ဧပြီ ၁၃ ရက် နိုင်ငံတဝန်းသတင်း အနှစ်ချုပ် - ဝမ်းတွင်းမြို့နယ်ထဲက နောက်ဆက်တွဲငလျင်ကြောင့် မန္တလေးမှာ အဆောက်အဦတချို့ ပျက်စီး

ဒီနေ့ မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မန္တလေးမြို့ထဲက ကျန်းမာရေးပစ္စည်းရောင်းချတဲ့ လေးထပ်တိုက် ပြိုကျမှုဖြစ်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, TTA

ဓာတ်ပုံ ပုံစာ, ဒီနေ့ မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မန္တလေးမြို့ထဲက ကျန်းမာရေးပစ္စည်းရောင်းချတဲ့ လေးထပ်တိုက် ပြိုကျမှုဖြစ်ခဲ့ပါတယ်

ဧပြီ ၁၃ ရက်၊ မနက်ပိုင်းက မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး ဗဟိုပြုပြီး ပြင်းအား ၅.၅ ရခ်စ်တာစ‌ကေး နဲ့ လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင်လှုပ်ကြောင့် မန္တလေးမှာ တိုက် ၁ လုံးပြိုကျပြီး နောက် ၁ လုံးက မြေကြီး ထဲ ကျွံဝင်သွားခဲ့တယ်လို့ သိရပါတယ်။

ပြိုကျခဲ့တဲ့တိုက်ဟာ မတ်လ ၂၈ ရက် ငလျင်ဒဏ်ခံထားရတဲ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈ လမ်း၊ ၈၇ နဲ့ ၈၈ လမ်းကြားက ၃ ထပ်ခွဲတိုက်တစ်လုံးဖြစ်ပါတယ်။

အဲဒီနောက် ဒီနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာလည်း ၂၆ လမ်း၊ ၇၆ နဲ့ ၇၇လမ်းကြားမှာရှိတဲ့ ၄ ထပ် ဆေးရုံသုံးပစ္စည်းဆိုင်ရဲ့ မြေညီထပ် ကျွံဝင်သွားခဲ့ပါတယ်။

"မြေကျွံတဲ့ ဆေးရုံသုံးပစ္စည်းဆိုင်ကိုတော့ မနက်ဖြန်လိုတဲ့ပစ္စည်းတွေ ယူထုတ်ပြီး ဖြိုဖို့ ရှိတယ်။ ငလျင်ပြီးတည်းက လူမရှိတော့ အထိအခိုက်မရှိခဲ့ဘူး" လို့ မန္တလေးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မနေ့ညကလည်း ပြည်ကြီးတံခွန်မြို့နယ်ထဲက တိုက်တစ်လုံးပြိုကျမှုဖြစ်ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းတုန်းက ဝမ်းတွင်းမြို့နယ်ထဲကို ဗဟိုပြုခဲ့တဲ့ နောက်ဆက်တွဲငလျင်ပြင်းအားကို မန္တလေးနဲ့ စစ်ကိုင်းမြို့တွေက ဒေသခံတွေလည်း ခံစားခဲ့ရတာကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။

တဖက်မှာလည်း ဒီငလျင်ကြောင့် ငလျင်ဒဏ်သင့်အဆောက်အဦတချို့ အခုလို ပြိုကျ ကျွံဝင်မှုဖြစ်နေပေမဲ့ မန္တလေး မြို့ခံတွေအနေနဲ့ ငလျင်ကြောင့် ထိခိုက်ထားတဲ့ အဆောက်အဦတွေကို လူနေဖို့ သင့်မသင့် အရည်အသွေး စစ်ဆေးဖို့ အခက်အခဲတွေ ရှိနေကြသေးတယ်လို့ ဆိုကြပါတယ်။

ဒီပဲယင်းမှာ စစ်တပ် ဗုံးကြဲလို့ ကိုရင် ၃ ပါး ပျံတော်မူ၊ အရပ်သား ၂ ဦးသေဆုံး

ဧပြီ ၁၂ ရက်မှာ လေကြောင်းဗုံးကြဲခံရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကြခတ်ရွာ၊ တောင်ငူဘုန်းကြီးကျောင်း အပျက်အစီး အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ် ညီနောင်များ

ဓာတ်ပုံ ပုံစာ, ဧပြီ ၁၂ ရက်မှာ လေကြောင်းဗုံးကြဲခံရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကြခတ်ရွာ၊ တောင်ငူဘုန်းကြီးကျောင်း အပျက်အစီး အခြေအနေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တန့်ဆည်မြို့နယ်ထဲမှာလည်း လေကြောင်းကနေ ဗုံးကြဲခံရတယ်လို့ ကနဦး သိရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကြခတ်ရွာကို ဧပြီ ၁၂ ရက်၊ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတာကြောင့် ကိုရင် ၃ ပါး ပျံတော်မူပြီး အရပ်သား ၂ ဦး သေဆုံးတယ်လို့ မြို့နယ်အတွင်း အခြေအနေကို စောင့်ကြည့်တဲ့ ဒီပဲယင်းမြို့ နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ကြဲတဲ့ဗုံးဟာ ရွာဘုန်းကြီးကျောင်းဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေသူ ၇ ဦးနဲ့ ကိုရင် ၂ ပါးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

"ကံထူးမရွာကနေ လှည့်(ပျံသန်း)လာပြီး ပေါင် ၅၀၀ ဗုံး (ကြဲ)ချတာ။ ဘုန်းကြီးကျောင်းလည်း အတော်ပျက် သွားတယ်။ အခုပြောနေရင်းတောင် ဂျက်ဖိုက်တာ(တိုက်လေယာဥ်) ဖြတ်သွားပြီ" လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဧပြီလ ၁၃ ရက် မွန်းလွဲပိုင်းမှာ ဘီဘီစီနဲ့ ဖုန်းပြောနေချိန်မှာပဲ ရေဦး၊ ဒီပဲယင်းမြို့နယ်တို့နဲ့ ကပ်လျက်က တန့်ဆည်မြို့နယ်ထဲမှာရှိတဲ့ လယ်ကြီး၊ လယ်မရွာ လေကြောင်းကနေ ပစ်ခတ်ခံရတယ်ဆိုတာကို သူက ဘီဘီစီကို ပြောပါတယ်။

ဒီနေ့ ဧပြီ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့ မနက်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်ထဲက ကျောက်တော်နဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းအရှေ့ခြမ်း ညောင်ကုန်းရွာကို လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့မှာ ကျောက်တော်မြို့ပေါ် စစ်တပ် ဗုံးကြဲ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတုန်းက ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချိန် ထိခိုက်ဒဏ်ရာရခဲ့သူဖြစ်ပါတယ်(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CJ/Western News

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတုန်းက ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချိန် ထိခိုက်ဒဏ်ရာရခဲ့သူဖြစ်ပါတယ်(ပုံဟောင်း)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဒီနေ့ မနက် ၉ နာရီကျော်ကျော်မှာ တိုက်လေယာဥ်နဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နေအိမ်အဆောက်အဦတွေ ပျက်စီးပြီး အရပ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဥ်ဟာ ကျောက်တော်မြို့ပေါ်က ရွာဟောင်းရပ်ကွက်ကို ဗုံး ၂ လုံးကြဲချခဲ့တာလို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဲဒီဗုံးတွေ ပေါက်ကွဲလို့ နေအိမ် ၅ လုံး ပျက်စီးပြီး အမျိုးသမီးတစ်ဦးလည်း နေအိမ်အပျက်အစီးကြောင့် ဦးခေါင်းမှာ အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

'' သင်္ကြန်ကြိုနေ့ဖြစ်ပေမဲ့ ဗုံးကြဲခံရလို့ မြို့တွင်းမှာ လူသူအသွားအလာ နည်းပါးပြီး တစ်မြို့လုံး ခြောက်ကပ်နေပါတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း ဥပုသ်စောင့် သီလယူသူတွေ မရှိကြပါဘူး'' လို့ ကျောက်တော်မြို့မှာရှိနေတဲ့ အဲဒီဒေသခံက ပြောပါတယ်။

ရခိုင်ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီတပ် ကြဲခဲ့တဲ့ဗုံးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးနီးပါး ပျက်စီးခဲ့တယ်လို့ သတင်းဖော်ြပပါတယ်။

ဒါပေမဲ့ ဆက်သွယ်ရေးခက်ခဲတာကြောင့် ဒီထိခိုက်မှုအခြေအနေကို ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကျောက်တော်ဟာ ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့မြို့ တစ်မြို့ဖြစ်ပါတယ်။

အေအေကတော့ အခုနှစ် သင်္ကြန်ကာလမှာ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဖို့ ကြိုတင်သတိပေး တားမြစ်ထားပါတယ်။

ကျောက်တော် လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်ကြောင့် လူစုလူဝေးတွေ မလုပ်ကြဖို့ အခုနေ့လယ်ပိုင်းမှာလည်း အေအေဘက်က ထပ်မံ သတိပေးထားတယ်လို့ ကျောက်တော် ဒေသခံ တစ်ဦးက ပြောပါတယ်။

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဟိုတယ်အောက်မှာ ၅ ရက်ကြာ ရှင်နိုင်အောင် ဦးစန်းလွင် ဘယ်လိုနေနိုင်ခဲ့လဲ

ဧပြီ ၂ ရက်၊မန္တလေး Golden Country ဟိုတယ်အောက်ကနေ ကယ်ဆယ်ရေးအဖွဲ့တွေ ကယ်ထုတ်လာတဲ့ ဦးစန်းလွင်

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Service

ဓာတ်ပုံ ပုံစာ, ဧပြီ ၂ ရက်၊မန္တလေး Golden Country ဟိုတယ်အောက်ကနေ ကယ်ဆယ်ရေးအဖွဲ့တွေ ကယ်ထုတ်လာတဲ့ ဦးစန်းလွင်

မိသားစုနဲ့ပြန်ဆုံဖို့ အသက်ရှင်ချင်တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ကြိုးစားနေထိုင်ခဲ့တယ်လို့ မန္တလေး Golden Country ဟိုတယ်ပြိုကျတဲ့အောက်မှာ အလင်းရောင် မမြင်ရဘဲ ၅ ရက်ကြာ ပိတ်မိခဲ့တဲ့ ဦးစန်းလွင်က ဘီဘီစီကို ပြောပါတယ်။

မတ် ၂၈ ရက်မှာ မန္တလေးကို အလုပ်ကိစ္စနဲ့ရောက်နေခဲ့တဲ့ ဦးစန်းလွင်ဟာ အင်အားပြင်းငလျင်လှုပ်ချိန်မှာ ပြိုကျခဲ့တဲ့ Golden Country (ရွှေနိုင်ငံ) ဟိုတယ် အပျက်အစီးအောက်မှာ ရက်ပေါင်းများစွာ ပိတ်မိနေခဲ့တာပါ။

"အိတ်ထဲမှာ အိုဗာတင်းအထုပ်လေးပါတယ်။ အဲဒါနဲ့ ကိုယ့်ကျဥ်ငယ်ရည် ဖျော်သောက်ပြီးနေခဲ့တာ။ ‌ရက်လည်းကြာလာတော့ ငါ့ကို လာမကယ်တော့ပါဘူးလေဆိုပြီး စိတ်လျှော့ချိန်ကျတော့ ကယ်ဆယ် ရေးတွေလာတဲ့အသံ ကြားလိုက်ရတော့တာပဲ" လို့ ဦးစန်းလွင်က ပြောပါတယ်။

ပိတ်မိပြီး ၅ ရက် (၁၂၅နာရီ) အကြာ၊ ဧပြီ ၂ ရက်မှ တရုတ်နိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေက သူပိတ်မိနေတဲ့အပျက်အစီးအောက်ကို လက်လှမ်းမီပြီး သူ့ကို အပြင်ရောက်အောက် ကယ်ထုတ်ပေးခဲ့တာပါ။

တဖက်မှာတော့ ဦးဆန်းလွင် သေဆုံးပြီအထင်နဲ့ သူ့ကိုရည်စူးပြီး ရွာမှာ ရက်လည်ဆွမ်းကပ် ဖို့တောင် မိသားစုက ပြင်ဆင်နေခဲ့ကြပါတယ်။

"ထွက်လာတော့ ကယ်ပေးတဲ့ကောင်လေးကို ကျွန်တော် ခပ်တင်းတင်း အကြာကြီး ဖက်ထားမိတယ်။ ကျေးဇူးလည်း အများကြီးတင်တယ်" လို့ သူကပြောပါတယ်။

မန္တလေးက ဆေးရုံမှာ ၃ ရက်ကြာဆေးကုသမှုခံယူအပြီးမှာတော့ ဦးစန်းလွင်ဟာ မိသားစုနဲ့အတူ ဧရာဝတီတိုင်းက ဇာတိမြို့ကို ပြန်ရောက်နေပါပြီ။

လက်ရှိကျန်းမာရေးလည်းကောင်းမွန်တယ်လို့ သူက ဘီဘီစီကို ပြီးခဲ့တဲ့နာရီပိုင်းမှာပဲ ပြောပါတယ်။

ဆေးရုံမဆင်းခင် ကုသမှုခံယူနေဆဲ ဦးဆန်းလွင်(လယ်)  အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, San Lwin

ဓာတ်ပုံ ပုံစာ, ဆေးရုံမဆင်းခင် ကုသမှုခံယူနေဆဲ ဦးဆန်းလွင်(လယ်) အခြေအနေ

ဝမ်းတွင်းမြို့အနီးလှုပ်တဲ့ငလျင်ကြောင့် မန္တ‌လေးနဲ့ စစ်ကိုင်းကဒေသခံတွေ အထိတ်တလန့်ဖြစ်

မတ် ၂၈ ငလျင်ကြောင့် အိမ်ပြင်ထွက်နေကြတဲ့ မန္တလေးမြို့ခံတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မတ် ၂၈ ငလျင်ကြောင့် အိမ်ပြင်ထွက်နေကြတဲ့ မန္တလေးမြို့ခံတွေ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရဲ့ အရှေ့ဘက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ဒီနေ့ မနက်ပိုင်း ငလျင် ပြင်းအားကို မန္တလေးနဲ့ စစ်ကိုင်းမြို့က ပြည်သူတွေ သိသိသာသာခံစားခဲ့ရတယ်လို့ မြို့ခံတချို့က ဘီဘီစီကို ပြောပါတယ်။

ဒီနေ့ မနက် ၈ နာရီ ၅၄ မိနစ်အချိန်မှာ ဝမ်းတွင်းမြို့ အရှေ့ဘက် ၉ မိုင်ဝန်းကျင်ကို ဗဟိုပြုလုပ်ခတ်ခဲ့တဲ့ ဒီနောက်ဆက်တွဲငလျင်ဟာ အင်အား ၅.၅ ရစ်ခ်တာစကေးရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

"အတော်သိသာတယ်။ အကုန်ယိမ်းထိုး နေတာပဲ။ ကျွန်မတို့ မိသားစုကတော့ အိမ်နားမှာနေရင် ပြိုမှာစိုးရိမ်လို့ ကွင်းပြင်ဘက် ပြန်ထွက်နေနေကြတယ်" လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မန္တလေးက ပုဂ္ဂလိက ဆေးရုံတစ်ရုံကို လူနာသွားကြည့်တဲ့ ကယ်ဆယ်ရေးသမားကလည်း ငလျင်လှုပ်ချိန် အဆောက်အဦ ၄ လွှာကို ရောက်နေပြီး ဒီနေ့ မနက်ငလျင်ကြောင့် နောက်ဆက်တွဲ ငလျင်ဖြစ်မှာကို စိုးရိမ်ပြီး လူနာကို မြေပြင်မှာ ယာယီ ရွှေ့ထားရတဲ့အကြောင်း လူမှုကွန်ရက်မှာ ရေးပါတယ်။

မတ်လ ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ခ်တာစကေးရှိတဲ့ အင်အားပြင်းငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် မန္တလေး၊ စစ်ကိုင်း အပါအဝင် အပျက်အစီးများခဲ့တဲ့ဒေသတွေက လူထုဟာ စိုးရိမ်မကင်းဖြစ်နေကြဆဲဖြစ်ပါတယ်။

"မန္တလေးလည်း သိသာတယ်။ မြို့ထဲမှာ အပျက်အစီးအထိအခိုက် ထပ်ဖြစ်တာတော့ မကြားသေးဘူး" လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။

မိုးဇလရဲ့ အချက်အလက်အရ ငလျင်ကြီးရဲ့အနောက်မှာ နောက်ဆက်တွဲ ငလျင် ၁၂၈ ကြိမ်လှုပ်ခတ်ခဲ့ ပြီး မတ် ၃၀ ရက်နောက်ပိုင်းမှာ အခုတခါလှုပ်တဲ့ ငလျင်ဟာ အင်အားအပြင်းဆုံးလို့ နားလည်ရပါတယ်။

မတ် ၂၈ ရက်နောက်ပိုင်း အင်အား ၅ ရစ်ခ်တာစကေး နဲ့ အထက်ရှိတဲ့ နောက်ဆက်တွဲငလျင် ၆ ကြိမ် လှုပ် ခဲ့ပါတယ်။

မြန်မာငလျင်အတွက် ဂျပန်ရဲ့ ဆေးဝါးကုသရေးအဖွဲ့ ဒုတိယအသုတ် ရောက်လာ

ဧပြီလ ၁၃ ရက်မှာ ရန်ကုန်လေဆိပ်ကို ရောက်လာတဲ့ မြန်မာငလျင်မှာဆေးကုသမှုပေးမယ့် JDR အဖွဲ့ဝင် ဒုတိယအသုတ်

ဓာတ်ပုံ ရင်းမြစ်, EPA

မြန်မာမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုပေးဖို့ ဂျပန်ရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး(JDR) က ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ ဒုတိယအသုတ်ဟာ ဒီနေ့မှာ မြန်မာကို ရောက်လာပါတယ်။

အဖွဲ့ဝင် အယောက် ၂၀ ဝန်းကျင်ပါတဲ့ ဒီအဖွဲ့ဟာ ရန်ကုန်မြို့က အပြည်ပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့ မနက်ပိုင်းမှာ ဆိုက်ရောက်တာဖြစ်ပါတယ်။

ဧပြီလ ၂ ရက်ကတည်းက ရောက်တဲ့ JDR ရဲ့ ဆေးဝါးကုသရေး ပထမအဖွဲ့ဟာ မန္တလေးမှာ လူနာပေါင်း အယောက် ၉၀၀ ကျော်ကို ဆေးဝါးကုသမှုပေးထားပြီးဖြစ်ပြီး ဆရာဝန်နဲ့သူနာပြု အယောက် ၃၀ ကျော် ပါဝင်ပါတယ်။

မန္တလေးရောက် JDR အဖွဲ့တွေရဲ့ ကုသမှုအပိုင်းမှာ အ‌ထောက်အကူဖြစ်နိုင်ဖို့ဆိုပြီး လိုအပ်တဲ့ဆေးဝါးတွေနဲ့ ရောဂါရှာဖွေရေး စမ်းသပ်ကိရိယာတွေပါတဲ့ ပစ္စည်းတွေကို ဂျပန့်ကိုယ်ပိုင်ကာကွယ်ရေးတပ်က ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာ C- 30 လေယာဥ်နဲ့ မန္တလေးလေဆိပ်မှာ လာရောက်ပေးအပ်သွားတာလည်း ရှိပါတယ်။

အခုရောက်လာတဲ့ JDR က ကုသရေး ဒုတိယအသုတ်ဟာလည်း ငလျင်ဒဏ်သင့်ဒေသတွေမှာ ဆေးဝါးကုသမှုတွေကို ဆက်လုပ်သွားမယ်လို့ ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဂျပန်အစိုးရဟာ မြန်မာငလျင်အတွက် အမေရိကန်ဒေါ်လာ ၆ သန်းနီးပါးရှိမယ့် လူသားချင်းစာနာမှု အကူအညီကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(JICA) ကနေတဆင့် ပေးအပ်သွားမယ်လို့ ပြောထားပါတယ်။

ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး

ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ရက်ကန်းတော်တောင်ဗလီ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မတ် ၂၈ အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ရက်ကန်းတော်တောင်ဗလီ

မတ်လ ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ငလျင်ဒဏ်သင့်အရပ်တွေမှာ အစ္စလာမ် ဘာသာဝင် ၆၇၃ ဦး သေဆုံးပြီး ဗလီ ၁၃၆ လုံး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီ သာသနာရေးနဲ့ ယဥ်ကျေးမှု ဝန်ကြီးဌာနက ပြောပါတယ်။

ငလျင်ကြောင့် ဒဏ်ရာရတဲ့ အစ္စလာမ်ဘာသာဝင် အရေအတွက်ဟာလည်း ၄၂၀ နီးပါးရှိပြီး ဒီထိခိုက် သေဆုံးမှုဟာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူး၊ မကွေးတိုင်း၊ ရှမ်းနဲ့ ကရင်ပြည်နယ်တို့မှာဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာ ယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကနေ ဒီအချက်အလက်တွေကို သိရတာဖြစ်ပါတယ်။

မတ် ၃၁ ရက်တုန်းကတော့ အစ္စလာမ်ဘာသာဝင် ၅၀၀ ဝန်းကျင်သေဆုံးတယ်ဆိုတာကို စစ်ခေါင်းဆောင်က ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ မြန်မာမှာ ငလျင်လှုပ်ခတ်ခဲ့တဲ့ အခြေအနေအကြောင်း ဖုန်းခေါ်ဆို ပြောကြားချိန်မှာ ပြောထားပါတယ်။

ဒါကြောင့် သီတင်း ၂ ပတ်အတွင်း ငလျင်ကြောင့် သေဆုံးတဲ့ အစ္စလာမ်ဘာသာဝင်အရေအတွက် ၁၇၀ ကျော် မြင့်တက်လာတာလို့ နားလည်ရပါတယ်။

တစ်ဖက်မှာလည်း ငလျင်ဒဏ်ကြောင့် တစ်ရပ်ကွက်တည်းက ဗလီ ၃ ဦးပြိုကျခဲ့ပြီး ဝတ်ပြုဆုတောင်းသူ ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ စစ်ကိုင်းမြို့မှာတော့ ဗလီ အပျက်အစီးတွေအောက်မှာ ရှာဖွေ ကယ်ဆယ်ရေးတွေ ရပ်လိုက်ပြီလို့ သိရပါတယ်။

"မင်းလမ်းက ဗလီ ၃ လုံး စလုံးကတော့ ကယ်ဆယ်ရေးလုပ်နေတာမရှိတော့ဘူး။ (ဗလီတွေ) ပြန်ဆောက်ဖို့ စက်နဲ့ ဖြိုချတာမျိုးလည်း မလုပ်နိုင်ကြသေးဘူး" လို့ ငလျင်ကြောင့် အထိနာခဲ့တဲ့ စစ်ကိုင်း မင်းလမ်းရပ်ကွက်နေသူတစ်ဦးက ဘီဘီစီကို ဧပြီလ ၁၃ ရက် မနက်ပိုင်းမှာ ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေထဲမှာ ဘုရား၊ ကျောင်းကန်၊ စေတီ ပုထိုး၊ သာသနိက အဆောက်အဦတွေအပြင် ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေ ပြိုကျလို့ ရဟန်းနဲ့ သီလရှင် အပါး ၂၁၀ ကျော် ပျံလွန်ခဲ့ပါတယ်။

ငလျင်ဒဏ်သင့် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ ဘုန်းကြီးကျောင်း ၃,၈၄၁ ကျောင်း နဲ့ သီလရှင်ကျောင်း ၁၈၇ ကျောင်းလည်း ပျက်စီးပြီး ရဟန်း ၁၅၉ ပါး နဲ့ သီလရှင် ၅၅ ပါး ပျံလွန်ခဲ့တယ်လို့ သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာနက ဆိုထားပါတယ်။