အတိုက်အခံနိုင်ငံရေးသမားကနေ တောင်ကိုရီးယားသမ္မတသစ်ဖြစ်လာသူအတွက် ဘာတွေ ကြိုလင့်နေလဲ

  • ရေးသားသူ, အီဗက် တန်
  • ရာထူးတာဝန်, ဘီဘီစီသတင်း
  • ရေးသားပေးပို့သည့်နေရာ ဆိုးလ်မြို့

တောင်ကိုရီးယားမှာတော့ အတိုက်အခံသမ္မတလောင်း အီဂျေမြောင်ဟာ သူ့ ရှေ့က သမ္မတရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးကြိုးပမ်းမှုကြောင့် နိုင်ငံ့နိုင်ငံရေး ကသောင်းကနင်းဖြစ်ပြီး ၆ လအကြာမှာ သမ္မတသစ်အဖြစ် ကျမ်းကျိန်အာဏာယူပြီဖြစ်ပါတယ်။

ဇွန် ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့မစ္စတာ အီဟာ နောက်တစ်နေ့ မနက်မှာပဲ မြို့တော်ဆိုးလ်က အမျိုးသားလွှတ်တော်မှာ ပြုလုပ်တဲ့ ကျမ်းကျိန်ပွဲကို ဇနီးသည်နဲ့အတူ တက်ရောက်ပြီး သမ္မတရာထူးကို တရားဝင်ရယူပါတယ်။

ဒါပေမဲ့လည်း သမ္မတဟောင်း ယွန်းရဲ့ မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြေညာမှု နောက်ဆက်တွဲ အမြင်ကွဲပြားမှုတွေနဲ့ နိုင်ငံရေးအနိမ့်အမြင့် အတက်အကျတွေဟာ သမ္မတသစ်အတွက် ရှေ့ခရီးမှာ စိန်ခေါ် ချက်တွေဖြစ်နေပါတယ်။

သူ့အတွက် အဓိက စိန်ခေါ်ချက်ကတော့ အမြင်သဘောထားရပ်တည်ချက်ကွဲပြားနေတဲ့ နိုင်ငံကို ရင်ကြားစေ့နိုင်ရေးဖြစ်ပါတယ်။

ပြည်တွင်းမှာသာမက ပြည်ပမှာလည်း သူ့အတွက် စိန်ခေါ် ချက် မသေးပါဘူး။ အဲဒီထဲက တစ်ခုကတော့ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်ထားတဲ့ အခွန်တိုးကောက်မှုကို လျော့သွားအောင် လုပ်ဖို့ ဖြစ်ပါတယ်။

သမ္မတ အီအတွက် အခုတစ်ကြော့ ရွေးကောက်ပွဲမှာ အဓိက ပြိုင်ဘက်က သမ္မတယွန်းလက်ထက်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်ခဲ့တဲ့ အာဏာရပါတီက သမ္မတလောင်း ကင်မွန်ဆူး ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့မနက်ပိုင်းအထိ အမြင်သဘောထား စစ်တမ်းတွေမှာ သူဟာ အီရဲ့နောက်မှာ ထပ်ချပ်မကွာ ကပ်လိုက်နေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သူ မဲရှုံးပြီလို့ ကြေညာခဲ့သလို မဲနိုင်တဲ့ အီကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။

အစောပိုင်းမိန့်ခွန်းမှာတော့ အီက သူမဲနိုင်တာကို နည်းနည်းပဲ ပြောပြီး နိုင်ငံ့ ဒီမိုကရေစီ ပြန်လည် နာလန်ထူရေးဟာ သူဦးစားပေးလုပ်ဆောင်မယ့်အရာလို့ ဆိုထားပါတယ်။

အသက် ၆၁ နှစ်အရွယ် အီဟာ ပြီးခဲ့တဲ့ ၃ နှစ်တုန်းက ယွန်းကို ရွေးကောက်ပွဲမှာ မဲရလဒ် ခပ်ပါး ပါးလေး ကပ်ပြီး ရှုံးခဲ့တာပြီးတဲ့နောက်မှာ အခုရွေးကောက်ပွဲ ထွက်ပေါ် လာတာဖြစ်ပါတယ်။

တဖက်မှာလည်း မိသားစု ရန်စတွေ၊ နောက်ပြီး အဂတိလိုက်စားတယ်လို့ဆိုတဲ့စွပ်စွဲချက်တွေကြောင့် ထွက်ပေါ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေလို နိုင်ငံရေးအရှုပ်တော်ပုံတွေကြားထဲရောက်ခဲ့တဲ့ လူတစ်ယောက်က နိုင်ငံရေးဇာတ်ခုံပေါ်ကို သမ္မတတစ်ဦးအနေနဲ့ အခုလို တက်လှမ်းလာတာကလည်း ထူးခြားပါတယ်။

အကဲခတ်တွေကတော့ အီရဲ့ အနိုင်ရမှုဟာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်တဲ့တဲ့ ယွန်းကြောင့် နာမည်ဆိုးခဲ့ရတဲ့ အာဏာရ ပြည်သူ့အင်အားပါတီ(PPP) ကို မဲဆန္ဒရှင်တွေက ငြင်းပယ်ရာလည်းပြတယ်လို့ဆိုပါတယ်။

'' မဲဆန္ဒရှင်တွေဟာ အီလုပ်မယ့် ရှေ့လုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာထောက်ခံခဲ့ကြတာမျိုးတော့ မရှိခဲ့ပါဘူး။ သူတို့မြင်ခဲ့ရတဲ့နိုင်ငံထဲက ဒီမိုကရေစီကျိုးပျက်မှုကို တုံ့ပြန်ကြရုံလို့ပဲ မြင်နိုင်တယ်'' လို့ မင်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါ့ခ် ဆန်းမင် က ပြောပါတယ်။

"ရွေးကောက်ပွဲဟာ နာကျည်းမှုတွေကို ဖော်ပြဖို့အတွက် ရမယ်ရှာစရာဖြစ်လာတယ်။ ပြီးတော့ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာဖို့အထိ ဦးတည်စေခဲ့တဲ့ဖြစ်ရပ်တွေအတွက် တိုက်ရိုက် ဒါမှမဟုတ် ကြံရာပါအနေနဲ့ပါဝင်ခဲ့တဲ့ အာဏာရပါတီကို ရှင်းရှင်းလင်းလင်းကို ငြင်းပယ်မှုဖြစ်ခဲ့တယ်''

အီရဲ့ အနိုင်ရတာကိုကြည့်ရင် တောင်ကိုရီးယား မဲဆန္ဒရှင်တွေဟာ ဒီမိုကရေစီကို အားလုံးထက်ပို ပြီး ဦးစားပေး ရွေးခဲ့တာ မြင်သာတယ်လို့လည်း သူက ပြောပါတယ်။

သမ္မတသစ်ကို ရှေ့မှာ ဘာတွေကြိုလင့်နေလဲ

ယွန်းဆွတ်ယို သမ္မတ ရာထူးကနေ ဖယ်ရှားခံရမှုကြောင့် သူ့ရဲ့ အာဏာရ ပါတီဟောင်း PPP ထဲမှာ အမြင်ကွဲပြားတာတွေ ရှိခဲ့ပြီး ပါတီရဲ့ သမ္မတလောင်းကို ရွေးချယ်ဖို့အထိ နှောင့်နှေးခဲ့ပါတယ်။ ဒါကြောင့် ပါတီသမ္မတလောင်းကို မေလအစောပိုင်းမှ ကြေညာနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပါတီတွင်းက အကွဲအပြဲတွေဟာ သမ္မတဟောင်းယွန်းဆွတ်ယိုရဲ့ အခြေအနေထက် ကျော်လွန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့နောက်မှာ ယာယီသမ္မတအဖြစ် အရွေးခံရတဲ့ ပါတီဝင် ၂ ဦးဟာလည်း သမ္မတ ယွန်းလိုပဲ လွှတ်တော်ရဲ့ အယုံအကြည်မရှိအဆို အတင်ခံရတာကြောင့် ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ရင် တောင်ကိုရီးယားနိုင်ငံရေး ဘယ်လောက်အထိ ကသောင်းကနင်းနိုင်ခဲ့တယ်ဆိုတာကိုလည်း ပြသပါတယ်။

အဲဒီလိုအရာအားလုံးက နိုင်ငံတည်ငြိမ်ရေး အားစိုက်လုပ်မယ်လို့ မီးစိမ်းပြခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီကို ကူညီရာရောက်ခဲ့ပြီး ပါတီရဲ့သမ္မတလောင်း အီက မဲနိုင်ပြီး သမ္မတ ဖြစ်လာဖို့ လမ်းပွင့်စေခဲ့ပါတယ်။

သူရွေးကောက်ပွဲအနိုင်ရလို့ သမ္မတအဖြစ် ကျမ်းကျိန်လိုက်ပြီဆိုပေမဲ့ သူ့အတွက် စိန်ခေါ် မှုတွေကတော့ အဆုံးမသတ်သေးပါဘူး။

လက်ရှိမှာ အီဟာ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ တရားရုံးချုပ်မှာတရားရင်ဆိုင်နေရတာပါ။ ဒါပေမဲ့ ပြစ်မှုထင်ရှားတယ်ဆိုရင် သူ ရွေးကောက်ပွဲ ဝင်ပြိုင်မရတော့မယ့် အခြေစိုက်နိုင်တာကြောင့် ကြားမဝင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရားရုံးချုပ်ဟာ အီရဲ့ အမှုတွေကို ကြားနာကို ဆိုင်းငံ့ထားပါတယ်။

ဒါပေမဲ့ လက်ရှိမှာ အီဟာ သူ့ အမှုတွေအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ခံရမယ်ဆိုရင် တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ သမ္မတတစ်ဦးဟာ ဒီလိုအမှုတွေကနေ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရှိမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အီမှာ အငြင်းပွားစရာ နိုင်ငံရေးဖြတ်သန်းမှုလည်းရှိခဲ့ပါတယ်။ သစ္စာစောင့်သိသူအဖြစ် သူ့ကိုယ်သူ မှတ်ကျောက်တင်ခံရပေမဲ့ တစ်ဖက်မှာလည်း အမျက်ဒေါသနဲ့ မနှစ်မြို့တဲ့ပုံစံကို ပြတတ်သူဖြစ်လို့ ခက်ထန်ကြမ်းတမ်းတဲ့ပုံစံရှိသူလို့တောင် တချို့က ပြောကြပါတယ်။

ကောလိပ်တက်၊ လူ့အခွင့်အရေးရှေ့နေတစ်ဦး မဖြစ်လာခင်မှာ လက်လုပ်လက်စား မိသားစုကနေ မွေးဖွားလာသူဖြစ်လို့ ကလေးဘဝ ကြမ်းတမ်းတဲ့ခရီးကို ဖြတ်သန်းခဲ့ရတဲ့အကြောင်းကိုလည်း သူ ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူပါ။

အဲဒီနောက်မှာတော့ သူ နိုင်ငံရေးလောကထဲ ဝင်လာပါတယ်။ ဒီမိုကရက်တစ်ပါတီမှာ ထိပ်တန်း ရောက်လာပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ သူဟာ ပါတီရဲ့ သမ္မတလောင်းဖြစ်လာပါတယ်။

ကျားမတန်းတူ မညီမျှမှုကို ဖြေရှင်းမယ်ဆိုတဲ့ ကတိပေးတာမျိုးလို လစ်ဘရယ်သမားဆိုတဲ့ အထိုင်ဘက်ကို ပိုယိမ်းပြီး မဲဆွယ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း သူ မဲရှုံးပြီးနောက်ပိုင်းမှာ သူက အခုတစ်ကြိမ်မှာ အနိုင်ရမှုကို ဦးတည်စေမယ့် မူဝါဒတွေဘက်ကို ပိုပြီး အားစိုက်ခဲ့ပါတယ်။

အီအတွက်တော့ သမ္မတ ရာထူး စယူတဲ့အချိန်ကစလို့ သူ လုပ်ဆောင်ရမှာက သမ္မတ ယွန်း သက်တမ်းတုန်းက သူနဲ့အကြိတ်အနယ်ဖြစ်ခဲ့တဲ့ PPP ပါတီဘက်ကို လက်ကမ်းပြီး လက်တွဲလုပ်ဆောင်နိုင်ရေးဖြစ်ပါတယ်။ ပြည်သူတွေရဲ့ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့နဲ့ နိုင်ငံရဲ့ အက်ကွဲမှုကို ပြင်ဆင်ဖို့ သူ့အနေနဲ့ အဲဒီပါတီထဲက နိုင်ငံရေးသမားတွေနဲ့ လက်တွဲလုပ်ဖို့ လိုအပ်မှာလည်းဖြစ်ပါတယ်။

ရှေ့က မွန်းနဲ့ ယွန်းတို့ သမ္မတနှစ်ဦးစလုံးရဲ့ လက်ထက်တွေမှာ နိုင်ငံထဲ ဖြစ်ခဲ့တဲ့အကွဲအပြဲတွေနဲ့ တင်းမာမှုတွေက တောင်ကိုရီးယားရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ခါးသီးတဲ့အကွဲအပြဲ ဖြစ်အောင် ကျန်ရစ်ခဲ့တယ်လို့ မစ္စတာပတ်က ပြောပါတယ်။

"အမျိုးသားစည်းလုံးညီညွတ်ရေးကို အီက ပြောတာမျိုးရှိမယ်။ ဒါပေမဲ့ သူ့မှာ ဒွိဟဖြစ်နေတာမျိုးရှိတယ်။ သူ ရင်ကြားစေ့ဖို့ ကြိုးပမ်းနေပြီး အများက ဆူပူအုံကြွမှုလို့ မြင်နေကြတဲ့ (စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်)နဲ့ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှု အပိုင်းကို ကွဲပြားမှုတွေ ဒီထက်ပိုပြီး မနက်ရှိုင်းဘဲနဲ့ ဘယ်လို ရှေ့ဆက်ဖော်ဆောင်မလဲဆိုတာကိုပေါ့''

PPP ပါတီဟာ မဲရှုံးခဲ့ပေမဲ့လည်း ယွန်းဟာ တောင်ကိုရီးယားမှာ ထောက်ခံမှု ခိုင်ခိုင်မာမာရှိထားပါတယ်။ ဒါကြောင့်လည်း သူ့ နိုင်ငံရေးခိုင်မာမှုက ရုတ်ချည်း မှေးမှိန်မယ့်အခြေတော့ မမြင်ရသေးပါဘူး။

အဓိကအားဖြင့် သူ့ကို ထောက်ခံကြသူတွေဖြစ်တဲ့ သက်ငယ်နဲ့ သက်ကြီးရွယ်အို အမျိုးသား မဲဆန္ဒရှင်တွေကြားမှာတော့ သူရဲ့စစ်အုပ်ချုပ်ရေးကြေညာမှုဟာ နိုင်ငံကို ကာကွယ်ဖို့ လိုအပ်လို့ လုပ်ရတယ်ဆိုတဲ့ လက်ဝဲယိမ်းအမြင်တွေကို ထင်ဟပ်ပြောဆိုကြတာမျိုးလည်း ရှိကြပါတယ်။

ယွန်းရဲ့ PPP ပါတီဟာ ရွေးကောက်ပွဲ မသမာမှုရဲ့သားကောင်ဖြစ်ခဲ့ရတယ်လို့ မြင်နေတဲ့ ဇာတ်ကြောင်းမှာ နစ်မြောကြသူတွေတောင်ရှိနေပါတယ်။

ဇန်နဝါရီလတုန်းကတော့ ယွန်းကို ဖမ်းဆီးမှုဖြစ်ပြီး မကြာခင်မှာပဲ စွပ်စွဲပြစ်တင်မှုလုပ်တဲ့အခါ ထောင်နဲ့ချီတဲ့လူတွေက ဒါကို မကြေနပ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ယွန်းကို ထောက်ခံသူ တစ်ဦးဆိုရင် တရားခွင်ထဲကို ချင်းနင်းဝင်ရောက်ပြီး ရဲအရာရှိတွေကို ကိုယ်ထိလက်ရောက် လုပ်မှုပါဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးမှာ ယွန်းမရှိတော့ရင် သူ့ကို ထောက်ခံသူတွေအတွက် ဘယ်သူက သူ့နေရာကို အစားထိုးမယ်ဆိုတာလည်း မေးခွန်းတွေ ထွက်လာပါတယ်။

သမ္မတနေရာအတွက်ယှဥ်ပြိုင်ဖို့ အီဂျန်ဆွတ်ဆိုတဲ့ အမည်တစ်ခုလည်း အခုတစ်ခေါက် ရွေးကောက်ပွဲမှာ ပေါ်ထွက် လာခဲ့ပါတယ်။ ဒါပေမဲ့လည်း မဲအရေအတွက်ခန့်မှန်းချက်အရ မဲအားလုံးရဲ့ ၇.၇ ရာခိုင်နှုန်းနဲ့သာ နောက်ကောက်ကျနေတာကြောင့် အင်္ဂါနေ့အစောပိုင်းမှာပဲ သူ သမ္မတ ရွေးကောက်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။

အမျိုးသမီးဝါဒီဆန့်ကျင်တဲ့သူရဲ့အမြင်တွေကြောင့် ငယ်ရွယ်သူတွေကြား သူက နာမည်ရနေပြီး အမျိုးသမီးတွေအတွက် တန်းတူညီမျှမှုဟာ ကွဲပြားတဲ့ချဉ်းကပ်မှုဖြစ်ခဲ့တဲ့ သမ္မတ ယွန်းကိုလည်း သူက ပြန်ထင်ဟပ်နေပြန်ပါတယ်။

PPP ဦးဆောင်တဲ့အစိုးရအဖွဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေချင်တဲ့သူတွေနဲ့ အီဂျေမြောင်ကို သမ္မတ ဖြစ်လာစေချင်တဲ့သူတွေ မဲလာထည့်ကြတာကြောင့် အခုနှစ်တောင်ကိုရီးယား မဲပေးပွဲမှာ မဲထည့်သူ ရာခိုင်နှုန်းဟာ ၇၉.၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒါဟာ ၁၉၉၇ ခုနှစ်ကတည်းက ဆိုရင် တောင်ကိုရီးယားမှာ လူထုရဲ့ အမြင့်ဆုံးမဲထည့်နှုန်းဖြစ်ပါတယ်။

သို့ပေမယ့်လည်း နိုင်ငံရေးဂိုဏ်းကဏ္ဍကွဲပြားနေတဲ့ ပြည်တွင်းမှာ ဒါကို ရင်ကြားစေ့နိုင်မယ့် ကုစားမှုဟာ သမ္မတသစ် အီအတွက် ချက်ချင်းလုပ်ရမယ့် စိန်ခေါ်ချက်ဖြစ်ပါတယ်။

တဖက်မှာလည်း ထရမ့်အစိုးရလက်ထက်မှာ အမေရိကန်- ကိုရီးယားကြား မဟာမိတ်ဖြစ်မှုနဲ့ပတ်သက်ပြီး ဘယ်ခရီးကို ဘယ်ထီးဆောင်း သွားမလဲဆိုတဲ့ ပြည်ပရေးရာစိန်ခေါ်ချက်ကလည်း အီအတွက် စောင့်ကြိုနေပါတယ်။

"တောင်ကိုရီးယားရဲ့ ပြည်တွင်းစိန်ခေါ်မှု ဖိအားဟာ ကမ္ဘာလုံးဆိုင်ရာအရွေ့နဲ့လည်း ဆက်နွှယ်နေပါတယ်'' လို့ မစ္စတာပတ်က ပြောပါတယ်။ အမေရိကန်ဟာ တောင်ကိုရီးယားအတွက် အရေးပါတဲ့ ကုန်သွယ်မဟာမိတ်ဖြစ်သလို၊ လုံခြုံရေးမဟာမိတ်ဖြစ်တာကြောင့် နိုင်ငံ့စီးပွားရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေဟာ ချိတ်ဆက်နေတာလို့ သူက ရှင်းပြပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရဖို့က ထိပ်တန်းအရေးဖြစ်တယ်လို့ သူက ပြောပါ တယ်။ တောင်ကိုရီးယားမှာ စီးပွားရေး နှေးကွေးပြီး ထုတ်ကုန်လိုအပ်ချက်လည်း မမြင်နေတာကြောင့် နိုင်ငံ့စီးပွားရေး နာနေပါတယ်။

အခုတော့ ဒါတွေအားလုံးကို သိနေတယ်လို့ မှတ်ယူနိုင်တဲ့ ဝါရင့်နိုင်ငံရေးသမား လီဟာ သမ္မတ ရာထူး ယူပြီဖြစ်သလို နိုင်ငံ့အခြေအနေကို သိတဲ့အကြောင်းကိုလည်း မဲဆွယ်ချိန်တုန်းက မဲဆန္ဒရှင်တွေကို ပြောထားပါတယ်။

"အကောင်းဆုံးတာဝန်ယူမှုနဲ့ ယုံကြည်စွာအပ်လိုက်တဲ့ အပ်နှင်းမှုကို လေးစားသောအားဖြင့် ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်။ ကျွန်တော်တို့လူထုရဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေရပါဘူး" လို့ အီက သတင်းထောက်တွေကို ပြောထားပါတယ်။