ်။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက တအာင်းတပ် TNLA ကလည်း တရုတ်ကြားဝင်မှုကြောင့် ဧပြီလကုန်ပိုင်းတုန်းက ၂ ရက်ကြာပြုလုပ်ခဲ့တဲ့ စစ်တပ်နဲ့ ကူမင်းဆွေးနွေးပွဲမှာ နှစ်ဖက်သဘောတူညီမှုမရခဲ့ကြဘူးလို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်က စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က TNLA ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

TNLA တပ်အားလုံး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်ဒေသတွေကနေ နမ့်ဆန်၊မန်တုံမြို့နယ်တွေကို ဆုတ်ဖို့ ပြောတာကို တအာင်းတပ်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦး ဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ငြင်းဆန်ခဲ့ပါတယ်။

ဒါကြောင့် ဆွေးနွေးပွဲရှေ့မဆက်နိုင်ဘဲ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေ သြဂုတ်လမှာ ထပ်တွေ့ဆုံဖို့ရှိတယ်လို့ တအာင်းတပ်က ကြေညာခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာလည်း မစ္စတာတိန့်ရွှီကျွင်းက တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ ၊ ဒေသတည်ငြိမ်အေးချမ်းဖို့နဲ့ ကိုးကန့်နဲ့ စစ်တပ်ကြား တစ်ဆင့်တိုး အပစ်ရပ်သလို ရပ်စဲနိုင်ဖို့အတွက် ကြိုးပမ်းခဲ့တယ်လို့ TNLA က ပြောပါတယ်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတုန်းကလည်း တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်တပ်နဲ့ TNLA တို့ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် မကျေလည်မှုတွေနဲ့ အဆုံးသတ်ခဲ့တာကြောင့် သဘောတူညီမှုမရခဲ့ပါဘူး။

နယ်စပ်ကုန်သွယ်ရေးအခြေအနေ

၁၀၂၇ စစ်ဆင်ရေးအတွင်း မူဆယ်က အဓိက နယ်စပ်ကုန်သွယ်စခန်းတွေ မြောက်ပိုင်းညီနောင်တွေ ထိန်းချုပ်လိုက်တာကြောင့် စစ်ကောင်စီက တရုတ်နဲ့ ကုန်သွယ်ဖို့ တောင်ကြီး-ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းကို အသုံးပြုခဲ့ပါတယ်။

ဒါပေမဲ့ လမ်းမသာဘဲ ခရီးလမ်းကြာချိန်က မန္တလေး-လားရှိုး-မူဆယ်လမ်းထက် အဆပေါင်းများစွာပိုများတာကြောင့် အလုပ်မတွင်တဲ့အခြေအနေလို့ ကုန်သည် ၃ ဦးထက်မနည်းက ဘီဘီစီကို ပြောပါတယ်။

"မန္တလေးကနေ မူဆယ်ကို ၁၂ နာရီလောက်ပဲ ကြာတယ်။ မိုင်းလားလမ်းကို သုံးမယ်ဆိုရင် တစ်ပတ်ကနေ ၁၀ ရက်အထိ ကြာတယ်" လို့ သစ်သီးကုန်သည်တစ်ဦးက ရှင်းပြပါတယ်။

ကုန်တင်ကား ငှားရမ်းခတွေကလည်း မူဆယ်လမ်းကြောင်းမှာ ခရီးတစ်ကြောင်းစာအတွက် ၁၆ သိန်းဝန်းကျင်ပဲရှိခဲ့ပေမယ့် မိုင်လားလမ်းကြောင်းကတော့ သိန်း ၁၁၀ ဝန်းကျင်အထိ ကားခကျသင့်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် မိုင်းလားလမ်းကြောင်းအသုံးပြုတာက သိန်း ၁၀၀ နီးပါး ကုန်ကျနေရတာဖြစ်ပါတယ်။

"ဆီဈေးတွေတက်တာ၊ ခရီးက ဝေးလွန်းတာအပြင် ကျပ်ငွေတန်ဖိုးထိုးကျနေတာကြောင့် သိန်းတစ်ရာကျော်အထိ ကားခပေးနေရတာ" လို့ သူက ထောက်ပြပါတယ်။

တစ်ဖက်မှာလည်း ဒီလိုခရီးလမ်းဝေးပြီး ရက်ကြာတာကြောင့် တရုတ်ဘက် ဂိတ်ရောက်တဲ့အခါ ကုန်စိမ်းတွေ မလတ်ဆတ်တော့တာ၊ ပုပ်သိုးတာတွေကြောင့် ကုန်သည်တွေ ဈေးနှိမ်ခံရတာ၊ အရှုံးပေါ်တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မေလအလွန် ကြုံရတော့မယ့် မိုးရာသီမှာလည်း မိုင်းလားလမ်းကြောင်းက လမ်းမကောင်းဘဲ ခရီးကြမ်းပြီး အန္တရာယ်များတာကြောင့် ခရီးတစ်ကြောင်းကို တစ်လဝန်းကျင်အထိ ကြာနိုင်မယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

ဒါကြောင့် ကုန်သည်တော်တော်များများ မိုးရာသီမှာ နားကြတယ်လို့ သိရပါတယ်။

ဧပြီလအထိ မိုင်းလားလမ်းကြောင်းသုံးပြီး မြန်မာကနေ ဆန်၊ ပဲနဲ့ သစ်သီးဝလံတွေ တင်ပို့နေပြီး တရုတ်ဘက်ကနေ အဝတ်အထည်၊ ဆေးဝါးနဲ့ အိမ်ဆောက်ပစ္စည်းတွေ သွင်းနေတယ်လို့ ကုန်သည်တွေက ပြောပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးတဲ့နောက် ကျိုင်းတုံစခန်းရဲ့ တစ်လ ကုန်သွယ်မှု ပမာဏက ပျမ်းမျှအနေနဲ့ အမေရိကန်ဒေါ်လာ ၃၄ သန်းရှိတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က ၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။

မူဆယ်မြို့နယ်ထဲက ကျင်စန်းကျော့ဂိတ်မှာလည်း ၂၀၂၅ ခုနှစ် မေလ အစပိုင်းအထိ မြန်မာဘက်က ပို့ကုန်တွေကို တရုတ်က လက်မခံဘဲ တရုတ်ဘက်က ဆေးဝါး၊ လူသုံးကုန်နဲ့ အိမ်ဆောက်ပစ္စည်းတချို့ကိုပဲ မြန်မာဘက်ထဲ သွင်းလို့ရတယ်လို့ ကုန်သည်တစ်ဦးက ရှင်းပြပါတယ်။

မူဆယ်က ကုန်သွယ်ရေးဂိတ်စခန်းအများစုထဲမှာ မူဆယ် မန့်ဝိန်းဂိတ်နဲ့ ချင်းရွှေဟော်အပါအဝင် တချို့ဂိတ်တွေ လုံးဝရပ်ဆိုင်းနေပြီး တချို့ဂိတ်တွေမှာလည်း တရုတ်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေ လိုက်နာနေရတာကြောင့် ခရီးမတွင်ဖြစ်နေတယ်လို့ ကုန်သည်တွေက အစောပိုင်းကတည်းက ပြောထားကြပါတယ်။

တရုတ်နယ်စပ်ကုန်သယ်ရေးအတွက် မန္တလေး-လားရှိုး-မူဆယ်လမ်းကြောင်းက အချောမွေ့ဆုံးနဲ့ ခရီးအတွင်ဆုံးလို့ ကုန်သည်တွေက မှတ်ချက်ပြုကြပါတယ်။

"ခရီးလမ်းတိုပြီး လမ်းကောင်းတယ်၊ ၁၀၅ မိုင်မှာဆိုရင် ကုန်ကားအစီးရေ ထောင်နဲ့ချီ ရပ်လို့ရတဲ့အထိ အဆင်ပြေတယ်" လို့ ကုန်သည်တစ်ဦးက ထောက်ပြပါတယ်။

ဒီလမ်းကြောင်းပြန်ပွင့်ဖို့ တရုတ်က ဆွေးနွေးပွဲတွေ ကမကထပြုလုပ်ပြီး ကြားဝင်နေသလို စစ်တပ်ကလည်း မြောက်ပိုင်းညီနောင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ထိုးစစ်တွေဖော်ဆောင်နေဆဲဖြစ်ပါတယ်။

တရုတ်စောင့်ကြည့်မှုကြောင့် ရှမ်းမြောက်မှာ ကိုးကန့် နဲ့ အပစ်ရပ်ထားတဲ့ စစ်တပ်က TNLA ထိန်းချုပ်နယ်မြေတွေမှာတော့ ဧပြီလကစပြီး ထိုးစစ်တွေ အရှိန်မြှင့်လာခဲ့ပါတယ်။

မန္တလေး-လားရှိုးပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ သီပေါ၊ ကျောက်မဲ၊ နောင်ချို ၃ မြို့ထဲက နောင်ချိုမြို့ကို အလုံးစုံပြန်ရဖို့ စစ်တပ်က ထိုးစစ် ၃ ခုနဲ့ တိုက်ပွဲဖော်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နောင်ချိုမြို့နယ်ထဲက စစ်တပ်ရဲ့ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်အပြင် အခြားအမြောက်တပ်ရင်းတွေပါရှိနေတဲ့ တောင်ခမ်းရွာကိုတော့ စစ်တပ်က ထိန်းချုပ်ထားပါတယ်။ နောင်ချိုမြို့ပေါ်ကိုတော့ TNLA က ထိန်းချုပ်ထားတာပါ။

တောင်ခမ်းအမြောက်တပ်ရင်းတွေကနေ စစ်ကြောင်းတွေ စေလွှတ်ပြီး နောင်ချိုကိုပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်နေတယ်လို့ TNLA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် မန္တလေး-နောင်ချိုကြား TNLA နဲ့ တော်လှန်ရေးအဖွဲ့တွေပူးပေါင်းထိန်းချုပ်ထားတဲ့ မတ္တရာ-သပိတ်ကျင်းတကြောကိုပါ စစ်တပ်က ပြန်ထိန်းချုပ်နိုင်ဖို့ လုပ်နေတာပါ။

မတ္တရာမြို့နယ်ထဲကို ဧပြီလကစပြီး စစ်တပ်က ထိုးစစ်ဆင်နေသလို သပိတ်ကျင်းမြို့နယ်ထဲကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီတစ်လထဲမှာပဲ စစ်တပ်လေကြာင်းတိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ်ထဲက လူ ၄၀ ကျော် သေဆုံးခဲ့တယ်လို့ သပိတ်ကျင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဘီဘီစီကို ပြောထားပါတယ်။

တရုတ်အစိုးရနဲ့ စစ်တပ်တို့ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်ဖို့ ကြိုးစားနေပေမယ့် ကုန်သွယ်ဖြတ်သန်းမယ့် နယ်မြေတွေကို စစ်တပ်ပြန်မစိုးနိုင်သရွေ့ ကုန်သွယ်ရေးပြန်စနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြနေကြပါတယ်။

တရုတ်က ကိုးကန့်ကို ဖိအားပေးနိုင်လို့ ရှမ်းမြောက်လားရှိုးကနေ မူဆယ်အထိ လမ်းပြန်ပွင့်သွားရင်တောင် "မန္တလေး-လားရှိုးလမ်းကြောင်းကို စစ်တပ်မအုပ်စီးနိုင်ရင် မူဆယ်ဂိတ်တွေပွင့်လည်း အလကားပဲ" လို့ အကဲခတ်တစ်ဦးက ပြောပါတယ်။