စကြဝဠာထဲက တခြားသက်ရှိတွေ၊ တွင်းနက်တွေနဲ့  ပေါက်ကွဲမယ့်ကြယ်တွေကို ဘယ်လိုလေ့လာနိုင်မလဲ  

ဂျိမ်းစ်ဝက်ဘ်.NASA, ESA, CSA, AND STSCI

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, ဂျိမ်းစ်ဝက်ဘ် ဂြိုဟ်တုမှန်ပြောင်းဟာ အကွာအဝေး အလင်းနှစ်ပေါင်း ၁၃.၅ ဘီလျံ အထိ ထောက်လှမ်းကြည့်ရှုနိုင်

သိပ္ပံပညာရှင်တွေဟာ မကြာသေးခင် လပိုင်းလောက် အလိုကမှ စတင်အသုံးပြုနိုင်ပြီဖြစ်တဲ့ ဂျိမ်းစ်ဝက်ဘ် ဂြိုဟ်တုမှန်ပြောင်းကို အသုံးပြုပြီး စကြဝဠာကြီးနဲ့  ပတ်သက်တဲ့ အခြေခံကျတဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ဖို့  မျှော်လင့်နေကြပါတယ်။ 

 အမေရိကန်ဒေါ်လာ ၈.၅ ဘီလျံ ကုန်ကျခဲ့တဲ့ အဲဒီ ဂြိုဟ်တုမှန်ပြောင်းကို ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဒီဇင်ဘာမှာ ကမ္ဘာပေါ်က လွှတ်တင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင်လရောက်မှရည်မှန်းတဲ့ နေပတ်လမ်းကြောင်းပေါ်ကို ရောက်ရှိကာ စတင် အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

 အခုလို လေ့လာကြမယ့် သိပ္ပံပညာရှင်တွေထဲမှာ ယူကေနိုင်ငံ ဝေလနယ် ကာဒစ်ဖ် တက္ကသိုလ်က သုတေသီတွေလည်း ပါဝင်ပြီး သူတို့ဟာ စကြဝဠာအတွင်းက မဟာတွင်းနက်ကြီးတွေ၊ ပေါက်ကွဲတော့မယ့် ကြယ်တွေနဲ့  သက်ရှိတွေ နေထိုင်နိုင်တဲ့ အနေအထားရှိနိုင်လောက်တဲ့ ဂြိုဟ်တွေကို ရှာဖွေ လေ့လာကြမယ်လို့  ဆိုပါတယ်။ 

 စကြဝဠာ
ဓာတ်ပုံ ပုံစာ, လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၅ ဘီလျံ အကြာ စကြဝဠာပေါ်လာကာစ ကြယ်တွေရဲ့  အခြေအနေကို သိပ္ပံပညာရှင်တွေက လေ့လာနိုင်

စကြဝဠာထဲက တခြားသက်ရှိတွေကို အာကာသမှန်ပြောင်းနဲ့  ဘယ်လို လေ့လာမလဲ

ဒေါက်တာ ဆူဘာဂျစ် ဆာကာ ကတော့ ဂျိမ်းဝက်စ် မှန်ပြောင်းကို အသုံးပြုပြီး သက်ရှိတွေ အသက်ရှင်နိုင်လောက်တဲ့ အခြေအနေရှိတဲ့ ဂြိုဟ်တွေ ရှိမရှိ လေ့လာရမှာစိတ်လှုပ်ရှားစရာပဲလို့  ပြောဆိုခဲ့ပါတယ်။ 

 ဒေါက်တာ ဆူဘာဂျစ် ဆာကာဟာ ကာဒစ်ဖ် တက္ကသိုလ်က ရူပဗေဒနဲ့  အာကာသဗေဒဆိုင်ရာ ကထိက တဦးလည်း ဖြစ်ပါတယ်။

 စကြဝဠာကြီး ဘယ်လိုဖြစ်တည်လာသလဲ၊ ကြယ်တွေနဲ့  ဂြိုဟ်တွေ ဘယ်လို ပေါ်ထွန်းလာသလဲ ဆိုတဲ့ မေးခွန်းတွေအပါအဝင် ပဓာနအကျဆုံး မေးခွန်းဖြစ်တဲ့ ကမ္ဘာ့ပြင်ပမှာတခြားသက်ရှိတွေ ရှိတဲ့ ဂြိုဟ်ကမ္ဘာတွေ ရှိနေမလား ဆိုတဲ့ မေးခွန်းတွေကို အဖြေရှာနိုင်ရေးအတွက် ဒီမှန်ပြောင်းက အကူအညီပေးနိုင်မယ်လို့  ဒေါက်တာ ဆာကာက မျှော်လင့်နေတာ ဖြစ်ပါတယ်။

 ဒေါက်တာ ဆာကာနဲ့အတူ လေ့လာမယ့် နောက်ထပ် သိပ္ပံပညာရှင်တဦးကတော့ ကိန်းဘရစ်ဂျ် တက္ကသိုလ်က နစ်ကူ မဒူဆူဒန် ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 သူတို့နှစ်ဦးဟာ ကမ္ဘာမြေနဲ့  အလင်းနှစ် ၁၂၄ သန်း ဝေးကွာတဲ့ အာကာသတွင်း တနေရာက သက်ရှိတွေ နေနိုင်လောက်တဲ့ အနေအထား ရှိတယ်လို့  ကနဦးယူဆထားတဲ့ K2-18b ဂြိုဟ်ကို ဂျိမ်းစ်ဝက်ဘ်အသုံးပြုပြီး အသေးစိတ် ဆက်လက်လေ့လာမှာ ဖြစ်ပါတယ်။ 

 လူသားတွေ နေထိုင်တဲ့ ကမ္ဘာမြေရှိရာ နေစကြဝဠာစနစ်ရဲ့ အပြင်ဘက်က ဂြိုဟ်တွေကို လေ့လာရာမှာ အဲဒီ ဂြိုဟ်တွေကိုပဲ သီးခြား မှန်ပြောင်းနဲ့  ကြည့်ပြီး ခွဲခြား လေ့လာလို့ မရဘူးလို့  ဆိုပါတယ်။ 

 အကြောင်းကတော့ အဲဒီဂြိုဟ်တွေကလည်း ကမ္ဘာက ပတ်နေတဲ့ နေ နည်းတူ သူတို့ ပတ်နေတဲ့ ကြယ်ရဲ့  တောက်ပတဲ့ အလင်းရောင်ကြောင့် ဂြိုဟ်တခုတည်းကို ခွဲခြား ကြည့်ရှုဖို့  ခက်ခဲတဲ့ အတွက်ကြောင့်လို့  ဆိုပါတယ်။

 ဒေါက်တာဆာကာ တို့ အနေနဲ့ ကတော့ သူတို့ လေ့လာဖို့ ရွေးချယ်ထားတဲ့ ဂြိုဟ်က သူလည်ပတ်နေတဲ့ ကြယ်ရှေ့က ဖြတ်သွားတဲ့အချိန်ကို စောင့်ရမယ်လို့  ဆိုပါတယ်။ 

 အခုလို ဖြတ်သွားတဲ့အချိန်မှာ မှန်ပြောင်းက ကြယ်ရောင်ကို မြင်ရမှု နည်းနည်းလေး လျော့သွားမယ့် အနေအထားကို ကြည့်ပြီး ဒီဂြိုဟ်ရဲ့  အရွယ်အစားကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ 

 အဲဒီဂြိုဟ်ရဲ့ လေထုအလွှာထဲမှာ မော်လီကျူးတွေ အမျိုးမျိုး ရှိနေမယ်ဆိုရင် အလင်းနိမ့်မြင့်ကြိမ်နှုန်း မတူတဲ့ အလင်းစုပ်ယူနှုန်း မတူတာကိုလည်း တွေ့ရမှာ ဖြစ်တယ်လို့  ဒေါက်တာ ဆာကာက ပြောပါတယ်။ 

 အခုလို အလင်းလှိုင်းအလျားမတူတဲ့ အခြေအနေတွေကို သိပ္ပံပညာရှင်တွေက သိရခြင်းအားဖြင့် ဂြိုဟ်တခုရဲ့  လေထုလွှာအတွင်း ဘာတွေနဲ့  ဖွဲ့စည်းထားသလဲဆိုတာကို သိနိုင်မှာဖြစ်သလို အဲဒီကတဆင့် သက်ရှိရပ်တည်ရေးအတွက် အရေးပါတဲ့ ရေ ရှိမရှိလည်း ခန့်မှန်းနိုင်မယ်လို့  ဆိုပါတယ်။ 

 ကျယ်ပြောလှတဲ့ စကြဝဠာအတွင်း အခြေအနေအမျိုးမျိုး ရှိနိုင်မှု စာရင်းဇယားမှတ်တမ်းအရ တနေရာရာမှာ သက်ရှိတမျိုးမျိုး ရှိတယ်ဆိုတာ သေချာသလောက်နီးပါး ပြောနိုင်တယ်လို့  ယူဆထားပြီး တကယ်တမ်း မသေချာတဲ့ကိစ္စကတော့ သက်ရှိတွေ ရှိနေတတ်တဲ့ နေရာဒေသအလားအလာ ဘယ်လောက်များသလဲ ဆိုတာပဲ ဖြစ်တယ်လို့  ဒေါက်တာ ဆာကာက ဆိုပါတယ်။ 

အခုလို သက်ရှိတွေ ရှိမနေ ဆုံးဖြတ်ရာမှာ ရေရှိမရှိ ဆိုတဲ့ အခြေအနေက အဓိကကျပြီး အခုလို ရှိတဲ့ ရေကလည်း အရည်အဆင့်မှာ ရှိနိုင်လောက်တဲ့ မအေးလွန်းတဲ့ အခြေအနေလည်း ရှိဖို့ လိုအပ်ပါတယ်။ 

 ဒေါက်တာ ဆာကာတို့ က အဲဒီ K2-18b ကို လေ့လာဖို့  ရွေးထားရတာကတော့ သူ့ရဲ့  ကြယ်နဲ့  အကွာအဝေးက သက်ရှိတွေ အသက်ရှင်နိုင်လောက်တဲ့ အကွာအဝေးဖြစ်တာကြောင့်လို့ ဆိုပါတယ်။

 ဒီဂြိုဟ်ရဲ့  သူပတ်နေတဲ့ ကြယ်နဲ့  အကွာအဝေးက ဒီဂြိုဟ်ပေါ်မှာ ရေက အရည်အဖြစ် တည်ရှိနိုင်တဲ့ အပူချိန် ရှိနိုင်လောက်ပြီး ရေရှိနိုင်တဲ့ ဂြိုဟ်တွေ့ ပြီဆိုတာနဲ့  သူတို့ စိတ်လှုပ်ရှားရတယ်လို့  ဒေါက်တာ ဆာကာက ဆိုပါတယ်။ 

 

ပေါက်ကွဲတော့မယ့် ကြယ်တွေ

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, ကြယ်အမျိုးအစားကြီးတွေ သက်တမ်းကုန်ပြီး ပေါက်ကွဲတဲ့အခါမှာ အနီးပတ်ဝန်းကျင်က အရာဝတ္ထုတွေ အများကြီးကို ဆွဲမွှေ့ လေ့ရှိ

စကြဝဠာထဲက မဟာတွင်းနက်ကြီးတွေနဲ့  ပေါက်ကွဲတော့မယ့် ကြယ်တွေကို အာကာသမှန်ပြောင်းနဲ့  ဘယ်လို လေ့လာမလဲ

ဂျိမ်းစ်ဝက်ဘ် မတိုင်ခင်မှာ ကမ္ဘာပေါ်က အာကာသ သိပ္ပံပညာရှင်တွေက ဟက်ဘယ် အာကာသမှန်ပြောင်းကို အားကိုးခဲ့ရရာမှာ လက်ရှိ မှန်ပြောင်းကတော့ ဟက်ဘယ်ကို အစားထိုးဖို့ ဆိုတာထက် ဟက်ဘယ်နဲ့  မတူတဲ့ စွမ်းရည်တွေ ရှိထားပြီး ပိုပြီး ဝေးဝေးမြင်နိုင်တယ်လို့. ဆိုပါတယ်။ 

 ဒါပေမဲ့ ဂျိမ်းစ်ဝက်ဘ် မှန်ပြောင်းဟာ ဟက်ဘယ်လို ပုံမှန် အလင်းနဲ့  ကြည့်တာ မဟုတ်ပဲ အနီအောက်ရောင်ခြည် အခြေခံတဲ့ အဝေးကြည့်မှန်ပြောင်းမျိုး ဖြစ်ပါတယ်။

 အခုလို အနီအောက်ရောင်ခြည် အခြေခံတဲ့ အဝေးကြည့်မှန်ပြောင်း ဖြစ်တာကြောင့်လည်း အများကြီး ပိုဝေးဝေး ကြည့်နိုင်တဲ့အပြင် အာကာသအတွင်း အမှုန်အပျက်အစီးတွေ ကြားထဲကနေလည်း ဖြတ်ပြီး မြင်နိုင်တယ်လို့  ဆိုပါတယ်။ 

 ဒီလို စွမ်းရည်ရှိတဲ့အတွက်ကြောင့်လည်း ဒီမှန်ပြောင်းကို အသုံးပြုရတာ ဖြစ်တယ်လို့  ကာဒစ်ဖ် တက္ကသိုလ်ကပဲ ဖြစ်တဲ့ ဒေါက်တာ တင်မ် ဒေးဗစ်က ဆိုပါတယ်။ 

 ဒေါက်တာ တင်မ် ဒေးဗစ်ဟာ အလွန်ဝေးလံတဲ့ စကြဝဠာထဲက ကြယ်ပြင် အစုအဝေးတွေရဲ့  အလယ်မှာ ရှိတတ်တဲ့ အလွန်ကြီးမားတဲ့ မဟာတွင်းနက်ကြီးတွေကို ဂျိမ်းစ်ဝက်ဘ် မှန်ပြောင်းသုံးပြီး လေ့လာမှာ ဖြစ်ပါတယ်။ 

 အဲဒီ တွင်းနက်ကြီးတွေဟာ အလင်းတန်းတွေကိုတောင် စုပ်ယူထားနိုင်တဲ့အထဲ ဆွဲငင်အားကြီးကြပြီး အခုလို ဆွဲငင်အားနဲ့  စုပ်ယူအပြီးမှာလည်း အနီးပတ်ဝန်းကျင်ကို စွမ်းအင်တွေ ရှုပ်ရှုပ်ထွေးထွေးနဲ့  အများအပြား ကန်ထွက်လာလေ့ရှိတယ်လို့  ဆိုပါတယ်။ 

တွင်းနက်ကြီး

ဓာတ်ပုံ ရင်းမြစ်, EHT

ဓာတ်ပုံ ပုံစာ, တွင်းနက်ကြီးတွေဟာ အလင်းတန်းတွေကိုတောင် စုပ်ယူထားနိုင်

အခုလို ဆွဲငင်အား ကြီလွန်းတဲ့အတွက်ကြောင့်ပဲ ဒီတွင်းနက်ကြီးတွေရဲ့  အနီးပတ်ဝန်းကျင်မှာ အရာဝတ္ထုတွေ ရှုပ်ယှက်ခတ်နေတဲ့အတွက်ကြောင့် အနီအောက်ရောင်ခြည် အခြေခံတဲ့ ထွင်းဖောက်လေ့လာမှု လိုအပ်တာ ဖြစ်ပါတယ်။ 

 အခုလို အနေအထားတွေကို လေ့လာခြင်းအားဖြင့် ဒီတွင်းနက်ကြီးတွေကို ဗဟိုပြု လည်ပတ်နေတဲ့ ကြယ်စင် အစုအဝေးကြီးတွေ ဘယ်လို အဆင့်ဆင့် ပြောင်းလဲသွားတတ်သလဲ ဆိုတာ လေ့လာနိုင်မယ်လို့  ဒေါက်တာ ဒေးဗစ်က ဆိုပါတယ်။

 ကာဒစ်ဖ် တက္ကသိုလ်က ဒေါက်တာ မီကာကို မက်ဆူးရာ ကတော့ သူဟာ ဂျိမ်းစ်ဝက်ဘ်ကို အသုံးပြုပြီး သက်တမ်းကုန်လို့  ပေါက်ကွဲတော့မယ့် ကြယ်တွေကို လေ့လာမယ်လို့  ဆိုပါတယ်။ 

 အလွန်ကြီးမားတဲ့ ကြယ်အမျိုးအစားကြီးတွေ သက်တမ်းကုန်ပြီး ပေါက်ကွဲတဲ့အခါမှာ မီးလုံးကြီးလို ဖြစ်လာပြီး အနီးပတ်ဝန်းကျင်က အရာဝတ္ထုတွေ အများကြီးကို ဆွဲမွှေ့လေ့ရှိတဲ့ အနေအထားတွေကို သူက လေ့လာမှာ ဖြစ်ပါတယ်။ 

 ဒေါက်တာ မီကာကို မက်ဆူးရာက သူ့အနေနဲ့  ဂျိမ်းစ်ဝက်ဘ်ကို သုံးပြီး သူလေ့လာချင်တဲ့ဟာကို လေ့လာရတာ ပိုကောင်းမယ်ဆိုတာ သိပေမယ့် လက်ရှိသိရလောက် အချက်အလက်နဲ့တင်ပဲ အတော် စိတ်ဝင်စားစရာ ကောင်းနေပြီလို့  ဆိုပါတယ်။ 

နက်ပကျွန်းဂြိုဟ်

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, နက်ပကျွန်းဂြိုဟ်မှာလည်း စနေဂြိုဟ်လိုပဲ သူ့ကို ပတ်နေတဲ့ ကွင်းတွေ ရှိနေတာကို တွေ့ ကြရပြီး 

ဂျိမ်းစ်ဝက်ဘ်မှန်ပြောင်းနဲ့  လေ့လာချက်အရ ဘာတွေ ထပ်တွေ့ ထားပြီးပြီလဲ

ဂျိမ်းစ်ဝက်ဘ်မှန်ပြောင်းကတဆင့် လက်ရှိ ၂၀၂၂ စက်တင်ဘာလကုန် ကာလမှာ နက်ပကျွန်းဂြိုဟ်နဲ့  ပတ်သက်တဲ့ အချက်အလက်တွေ ထပ်မံ ရရှိထားခဲ့ပါတယ်။ 

 နေစကြဝဠာစနစ်အတွင်းမှာ ယခင်က ဂြိုဟ်ကိုးလုံးရှိတယ်လို့  ယူဆထားရာကနေ နောက်ဆုံးက ပလူတိုဂြိုဟ်ကို ဂြိုဟ်အဆင့် မသတ်မှတ်တော့တဲ့အတွက် နက်ပကျွန်းက နောက်ဆုံးဂြိုဟ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ 

 ပလူတိုဂြိုဟ်ဟာ တခြား ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေရဲ့  နေကိုပတ်တဲ့ လမ်းကြောင်းနဲ့  ထပ်တာတွေရှိပြီး သီးခြား နေကို ပတ်တဲ့လမ်းကြောင်း မရှိတဲ့အပြင် နေစကြဝဠာ အစွန်ဘက် ခိုင်ပါဘဲ့လ်တ် Kuiper Belt ဆိုတဲ့ ရပ်ဝန်းဒေသအတွင်းမှာ ပလူတိုဂြိုဟ်နီးပါး ကြီးတဲ့ ဂြိုဟ်သိမ်တွေကို တွေ့လာရလို့  အခုလို ဂြိုဟ်အဆင့်က မသတ်မှတ်တော့တာလည်း ဖြစ်ပါတယ်။

 နက်ပကျွန်းဂြိုဟ်ရဲ့  အသေးစိတ် ဓါတ်ပုံကို ၁၉၈၉ ခုနှစ်တုန်းက Voyager 2 ဂြိုဟ်တုက ဖြတ်သွားချိန်မှာသာ နောက်ဆုံး ရိုက်ယူထားနိုင်ခဲ့ရာကနေ အခု ဂျိမ်းစ်ဝက်ဘ်နဲ့  ရိုက်လိုက်တဲ့ အသေးစိတ် ဓာတ်ပုံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

 ဒီဓာတ်ပုံအရ နက်ပကျွန်းဂြိုဟ်မှာလည်း စနေဂြိုဟ်လိုပဲ သူ့ကို ပတ်နေတဲ့ ကွင်းတွေ ရှိနေတာကို တွေ့ ကြရပြီး ယခင်က မတွေ့ ဖူးတဲ့ အလင်းလှိုင်းအလျားတွေက ပြဆိုနေတဲ့ အချက်အလက်တွေကို သိပ္ပံပညာရှင်တွေက ဆက်လက် ပုံဖော်နေကြပါတယ်။

 သိပ္ပံပညာရှင်တွေဟာ ဂျိမ်းစ်ဝက်ဘ်ကို အသုံးပြုပြီး စကြဝဠာပေါ်ထွန်းစေခဲ့တဲ့ မဟာပေါက်ကွဲမှု ဖြစ်စဉ် Big Bang ဖြစ်ပွားအပြီး အနှစ်သန်းတရာလောက် အကြာ အနေအထားကို လှမ်းမြင်နိုင်ဖို့  မျှော်မှန်းထားကြပြီး ဒါကို လေ့လာခြင်းအားဖြင့် လက်ရှိ စကြဝဠာရဲ့  ရှေ့ရေး အလားအလာကို လေ့လာခန့် မှန်းနိုင်မှာ ဖြစ်ပါတယ်။ 

 ကမ္ဘာပါဝင်တဲ့ နေစကြဝဠာစနစ်က သေးငယ်တဲ့ အစိတ်အပိုင်းတရပ်အဖြစ် ပါဝင်တဲ့ နဂါးငွေ့တန်း ကြယ်စင် အစုအဝေးလိုမျိုး ကြယ်စင်အစု galaxies တွေကို ယခင် ဟက်ဘယ် အာကာသမှန်ပြောင်းကို အသုံးပြုပြီး အလားတူ ကြယ် အစုအဝေးပေါင်း ဘီလျံ ၁၀ဝ လောက် ရှာတွေ့ ထားခဲ့ရာမှာ ဂျိမ်းစ်ဝက်ဘ်ကို သုံးပြီး အနည်းဆုံး ဘီလျံ ၁၀ဝ လောက် ထပ်တွေ့ နိုင်မယ်လို့လည်း ခန့်မှန်း ထားကြပါတယ်။

ဂျိမ်းစ်ဝက်ဘ်

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, ဂျိမ်းစ်ဝက်ဘ် မှန်ပြောင်းက သူပထမဆုံး စတင် အလုပ်လုပ်နိုင်တဲ့အချိန်မှာ ကမ္ဘာမြေပေါ် ပထမဆုံး ပို့ လိုက်တဲ့ အာကာသဓါတ်ပုံ

ဂျိမ်းစ်ဝက်ဘ်မှန်ပြောင်းက ဘယ်လောက် အားကောင်းသလဲ 

ဂျိမ်းစ်ဝက်ဘ် ဂြိုဟ်တုမှန်ပြောင်းဟာ အကွာအဝေး အလင်းနှစ်ပေါင်း ၁၃.၅ ဘီလျံ အထိ ထောက်လှမ်းကြည့်ရှုနိုင်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၅ ဘီလျံ အကြာ စကြဝဠာပေါ်လာကာစ ကြယ်တွေရဲ့  အခြေအနေကို သိပ္ပံပညာရှင်တွေက လေ့လာနိုင်မှာ ဖြစ်ပါတယ်။

 

ဂျိမ်းစ်ဝက်ဘ် မှန်ပြောင်းက သူပထမဆုံး စတင် အလုပ်လုပ်နိုင်တဲ့အချိန်မှာ ကမ္ဘာမြေပေါ် ပထမဆုံး ပို့ လိုက်တဲ့ အာကာသဓာတ်ပုံက အလင်းနှစ်သန်း ထောင်ချီတဲ့ အကွာအဝေးတွေဆီက သန်းပေါင်း ထောင်နဲ့ချီတဲ့ ကြယ်တွေကို တွေ့ ခဲ့ရပါတယ်။ 

 ဒါပေမဲ့ ဒီမှန်ပြောင်းက တကယ်တမ်းရိုက်ပြခဲ့တဲ့ ပမာဏက သာမန်ကမ္ဘာပေါ်က လူတဦးက ကောင်းကင်ယံမှာ သဲတမှုန်ကို ထောင်ကြည့်တဲ့ အတိုင်းအတာလောက်ကလေးပဲ ရှိပါဦးမယ်လို့  ဆိုပါတယ်။ 

 ယခင်နာမည်ပြီး ဟက်ဘယ် အာကာသမှန်ပြောင်းကလည်း အလားတူ ဝေးလံလွန်းတဲ့ နေရာက အာကာသဓာတ်ပုံတွေကို လှမ်းရိုက်နိုင်ခဲ့ပါတယ်။

 ဒါပေမဲ့ ဂျိမ်းစ်ဝက်ဘ်က ပေးပို့တဲ့ ပထမဆုံး ဓါတ်ပုံကတော့ လူသားတွေ ရိုက်ယူရရှိပြီးတဲ့အထဲက စကြဝဠာရဲ့  အနက်ရှိုင်းဆုံးနဲ့  အသေးစိတ်အကျဆုံး စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။