ရုရှား ဒုတိယဗိုလ်ချုပ်ကြီးကို သတ်ခဲ့တယ်လို့ ယူကရိန်းပြော

ဓာတ်ပုံ ရင်းမြစ်, EPA
ရုရှားနိုင်ငံ နျူကလီးယား၊ ဇီဝနဲ့ ဓာတုလက်နက်ရန်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အစ်ဂေါ ခစ်ရစ်လော့ဗ်ဟာ မော်စကိုမြို့မှာဖြစ်တဲ့ပေါက်ကွဲမှုအတွင်းသေဆုံးသွားပါတယ်။
ခစ်ရစ်လော့ဗ်နဲ့ သူ့ လက်ထောက်ဟာ ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့ မနက်ပိုင်းမှာ တိုက်ခန်းတွဲကနေ ထွက်လာချိန် စကူတာ အောက်မှာ ထောင်ထားတဲ့ ဗုံးကွဲလို့ သေဆုံးခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုဟာ မော်စကိုမြို့ အရှေ့တောင်ပိုင်း၊ ကရင်မလင် နန်းတော်အရှေ့ဘက်ကနေဆိုရင် ၄ မိုင်လောက်မှာ ဖြစ်ပွားခဲ့တာပါ။
ခစ်ရစ်လော့ဗ်ကို သတ်လိုက်တာလို့ ယူကရိန်းပြော
မော်စကိုမှာ ရုရှား ဒုတိယဗိုလ်ချုပ်ကြီး ခစ်ရစ်လော့ဗ်ကို အသတ်ခံရမှု နောက်ကွယ်မှာ ယူကရိန်းရှိ နေတယ်လို့ ယူကရိန်း လုံခြုံရေးသတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာနဲ့ အေအက်ဖ်ပီ သတင်းဌာန တို့က သတင်းဖော်ပြလာပါတယ်။
ဒီအတောအတွင်းမှာပဲ ယူကရိန်း မီဒီယာတွေကလည်း ယူကရိန်း လုံခြုံရေးအဖွဲ့တွေကြောင့် ရုရှား ဒုတိယဗိုလ်ချုပ်ကြီး သေဆုံးတာလို့ သတင်းဖော်ပြနေပါတယ်။
The Kyiv Independent နဲ့ RBC ယူကရိန်း သတင်းအေဂျင်စီတို့ကတော့ ဒုတိယဗိုလ်ချုပ်ကြီးကို ယူကရိန်းလုံခြုံရေးတပ်ဖွဲ့(SBU) က သတ်လိုက်တာလို့ဆိုပြီး SBU က အမည်မဖော်လိုတဲ့သတင်းရင်းမြစ်ကို ကိုးကားဖော်ပြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘီဘီစီက SBU ကို ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
ရုရှား စုံစမ်းစစ်ဆေးသူတွေ သဲလွန်စ ရှာဖွေနေ

ဓာတ်ပုံ ရင်းမြစ်, EPA
စတိဗ် ရိုဆန်ဘာ့ဂ်
ဘီဘီစီ ရုရှားအယ်ဒီတာ (မော်စကိုမြို့ကနေ သတင်းပေးပို့ပါတယ်)
ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ မော်စကိုမြို့ အရှေ့တောင်ပိုင်းက သာမန် လူနေရပ်ကွက်ပဲဖြစ်ပါတယ်။ လူနေတိုက်ခန်းတွဲတွေပဲ ရှိတဲ့နေရာဖြစ်ပါတယ်။
ဒေသခံတွေကတော့ ဖြစ်ခဲ့တာကို အံ့သြသင့်နေကြတုန်းပဲဖြစ်ပါတယ်။
တိုက်ခန်းတွဲ ဝင်ပေါက် အပြင်ဘက်နားလေးမှာ ရပ်ထားတဲ့ စကူတာတစ်စီးထဲမှာ ဝှက်ထားတဲ့ဗုံး တစ်လုံးကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေကပြောပါတယ်။
ရဲနဲ့ စုံစမ်းစစ်ဆေးသူတွေဟာ လက်ရှိမှာ အခင်းဖြစ်တဲ့နေရာမှာရှိနေပြီး ဘာဖြစ်ခဲ့လဲဆိုတာသိနိုင်ဖို့ သဲလွန်စတွေ ရှာဖွေနေကြပါတယ်။
ဒုတိယဗိုလ်မှူးကြီး လုပ်ကြံခံရမှုကို ရုရှားအရာရှိတွေက အနောက်ကို အပြစ်တင်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒုတိယ ဗိုလ်ချုပ်ကြီး ခစ်ရစ်လော့ဗ်ကို သတ်မှုဟာ အနောက်ရဲ့ ကြိုးကိုင်မှုလို့ ရုရှား အရာရှိတွေက စွပ်စွဲပြောဆိုလိုက်ပြီး ''အန်ဂလို - ဆက်ဆွန်တွေရဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်မှု'' မှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်ကို မီးမောင်းထိုးပြောပါတယ်။
ရုရှား အောက်လွှတ်တော်ရဲ့ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ Andrei Kartapolov ကတော့ ''ခစ်ရစ်လော့ဗ် အသတ်ခံရမှုကို ကျူးလွန်တဲ့သူ၊ စီစဥ်တဲ့သူ မှန်သမျှကို ဘယ်နေရာ၊ ဘယ်သူပဲဖြစ်နေပါစေ တာဝန်ခံမှုဖြစ်အောင် လုပ်မှာဖြစ်ပြီး'' ဒဏ်ခတ်အရေးယူမယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာရီယာ ဇာခါရိုဘာက ဒုတိယဗိုလ်ချုပ်ကြီး ခစ်ရစ်လော့ဗ်ဟာ ''အန်ဂလို - ဆက်ဆွန်တွေရဲ့ ရာဇဝတ်မှုတွေကို နှစ်ပေါင်းများစွာကြာအောင် စနစ်တကျ ဖော်ထုတ်ခဲ့တယ်'' လို့ တယ်လီဂရမ်မှာ ပြောပါတယ်။
အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌနဲ့ စစ်တပ် အငြိမ်းစား ဗိုလ်ချုပ်ကြီး Andrei Gurulyov ကတော့ ခစ်ရစ်လော့ဗ်ဟာ ''အမေရိကန်နဲ့ သူ့ရဲ့ဂြိုဟ်တုတွေရဲ့ ရာဇဝတ်မှုလုပ်ဆောင်ချက်၊ ရာဇဝတ်မှုဇီဝဓာတ်ခွဲခန်းတွေ၊ ဓာတုနဲ့ ဇီဝလက်နက်တွေပျံ့နှံ့မှုတွေအပါအဝင် တစ်ခုလုံးကို ခြေရာ ကောက်နိုင်ခဲ့ပြီး နားလည်ခဲ့သူဖြစ်တယ်'' လို့ ပြောပါတယ်။
Gurulyov ကတော့ ''အန်ဂလို - ဆက်ဆွန် အရာရှိတွေကို တိုက်ခိုက်မှု'' အပါအဝင် ''တင်းမာတဲ့တုံ့ပြန်မှု တစ်ခု လုပ်ဖို့ တောင်းဆိုပါတယ်။
ဗြိတိန်ဟာ ခစ်ရစ်လော့ဗ်ကို အောက်တိုဘာလတုန်းက အရေးယူ ဒဏ်ခတ်မှု ပြုလုပ်ခဲ့ပြီး ''ကရင်မလင်ရဲ့ သတင်းမှားတွေကို ဝါဒဖြန့်ပေးသူ'' လို့ခေါ်ပြီး ''ရုရှားရဲ့ အရှက်ရစရာနဲ့ အန္တရာယ်ကြီးတဲ့အပြုအမူတွေကို ဖုံးကွယ်ဖို့ အလိမ်အညာတွေ ဖြန့်နေသူ'' လို့လည်း ပြောပါတယ်။
ပြီးတော့ မနေ့ကတင် ကိယက်ဗ်က ယူကရိန်းမှာ သုံးတဲ့ ဓာတုလက်နက်တွေအသုံးပြုမှုကို ကြီးကြပ်မှုနဲ့ သူ့ကို တရားစွဲခဲ့ပါတယ်။
နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ရှင်းတယ်လို့ ရုရှား နိုင်ငံပိုင် သတင်းစာပြော
ယူကရိန်းတွေပြောသလိုပဲ ဒုတိယ ဗိုလ်ချုပ်ကြီး ခစ်ရစ်လော့ဗ်ကို သတ်ခဲ့သူဟာ ယူကရိန်း လုံခြုံရေးအဖွဲ့တွေဖြစ်တယ်လို့ ရုရှား အစိုးရပိုင် တရားဝင် သတင်းစာက သတင်ဖော်ပြလာပါတယ်။
''ကိဗက်ဗ် အုပ်စိုးသူ အုပ်စုဟာ ဒီနည်းလမ်းနဲ့ပဲ ဗိုလ်ချုပ်ကြီး ခစ်ရစ်လော့ဗ်ကို နုတ်ပိတ်နိုင်တာ'' လို့ Rossiyskaya Gazeta သတင်းစာက ခေါင်းကြီးပိုင်းမှာ ဖော်ပြပါတယ်။
''စုံစမ်းစစ်ဆေးသူတွေဟာ ယူဆချက်တွေ ပြုလုပ်ခွင့် မရှိပါဘူး။ ဒါကြောင့်ပဲ သူတို့ဟာ ယူကရိန်း သံလွန်စနဲ့ပတ်သက်ပြီး ဘာမှ မပြောတာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လို ပဲဖြစ်ဖြစ် ဒီလို အကြမ်းဖက်လုပ်ရပ် နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ အားလုံးအတွက် ရှင်းပါတယ်'' လို့ Rossiyskaya Gazeta ကရေးပါတယ်။
ဖောက်ခွဲရေးပစ္စည်းဟာ အဝေးထိန်းဖြစ်ပြီး ပေါက်ကွဲပစ္စည်း TNT ယမ်း ပမာဏ ၃၀၀ ဂရမ်လောက် ပါတဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း တပ်ဆင်ထားတာလို့ ရုရှားမီဒီယာတွေက သတင်းဖော်ပြပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာတွေကနေ တက်လာတဲ့ဓာတ်ပုံတွေမှာတော့ အဆောက်အဦ ဝင်ပေါက်ဟာ ကျပ်ခိုးရာတွေနဲ ပြည့်နေပြီး ပြတင်းပေါက်တွေ ကျိုးပဲ့ကုန်သလို ကြမ်းပြင်မှာလည်း အပျက်အစီးတွေ ကြဲနေပါတယ်။
မနေ့ ဒီဇင်ဘာ ၁၆ ရက်တုန်းကတော့ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့(SBU) ဟာ တားမြစ်ဓာတုလက်နက်တွေကို ယူကရိန်းမှာသုံးတယ်လို့ဆိုပြီး ခစ်ရစ်လော့ဗ်ကို မျက်ကွယ်ပြစ်ဒဏ်ချခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲမှာ သူ့ရဲ့ပါဝင်ပတ်သက်မှုကြောင့် အရင်ကလည်း အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ် အရေးယူမှုခံထားရပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး ခစ်ရစ်လော့ဗ်ကို စွပ်စွဲထားသလို ဓာတုလက်နက်မရှိဘူးလို့ ရုရှားပြော
ဗီတာလီ ရှက်ချန်ကို
ဘီဘီစီ မော်နီတားရင်းအဖွဲ့ရဲ့ ရုရှားအယ်ဒီတာ
အပေါ်ပိုင်းမှာ ရေးသားခဲ့သလိုပါပဲ ရုရှားမှာ ဇီဝလက်နက်တစ်ခုမှ မရှိဘူးလို့ မော်စကို က ပြော ထားပေမဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခစ်ရစ်လော့ဗ်ဟာ ရုရှားရဲ့ ဓာတုလက်နက်တွေကို ကြီးကြပ်ရသူလို့ ယူဆခံထားရပါတယ်။
ရုရှားကတော့ များလှတဲ့သူ့ရဲ့ ဓာတုလက်နက်တွေထဲက နောက်ဆုံးကျန်တာတွေကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်မှာ ဖျက်ဆီးလိုက်ပြီးပြီလို့ ပြောပါတယ်။ လက်နက်တွေ ဖျက်ဆီးတာကို သမ္မတ ပူတင်ကိုယ်တိုင်လည်း ဗီဒီယိုနဲ့ ကြည့်ရှုခဲ့ပြီး ''သမိုင်းဝင်တဲ့ပွဲ'' လို့ပြောခဲ့ပါတယ်။
''ပိုမိုဘေးကင်းလုံခြုံတဲ့ကမ္ဘာဖြစ်စေရေး ကြီးကြီးမားမားလှမ်းခဲ့တဲ့ခြေလှမ်း'' လို့လည်း သူက အဲဒီတုန်းက ပြောခဲ့ပါတယ်။
ဒါပေမဲ့ အခုနှစ် မေလမှာတော့ အမေရိကန်ပြည်ထောင်စုဟာ ရုရှားကို ယူကရိန်းမှာ ''စစ်ပွဲ နည်းနာ''အနေနဲ့ ဓာတုလက်နက်တွေ ဖြန့်ကြက်နေတယ်လို့ စွပ်စွဲပါတယ်။ ဓာတုလက်နက်အသုံးပြုမှုတားမြစ်တဲ့ နိုင်ငံတကာ ဥပဒေတွကို ချိုးဖောက်တယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာလမှာတော့ ဗြိတိန်ဟာ ဒုတိယ ဗိုလ်ချုပ်ကြီးကို ''ဒီရက်စက်လှတဲ့လက်နက်တွေကို ဖြန့်ကြက်ရာမှာ ကူညီတဲ့အပိုင်း တာဝန်ရှိတယ်လို့ဆိုပြီး''အရေးယူပိတ်ဆို့ပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး ခစ်ရစ်လော့ဗ် အသတ်မခံရင် ပထမတစ်ရက်မှာတော့ ယူကရိန်းဟာ သူ့ကို ဓာတုလက်နက်တွေအသုံးပြုမှု၊ အထူးသဖြင့် CS လက်ပစ်ဗုံးတွေနဲ့ CN မျက်ရည်ယိုဗုံးတွေကို ဒရုန်းတွေကနေ ကြဲချဖို့ ခွင့်ပြုပြီး ရာဇဝတ်မှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
လုပ်ကြံမှုတွေကို ယူကရိန်း တိုးလုပ်နေလား
ဂျွန်နသန် ဘေးလ်
ကာကွယ်ရေးဆိုင်ရာသတင်းထောက်
ဒါဟာ သီးခြားထွက်လာတဲ့ လုပ်ကြံသတ်ဖြတ်မှု မဟုတ်ပါဘူး။ ကြုံသလို လုပ်လိုက်တဲ့လုပ်ရပ်လည်း မဟုတ်ပါဘူး။
ယူကရိန်းလုံခြုံရေးအဖွဲ့တွေဟာ တချို့ ဖြစ်ရပ်တွေနဲ့ ဆက်နွှယ်နေတာ ဒါမှမဟုတ် ယူကရိန်းမှာ ဖြစ်နေတဲ့ ရုရှားစစ်ပွဲနဲ့ပတ်သက်ပြီး နယ်ပယ်တစ်ခုခုမှာ ကျွမ်းကျင်တဲ့ ရုရှား ထိပ်ပိုင်း လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားတာတွေတိုးလုပ်လာနေပုံရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်မှာ ရုရှားရေတပ် အကြီးတန်းအရာရှိ ဗယ်လာရီ ထရန်ကော့စကီး ဟာ ခရိုင်းမီးယားမှာ ကားဗုံးပေါက်လို့ သေဆုံးခဲ့ပါတယ်။
ယူကရိန်းလုံခြုံရေးအဖွဲ့(SBU) သတင်းရင်းမြစ်ကတော့ ဗယ်လာရီ ထရန်ကော့စကီးဟာ ယူကရိန်းက အရပ်သားနေရာတွေကို ခရုဇ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တဲ့ စစ်ရာဇဝတ်သားတစ်ဦးလို့ ကိယက််ဗ် အင်ဒီပန့်ဒန့် သတင်းစာကို ပြောပါတယ်။
ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ဟာ ရုရှား သိပ္ပံပညာရှင် မီခေး ရှက်စကီ ပစ်ခတ်ခံရမှု နောက်ကွယ်မှာ ရှိနေတယ်လို့ ယူဆရပါတယ်။ သူကတော့ ဒီဇင်ဘာလ ၁၂ ရက်တုန်းက မော်စကိုမြို့အနီးမှာ အသတ်ခံခဲ့ရတာပါ။
သူဟာ ရုရှားရဲ့ ဒုံးကျည်အစီအစဥ်မှာ ပါဝင်မှု၊ နောက်ပြီး ဒရုန်းတွေအတွက် ဉာဏ်ရည်တု နည်းပညာ ဆော့ဝဲလ် ဖန်တီးမှုတွေမှာ ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြခံရပါတယ်။
အခုနောက်ဆုံး ပစ်မှတ်ထား လုပ်ကြံမှုကတော့ ဓာတုလက်နက်တွေအသုံးပြုမှုကို ကြီးကြပ်တဲ့ ဗိုလ်ချုပ်ကြီး တစ်ဦးကို လုပ်ကြံမှု ဖြစ်ပါတယ်။
ဓာတုလက်နက်တွေဆိုင်ရာ ဗြိတိသျှ ကျွမ်းကျင်သူ ဟာမစ်ရှ် ဒီ ဘရက်တန်ဂေါ်ဒန်ကတော့ ရုရှား ဒုဗိုလ်ချုပ်ကြီးဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့ ခလိုရိုပီရင်ကို စက်မှုလုပ်ငန်းသုံး ပမာဏနဲ့ အသုံးပြုဖို့ အတည်ပြုပေးတဲ့ အဓိက ဗိုလ်ချုပ်ကြီးလို့ ပြောပါတယ်။
ဒီဖြစ်ရပ်နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။