ယူကရိန်းစစ်ပွဲ - တာဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကို အမေရိကန် ထောက်ပံ့ပေးဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်းက ရုရှားကို တန်ပြန်ထိုးစစ်ပြုလုပ်နေတာမှာ ကူညီဖို့အတွက် ယူကရိန်းကို အဆင့်မြင့် တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က စီစဉ်နေပြီလို့ အမေရိကန်မီဒီယာတွေက ဖော်ပြကြပါတယ်။
ယူကရိန်းဟာ မိုင် ၁၉၀ ( ကီလိုမီတာ ၃၀၀) အထိရောက်နိုင်တဲ့ ATACMS ဒုံးကျည် (Army Tactical Missile System) တွေရရှိလိမ့်မယ်လို့ ဒီကိစ္စကိုသိရှိထားတဲ့ အမေရိကန်အစိုးရအရာရှိတွေရဲ့ ပြောစကားကို မီဒီယာတွေက ကိုးကားဖော်ပြခဲ့ပါတယ်။
ဒီဒုံးကျည်တွေကို ရရှိပြီးရင် ယူကရိန်းဟာ ရှေ့တန်းစစ်မြေပြင်ရဲ့ နောက်ဘက် အတော်ဝေးဝေးမှာရှိတဲ့ ရုရှားပစ်မှတ်တွေကို ပစ်ခတ်နိုင်တော့မှာဖြစ်တယ်။
ခရိုင်းမီးယားမှာရှိတဲ့ ရုရှားပင်လယ်နက်ရေတပ်စခန်းရဲ့ ရုံးချုပ်ကို စက်တင်ဘာ ၂၂ ရက်မှာ ယူကရိန်း ပစ်လိုက်တဲ့ ဒုံးကျည်အနည်းဆုံး နှစ်စင်း ထိမှန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, bbc
ဗြိတိန်နဲ့ ပြင်သစ်တို့ ထောက်ပံ့ပေးထားတဲ့ Storm Shadow ဒုံးကျည်ကိုသုံးပြီး ဆီဗက်စတိုပိုက ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းစစ်ဘက်ဆိုင်ရာ ရင်းမြစ်တစ်ခုက ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။ အဲဒီဒုံးကျည်တွေဟာ မိုင် ၁၅၀ ကျော်အထိ ရောက်ရှိနိုင်ပါတယ်။
ယူကရိန်းဟာ ATACMS ဒုံးကျည် "အနည်းငယ်" ရရှိမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းသမ္မတ ဇယ်လန်းစကီးကို ပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရအရာရှိတွေရဲ့ ပြောစကားကို ကိုးကားပြီး NBC သတင်းဌာနနဲ့ ဝေါစထရိဂျာနယ်တို့က ဖော်ပြခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ စက်တင်ဘာ ၂၁ ရက်မှာ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီဒုံးကျည်တွေကို လာမယ့်ရက်သတ္တပတ်အတွင်း ပေးပို့မှာဖြစ်တယ်လို့ ဝေါစထရိဂျာနယ်က ဖော်ပြခဲ့ပါတယ်။
ယူကရိန်းဟာ ထိပ်ဖူးတစ်ခုတည်းတပ် ဒုံးကျည်တပ်ထက် ကလပ်စတာဗုံးတွေ ပါဝင်တဲ့ ATACMS တွေရနိုင်တယ်လို့ ဝါရှင်တန်ပို့စ်ကလည်း သတင်းအရင်းအမြစ်တချို့ကို ကိုးကားဖော်ပြခဲ့ပါတယ်။
အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်ကို အမေရိကန်နဲ့ ယူကရိန်းအစိုးရတွေက အတည်ပြုပေးတာမရှိသေးပါဘူး။
သမ္မတနှစ်ဦးက ဒုံးကျည်တွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ရှောင်လွှဲဖြေဆိုခဲ့ပါတယ်။
“သမ္မတဘိုင်ဒန်နဲ့ မနေ့က ဆွေးနွေးခဲ့တာတွေအများစုနဲ့ပတ်သက်လို့ သဘောတူညီမှုရရှိတော့မှာ ဖြစ်ပါတယ်၊ ဒါက အချိန်တစ်ခုပဲ လိုပါတယ်။ အကုန်လုံးက ယူကရိန်းအပေါ် မူတည်နေတာ မဟုတ်ဘူး” လို့ မစ္စတာ ဇယ်လန်းစကီးက စက်တင်ဘာ ၂၂ ရက် ကနေဒါခရီးစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ယူကရိန်း နိုင်ငံတောင်ပိုင်းမှာ ပြုလုပ်နေတဲ့ တန်ပြန်ထိုးစစ်ဆင်မှုကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် ယူကရိန်းဟာ ATACMS ဒုံးကျည်တွေကို တောင်းဆိုနေခဲ့တာ လပေါင်းများစွာ ကြာခဲ့ပါပြီ။
ဒီဒုံးကျည်တွေကိုသာ ရမယ်ဆိုရင် ရှေ့တန်းစစ်မြေပြင်ရဲ့ နောက်ဘက် အတော်ဝေးဝေးမှာရှိတဲ့ ရုရှားထောက်ပို့လမ်းကြောင်း၊ ထိန်းချုပ်ရေးစခန်းနဲ့ အခြားထောက်ပို့နေရာတွေကို ပစ်ခတ်နိုင်တော့မှာဖြစ်လို့ ရုရှားဟာ နောက်ထပ်ဆုတ်ခွာရဖို့ပဲရှိပါတယ်လို့ ယူကရိန်းက ပြောဆိုထားပါတယ်။
ဘိုင်ဒင်အစိုးရဟာ ကနဦးမှာ ယူကရိန်းကို အဆင့်မြင့်လက်နက်တွေ ထောက်ပံ့ပေးဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အမေရိကန်အစိုးရ ရပ်တည်ချက်ပြောင်းလာပြီး ပစ်မှတ်ကို တိတိကျကျချိန်ပြီး ပစ်ခတ်နိုင်တဲ့ Himars တာဝေးပစ်ဒုံးကျည်၊ Patriot လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။
ဒါပေမဲ့ ATACMS ဒုံးကျည်တွေကို ထောက်ပံ့ပေးလိုက်ရင် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ ရုရှားနဲ့ တိုက်ရိုက်ထိပ်တိုက်ဆုံမှာ စိုးရိမ်ပြီး သမ္မတဘိုင်ဒန်က အဲ့ဒီဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ကို တွန့်ဆုတ်ခဲ့ပါတယ်။