လေထုညစ်ညမ်းမှု သို့မဟုတ် အသံတိတ်လူသတ်သမားနဲ့ ကျန်းမာရေးဆိုးကျိုး

  • ရေးသားသူ, အွန်နာ အမ်း
  • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား

လမ်းမတွေထက်မှာ အသံတိတ်လူသတ်သမားတစ်ဦး ရှိနေပါတယ်။ ခက်တာက လက်ဆုပ်လက် ကိုင်ပြလို့လည်း မရသလို သူ့လက်ကလွတ်မြောက်နိုင်မယ့်လမ်းလည်းမရှိပါဘူး။

နှစ်စဉ် ဒဏ်ခံရသူ ၄ သန်းရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိနေတဲ့ လေထုညစ် ညမ်းမှုဟာ အဓိကပြည်သူ့ကျန်းမာရေး ပြသနာတစ်ခု ဖြစ်လာပါတယ်။

လေထုညစ်ညမ်းတဲ့အမှုန်အမွှားတွေဟာ မိုင်ချီရွှေ့လျားသွားနိုင်ပြီး စတင်ဖြစ်ပွားရာအရင်းအမြစ်ကနေ ဝေးလံတဲ့ဒေသတွေထိကို သက်ရောက်နိုင်တာပါ။

တစ်ဦးချင်းစီအသိစိတ်နဲ့ သက်သာလျော့ပါးအောင်လုပ်တာက အတိုင်းအတာတစ်ခုအထိပဲ အကျိုးဖြစ်ထွန်း နိုင်တာကြောင့် ပြဿနာကို တကယ်ထိထိရောက်ရောက်ကိုင်တွယ်ဖို့ဆိုရင် အစိုးရတွေ နဲ့ စီးပွားရေးလုပ်ငန်း ကြီးတွေကနေ အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ဦးဆောင်အားထုတ်တဲ့အနေနဲ့ ၂၀၂၀ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စက်တင်ဘာ ၇ ရက်ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အဖြစ် သတ်မှတ်ခဲ့ပါ တယ်။

လေထုညစ်ညမ်းမှုပြဿနာအတိမ်နက်ကို ဘီဘီစီက ဆန်းစစ်ကြည့်ထားပြီး ပညာရှင်တွေက ဘာတွေလုပ်ဖို့ အကြံပြုထားသလဲဆိုတာ ဒီဆောင်းပါးမှာ ဖတ်ရမှာဖြစ်ပါတယ်။

လေထုညစ်ညမ်းမှုပြဿနာ ဘယ်လောက်အထိ ကြီးမားလဲ

ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဉ် (UNEP) က ‌လေထုညစ်ညမ်းမှုကို “ကမ္ဘာတဝှမ်း ပြည်သူ့ ကျန်းမာရေးအတွက် အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု” အဖြစ် ခေါ်ဆိုထားသလို လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ အရပ်ရပ်က လူဦးရေ ၇ သန်းလောက်ကို အရွယ်မတိုင်ခင် သေဆုံးနေစေတယ်လို့ ခန့်မှန်းတွက်ချက်ပါတယ်။

လူ့အသက်တွေတင် စတေးရတာမဟုတ်ပါဘူး။

ကမ္ဘာ့ဘဏ်ရဲ့တွက်ချက်မှုအရ ၂၀၁၉ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာအတွက် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ထရီလီယံ ကုန်ကျခဲ့ရတာပါ။

ဒါဟာ ကမ္ဘာ့ GDP ရဲ့ ၆ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။

“လေထုညစ်ညမ်းမှုက တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာဆိုပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာနေတဲ့သူတွေ အထူးသဖြင့် အထိခိုက်လွယ်ဆုံး အမျိုးသမီး၊ကလေးနဲ့သက်ကြီးရွယ်အိုတွေမှာ ပိုပြီးသက်ရောက်မှုရှိတာဖြစ်ပါ တယ်”လို့ UNEPက ဆိုပါတယ်။

အစိုးရတွေက ဘယ်လိုစိန်ခေါ်မှုတွေ ကြုံနေရလဲ

“လေထုညစ်ညမ်းတာက သဘာဝအရကော လူကြောင့်ပါဖြစ်နေရတာဆိုတော့ ဇစ်မြစ်က တအားကျယ်ပြန့်တော့ ထိန်းချုပ်ဖို့လည်း ခက်တယ်” လို့ UNEP ရဲ့ ရာသီဥတု နဲ့ သန့်ရှင်းသောလေ မဟာမိတ်အဖွဲ့ အတွင်း ရေးမှူးချုပ် မာတီနာ အော့တိုက ပြောပါတယ်။

“လေထုအရည်အသွေးစောင့်ကြည့်ရေး အခြေခံအဆောက်အအုံက တည်ထောင်ဖို့ နဲ့ ထိန်းသိမ်းနိုင်ဖို့က ကုန်ကျစရိတ်ကြီးမြင့်တဲ့အတွက် နိုင်ငံအတော်များများမှာမရှိကြဘူး”

သန့်ရှင်းတဲ့လေထုရလာဖို့ လုပ်ဆောင်တာကို ရင်းနှီးမြှုပ်နှံရကျိုးနပ်တဲ့ လုပ်‌ဆောင်ချက်တစ်ခုအဖြစ် မြင်လာကြဖို့အတွက် သဘောထားတွေ ကြီးကြီးမားမားပြောင်းလဲဖို့ လိုအပ်တယ်လို့ သူယုံကြည်ပါတယ်။

“ဖြည့်ပြောရရင်တော့ စည်းမျဉ်းစည်းကမ်းတွေ ထိရောက်တာကလည်းမတူသလို တချို့ဒေသမှာက လုံ လောက်တဲ့ ဥပဒေ ဒါမှမဟုတ် လိုက်နာကျင့်သုံးအောင်ဖိအားပေးတဲ့ လုပ်ထုံးလုပ်နည်းတွေကလည်း မရှိဘူး”

“အကောင်အထည်ဖော်လိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒနဲ့ ရန်ပုံငွေကိစ္စကလည်း အဓိကအတားအဆီးတွေပဲ”

လေထုညစ်ညမ်းမှု ဘာကြောင့်ဖြစ်တာလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အဆိုအရတော့ ညစ်ညမ်းတဲ့လေထုထဲမှာ အစိုင်အခဲအမှုန်လေးတွေ၊ ရေစက်ရေပျောက်လေးတွေ နဲ့ ဓာတ်ငွေ့တွေ ပါဝင်နေတဲ့ လေထုဖြစ်ပါတယ်။

အမှုန်အမွှား PM ပေါ်မူတည်တိုင်းတာပြီး အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာ PM 2.5 နဲ့ အောက်သေးငယ်တဲ့ အမှုန်တွေက လူ့ကျန်းမာရေးကို သိသိသာသာခြိမ်းခြောက်နိုင်ပါတယ်။ ဒီလောက်သေးငယ်တဲ့အမှုန်အရွယ်အစားဟာ တစ်ဖက်မှာကြည့်ရင် အဲဒီအမှုန်ပါတဲ့လေကို ရှုရှိုက်မယ်မိတယ်ဆိုရင် ဒီအမှုန်ငယ်တွေဟာ သွေးကြောထဲကနေဆင့် နှလုံး၊ ဦးနှောက်နဲ့ တခြားကိုယ်တွင်းအင်္ဂါတွေမှာ စုပုံ အနယ်ထိုင်သလိုမျိုး ရောက်ရှိနိုင်ပါတယ်။

လူ့ဆံပင်အရွယ်အစားဟာ ၇၀ မိုက်ခရိုမီတာရှိတာကြောင့် အမှုန်အမွှားလေးတွေဟာ ဆံချည်မျှင်ကို အုံ ၃၀ ပုံလိုက်မယ်ဆိုရင် ပုံ ၁ ပုံ လောက်ပဲရှိပြီး အဲဒီအမှုန်ငယ်တွေထဲမှာ ကြပ်ခိုး ကနေ ဖုန်မှုန့်နဲ့ ဆာလဖိတ်တွေထိ ပါနိုင်ပါတယ်။

ယာဉ်မောင်းနှင်ခြင်း နဲ့ အပူပေးခြင်း အန္တရာယ်

ရုပ်ကြွင်းလောင်စာတွေကနေ လျှပ်စစ်ထုတ်ယူတာ၊ သယ်ယူပို့ဆောင်ရေး(တာယာ နဲ့ ဘရိတ်ပွတ်တိုက်တာ) နဲ့ အိမ်တွင်း ညစ်ညမ်းမှု (အထူးသဖြင့် ချက်ပြုတ်ခြင်းနဲ့အပူပေးခြင်း) တွေဟာ အမှုန်အမွှားတွေလာရာ အရင်းအမြစ်တွေဖြစ်ပါတယ်။

ကန္တာရနဲ့နီးတဲ့နေရာတွေမှာ လေနဲ့အတူပါလာတဲ့ဖုန်တွေက လေထုညစ်ညမ်းစေတဲ့အဓိကအကြောင်းရင်း ဖြစ်ပါတယ်။

အာဖရိက၊ အနောက်အာရှနဲ့ ဥရောပမှာ လေနဲ့ပါလာတဲ့ဖုန်က လေထုညစ်ညမ်းမှု အကြောင်းရင်းခံဖြစ်ပြီး အမေရိကမှာတော့ သယ်ယူပို့ဆောင်ရေးကြောင့် ဖြစ်ပါတယ်။ လက်တင်အမေရိက၊ မြေထဲပင်လယ်မှာတော့ စက်ရုံအလုပ်ရုံတွေ ကြောင့်ဖြစ်ကာ အာရှပစိဖိတ်ဒေသမှာတော့ အိမ်တွင်း မီးအသုံးပြုမှုကနေ ထွက်လာတဲ့ လေထုညစ်ညမ်းမှုက အကြောင်းရင်းကြီးတစ်ခုဖြစ်တာပါ။

လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိစေတာလဲ

လူ့ခန္ဓာကိုယ်ထဲမှာ လေထုထဲကညစ်ညမ်းတဲ့အမှုန်အမွှားတဲ့ရှိနေတာက ကိုယ်တွင်းအင်္ဂါတွေရဲ့လုပ်ဆောင် ချက်အပေါ်မှာ ထိခိုက်တဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။

၂၀၁၉ ခုနှစ်အချက်အလက်အရ အဖြစ်များတဲ့ကျန်းမာရေးပြဿနာ ၆ ခုကြောင့် သေဆုံးမှုတွေမှာ လေထု ညစ်ညမ်းမှုကလည်း တစ်စိတ်တစ် ပိုင်းပါနေပြီး လေဖြတ်သေဆုံးမှုအားလုံးရဲ့ ၁၇ရာခိုင်နှုန်းဟာ လေထု ကြောင့်ဖြစ်တာလို့ ကုလသမဂ္ဂကခန့် မှန်းပါတယ်။

PM 2.5 နဲ့ထိတွေ့တဲ့ ကာလအတိုအရှည်ပေါ်မူတည်ပြီး နောက်ဆက်တွဲကြုံရတဲ့ ကျန်းမာရေးပြဿနာက လည်း မတူကြပါဘူး။

ရေတိုထိတွေ့မှုက နဂိုရောဂါအခံကို ဆိုးရွားစေနိုင်သလို ရေရှည်ထိတွေ့ရင်တော့ ရောဂါရလာနိုင်ပြီး အခြေ အနေကလည်း ခပ်မြန်မြန်ပိုဆိုးရွားစေလာနိုင်ပါတယ်။

လေထုအရည်အသွေး တိုးတက်အောင် လုပ်နိုင်နေပြီလား

ဥရောပ၊အမေရိကန်၊ကနေဒါနဲ့ဂျပန်တို့ကတော့ လေထုထဲကို ကာဗွန်ထုတ်လွှတ်မှုကို ကန့်သတ်ဖို့ ထိရောက်တဲ့ စစ် ဆေးတိုင်းတာမှုတွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ UNEPက မာတီနာ အော့တိုကပြောပါတယ်။

သူက လန်ဒန်ထုတ်လွှင့်မှုအထူးလျော့ချရေးဇုန် Ulez ကို ဥပမာပေးပါတယ်။

လန်ဒန်မြို့လယ်မှာ ယာဉ်ကြောကြပ်တည်းတာကိုလျှော့ချပြီး ဗြိတိန်နိုင်ငံမြို့တော်မှာ လေထု ညစ်ညမ်းစေတဲ့ အမှုန်အမွှား ၅၀ ရာခိုင်နှုန်းအထိ လျှော့ကျသွားစေခဲ့တာပါ။

ရေရှည်မှာတော့ လန်ဒန်ရဲ့လေထုညစ်ညမ်းမှုကို ၁၉၀၀ ပြည့်နှစ်ကထက် ၉၇ ရာခိုင်နှုန်းလောက် လျှော့ကျ သွားပါပြီ။

မက်ဆီကိုနဲ့ ဘေဂျင်းရဲ့ လေထုညစ်ညမ်းမှုကို အစိုးရရဲ့လုပ်ဆောင်ချက်နဲ့လျှော့ချနိုင်ခဲ့တာကလည်း ဥပ မာကောင်း နှစ်ခုဖြစ်ပါတယ်။

“ဒေသတွင်းတိုးတက်မှုတွေ ရှိတာကလည်း လူမှုစီးပွားတိုးတက်တာ နဲ့ ကြိုတင်ပြင်ဆင်မှုအားကောင်းတဲ့ အမျိုးသားမူဝါဒကြောင့်ဖြစ်တယ်” လို့ မစ္စ အော့တိုက ပြောပါတယ်။

“တောင်အာရှ၊ အရှေ့တောင်အာရှ နဲ့ အရှေ့အာရှ(တရုတ်အပါ)၊ ကျွန်းနိုင်ငံတွေ၊ အလယ်နဲ့အရှေ့ဥရောပနဲ့ အလယ်အာရှမှာ PM 2.5 ထိတွေ့တာကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကစပြီး လျှော့ချနိုင်ခဲ့တာက လည်း မြင်သာပါတယ်”

၂၀၂၀ ခုနှစ်မှာ ဖင်လန်နိုင်ငံမှာ နှစ်စဉ်ပျမ်းမျှ PM 2.5 ကို လူဦးရေအချိုးအရကြည့်ရင် 5 μg/m3 ထိရောက်အောင် လျှော့ချနိုင်တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။

“ဒါကိုကြည့်ရင် ပြဿနာကိုမဖြေရှင်းနိုင်သေးရင်တောင် ဦးတည်ချက်ထားပြီး ကြိုးစားအားထုတ်မှုတွေကနေ ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေရလာတယ်”လို့ သူက အခိုင်အမာ ပြောဆိုပါတယ်။

တစ်ဖက်မှာလည်း ဝင်ငွေမြင့်တဲ့နိုင်ငံတွေနဲ့ယှဥ်ရင် ဝင်ငွေနည်းနဲ့အလယ်အလတ်နိုင်ငံတွေရဲ့ PM 2.5 ထိတွေ့ မှုအဆင့်က ပုံမှန်အတိုင်းမြင့်မားနေဆဲဖြစ်ပြီး ဆယ်စုနှစ်နဲ့ချီပြီး အတက်ဘက်ကိုသာရောက်လာနေပါတယ်။

“PM 2.5 ထိတွေ့မှုအမြင့်ဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ ၂ နိုင်ငံက အာဖရိကကဖြစ်ပြီးတော့ ကျန်တဲ့ ၂ နိုင်ငံက အရှေ့ အလယ်ပိုင်းဒေသကဖြစ်ပါတယ်”လို့ မစ္စ အော့တိုကပြောပါတယ်။

“ဒီဒေသတွေမှာ လေထုအရည်အသွေးတက်လာအောင်လုပ်မယ့်အရေးက ခိုင်မာတဲ့လေထုအရည်အသွေး ထိန်းစနစ် မရှိတာ၊ ကြပ်မတ်မယ့်မူဘောင်တွေအားနည်းတာနဲ့ ဘဏ္ဍာငွေမလုံလောက်တာတွေကြားမှာ ရုန်းကန်နေရဆဲပဲ”

“ရုပ်ကြွင်းလောင်စာအပေါ်မှာ အကြီးအကျယ်မှီခိုရတာ ဒါမှမဟုတ် အိမ်တွေမှာ မိရိုးဖလာ ဇီဝလောင်စာ အသုံးပြုတာ၊ယာဉ်အိုယာဉ်ဟောင်းတွေသုံးနေရတာ နဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်မရှိတာ၊ စွန့် ပစ်အမှိုက်စီမံခန့်ခွဲရေးစနစ်မရှိလို့ အမှိုက်တွေဖြစ်သလိုရှို့နေတာကြောင့်လည်းပါတယ်”လို့ သူကဖြည့်ပြော ခဲ့ ပါတယ်။