ပိုလန်က ဘာကြောင့် ယူကရိန်းကို လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တာလဲ

ယူကရိန်းရဲ့ အိမ်နီးချင်းလည်းဖြစ်၊ အမာခံ မဟာမိတ်နိုင်ငံတွေထဲက တနိုင်ငံလည်း ဖြစ်တဲ့ ပိုလန်က သူတို့ ယူကရိန်းကို လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာ လိုက်ပါတယ်။

ပိုလန် ဝန်ကြီးချုပ် မတ်တေးရိုး မိုရာယပ်စကီးက အဲဒီလို ယူကရိန်းကို လက်နက် ထောက်ပံ့မယ့်အစား “ခေတ်မီတဲ့လက်နက်တွေ သူ့နိုင်ငံမှာ ပိုတပ်ဆင် သွားပြီး ကိုယ့်ဘာသာကို ခုခံကာကွယ်ဖို့ကို ပိုဦးစားပေးလိုက်ပြီ”လို့ ဆိုပါတယ်။

အရှေ့ဥရောပနိုင်ငံတခုဖြစ်တဲ့ ပိုလန်ဟာ ရုရှားရဲ့ ကျူးကျော်မှု ခံနေရတဲ့ ယူကရိန်းကို ဆိုဗီယက်ခေတ်က တင့်ကား အစီး ၃၂၀၊ မစ်-၂၉ ဂျက်တိုက်လေယာဉ် ၁၄ စီး ပေးထားတဲ့ နိုင်ငံပါ။

ယူကရိန်းတို့ရဲ့ စစ်ပွဲအတွက် အကူအညီပေးရာမှာ ပိုလန်ဟာ ဒီနှစ် သြဂုတ်လအထိ အမေရိကန် ဒေါ်လာ ၃.၃ ဘီလျံတန်ဖိုးရှိတဲ့ စစ်ရေးဆိုင်ရာထောက်ပံ့မှုတွေကို ပေးထားခဲ့ပြီး ဒီလို ကူညီနေတဲ့ နိုင်ငံတွေထဲမှာ ပဉ္စမမြောက်အများဆုံး ကူညီသူပါ။

အိမ်နီးချင်း ၂ နိုင်ငံကြား မကျေမလည်မှု ဖြစ်နေပြီးတဲ့နောက် အခုလို လက်နက် ကူညီတာ ရပ်တော့မယ်ဆိုတဲ့ စကား ပိုလန်ဘက်က ထွက်လာတာပါ။

တင်းမာမှုက ယူကရိန်း သီးနှံတွေ တင်ပို့မှုနဲ့ သက်ဆိုင်ပါတယ်။

ယူကရိန်းဆီက သီးနှံတင်သွင်းမှု ကန့်သတ်ချက်ကို ပိုလန်၊ ဟန်ဂေရီ၊ စလိုဗေးကီး ယား နိုင်ငံတွေက သက်တမ်း ထပ်တိုးလိုက်တဲ့အ‌ပေါ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ယူကရိန်း သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးက “သီးနှံကို ကြောက်စရာ ဇာတ်လမ်း အဖြစ်” ဥရောပက သူ့ မဟာမိတ်တွေက “နိုင်ငံရေး ဇာတ်ရုံ” ထဲထည့်သုံးနေကြတယ်လို့ ဆိုခဲ့တဲ့အပေါ် ပိုလန်က ရှုတ်ချခဲ့ပါတယ်။

ပိုလန် အစိုးရက ဝါဆောမှာရှိတဲ့ ယူကရိန်း သံအမတ်ကို ဆင့်ခေါ်ပြီး ဒီစကားတွေ မျိုး “ယူကရိန်း စစ်ပွဲစကတည်းက ထောက်ပံ့ကူညီခဲ့တဲ့ ပိုလန်အပေါ် မသုံးစွဲ သင့်ဘူး” လို့ ပြောခဲ့ပါတယ်။

ယူကရိန်း သီးနှံတင်ပို့မှု အရေး

ကမ္ဘာမှာ သီးနှံ ( ဥပမာ- နေကြာဆီ၊ ဂျုံ၊ ဘာလီ၊ ပြောင်း ) တင်ပို့မှု အများဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ယူကရိန်းဟာ ရုရှားတို့ ကျူးကျော်တဲ့ စစ်ပွဲကို ကြုံရပြီး ပင်လယ်နက်က ဆိပ်ကမ်းတွေ အပိတ်ခံလိုက်ရတဲ့နောက် သူတို့ သီးနှံတွေ ကို ကုန်းလမ်းကနေ တင်ပို့ဖို့ တခြားလမ်းကြောင်းတွေနဲ့ အရင်တင်ပို့တဲ့ နိုင်ငံတချို့ နေရာမှာ အစားထိုးဖို့ တခြားနိုင်ငံတွေကို ကြိုးစားခဲ့ရပါ တယ်။

အကျိုးဆက်ကတော့ သူတို့ရဲ့ သီးနှံတွေ တခြားဥရောပနိုင်ငံတွေဆီ ပိုပြီး ရောက်လာ ခဲ့ပါတယ်။

ယူကရိန်းသီးနှံတွေကြောင့် သူတို့သီးနှံတွေ စျေးမရတော့ဘူး၊ ဒေသတွင်း စျေးကွက် ပျက်ကုန်ပြီလို့ ဆိုကာ အဲဒီနိုင်ငံတွေက လယ်သမားတွေက ယူကရိန်းက သီးနှံတွေ တင်သွင်းမှုကို သပိတ်မှောက် ဆန္ဒပြကြပါတယ်။

အဲဒီအတွက် အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂလည်း ဒီနှစ် အစောပိုင်းမှာ အစည်းအဝေးထိုင်ခဲ့ရပြီး ယူကရိန်းက သီးနှံတွေ ပိုလန်၊ ဟန်ဂေရီ၊ စလိုဗေးကီးယား၊ ဘူဂေးရီးယား၊ ရိုမေးနီးယား စတဲ့ ၅ နိုင်ငံကို စက်တင်ဘာလ ၁၅ ရက်နေ့အထိ တင်သွင်းမှု ကန့်သတ်ကြောင်း ဆုံးဖြတ်ခဲ့ရပါတယ်။

ဒီကန့်သတ် သက်တမ်းကုန်တဲ့နေ့မှာ ဥရောပ ကော်မရှင်က ကန့်သတ်မှုသက်တမ်း ကို ထပ်မတိုးတော့ပါဘူး။

ဒါပေမဲ့ ပိုလန်၊ ဟန်ဂေရီ၊ စလိုဗေးကီးယားတို့ကတော့ သူတို့ရဲ့ ကိုယ်ပိုင် ကန့်သတ် ချက်တွေကို ကြေညာရင်း အဲဒီကန့်သတ်မှုကို ရှေ့ဆက်တိုးထားလိုက်ပါတယ်။

အဲဒီမှာ ယူကရိန်းဘက်ကလည်း ဒါဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်း တွေ ကို ချိုးဖောက်တာလို့ ဆိုကာ ပိုလန်၊ ဟန်ဂေရီ၊ စလိုဗေးကီးယား နိုင်ငံ တွေကို အဲဒီအဖွဲ့ဆီမှာ တနင်းလာနေ့က တရားစွဲတင်လိုက်ပါတယ်။

ယူကရိန်း စီးပွားရေး ဝန်ကြီး ယူလီယာ စဗီရက်ဒင်ကိုက ဒီလို ပိတ်ဆို့တာကြောင့် “အရင် ကတည်းက ဒုက္ခရောက်နေတဲ့ သူတို့ သီးနှံ ထုတ်လုပ်တင်ပို့သူတွေအနေနဲ့ အဆုံးအရှုံးတွေ ပိုပြီး ဆက်ရ နေစေတယ်” လို့ ပြောပါတယ်။

ဥရောပ ‌ကော်မရှင်က သူတို့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကျယ်ပြန့်ပြီး တခုလုံးနဲ့ သက် ဆိုင်တဲ့ ကုန်သွယ်ရေး မူဝါဒတွေကို ပယ်ဖျက်လို့ မရဘူးလို့ ဆိုနေတဲ့ အချိန်မှာပဲ ပိုလန် အပါအဝင် အဆိုပါ ၃ နိုင်ငံက ပိတ်ပင်ထားတာပါ။

ပိုလန်ဘက်က အခြေအနေ

ယူကရိန်းကို သူတို့ဘက်က လက်နက်တင်ပို့မှုကို လုံးဝရပ်ပစ်လိုက်တာတော့ မဟုတ်ဘဲ ကရက်ဘ် အမြောက်လက်နက် ၆၀ ကိုထုတ်လုပ်တဲ့ ပိုလန် ကုမ္ပဏီ PGZက လာမယ့် လတွေထဲမှာ ယူကရိန်းကို ပို့ဖို့ ရှိပါတယ်။ အစိုးရ ပြောခွင့်ရ ပီယော့တာ မူလာက အရင်ပို့ဖို့ ကတိပြုထားပြီးဖြစ်တဲ့ လက်နက်တွေကိုသာ ပို့မှာ ဖြစ်ကြောင်း ရှင်းလင်း ပါတယ်။

ပိုလန်ဟာ လာမယ့်လ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမှာ ဖြစ်ပြီး အာဏာရ ပါတီဖြစ်တဲ့ ဥပဒေနဲ့ တရားမျှတမှု ပါတီက ဒီသီတင်းပတ်တွေ အတွင်းမှာ မဲဆွယ်ပွဲတွေ အားစိုက်လုပ်နေပြီး ယူကရိန်းသီးနှံ တင်သွင်းမှုတွေကြောင့် စိုးရိမ်နေကြတဲ့ ပိုလန်လယ်သမားတွေကို အကာအကွယ်ပေးသွားမယ့်အကြောင်း အာမခံ နေပါတယ်။

ရုရှားရန်က ကာကွယ်တဲ့စစ်မှာ ပိုလန်က ယူကရိန်းကို ထောက်ခံပါတယ်၊ ယူကရိန်း က စစ်ပြေး ဒုက္ခသည် ၁. ၅ သန်းကျော်ကိုလည်း သူတို့ဆီမှာ လက်ခံ နေရာချထား ပေးတာပါ။ တပြိုင်နက်ထဲမှာပဲ ရုရှား ခြိမ်းခြောက်လာရင် သူ့တို့ဘာသာ ကာကွယ် နိုင်ဖို့ကိုလည်း ကြိုးစားနေရင်း လီယိုပတ် ၂ တင့်ကားတွေ၊ တိုက်လေယာဥ်တွေ အထောက်အပံ့ ပေးဖို့ ဂျာမနီကို သူတို့ တိုက်တွန်း ပြောကြားနေပါတယ်။