သင်္ဂါယနာ ခြောက်တန်နဲ့ ထိန်းတဲ့ ထေရဝါဒဗုဒ္ဓသာသနာ

  • ရေးသားသူ, ဘိုဘို
  • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

သာသနာဆိုတာ အဆုံးအမတရားတွေ ဖြစ်တဲ့အတွက် ဒီတရားတော်တွေကို သန့်စင်တည်တံ့ဖို့ သင်္ဂါယနာခေါ် သံဃာ့အစည်းအဝေးကြီးတွေ ကျင်းပပြီး စိစစ်ရပါတယ်။ သင်္ဂါယနာကို သံဂါယနာလို့လည်း စာလုံးပေါင်းပါတယ်။ သင်္ဂါယနာဆိုတဲ့ စကားလုံးကိုယ်တိုင်က ညီညွတ်စွာရွတ်ဆိုခြင်း၊ ကွဲပြားသော အယူဝါဒမရှိဘဲ ရွတ်ဆိုခြင်း၊ တခုတည်းသောခံယူချက်ဖြင့် ရွတ်ဆိုခြင်းလို့ ဗုဒ္ဓစာပေပညာရှင်တွေက အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ဒါကြောင့် ဒီသင်္ဂါယနာပွဲကြီးတွေနဲ့ ဗုဒ္ဓစာပေကျမ်းဂန်တွေကို မှတ်ကျောက်တင်ပြီး အနှစ် နှစ်ထောင်ကျော် ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

သင်္ဂါယနာ မူကွဲများ

တောင်ပိုင်းဗုဒ္ဓဘာသာလို့ ခေါ်တဲ့ ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်တွေက လက်ခံတဲ့ သင်္ဂါယနာပွဲကြီး ခြောက်ကြိမ် ကျင်းပခဲ့ပြီး ဒီထဲမှာ မြန်မာပြည်က နှစ်ကြိမ် ပါဝင်ခဲ့ပါတယ်။ အိန္ဒိယမှာ သုံးကြိမ်၊ သီဟိုဠ်ခေါ် သီရိလင်္ကာမှာ တကြိမ်နဲ့ မြန်မာပြည်မှာ နှစ်ကြိမ် ဖြစ်ပြီး မင်းတုန်းမင်းခေတ် မန္တလေးမှာတင်တဲ့ ပဥ္စမသင်္ဂါယနာနဲ့ ရန်ကုန်မှာ ဝန်ကြီးချုပ် ဦးနုခေတ် ၁၉၅၄ က တင်ခဲ့တဲ့ ဆဋ္ဌသင်္ဂါယနာပွဲတို့ ဖြစ်ပါတယ်။

တဘက်မှာလည်း သင်္ဂါယနာ ဆယ်ကြိမ်တင်ဖူးကြောင်း စလေဦးပုညရဲ့ သာသနာလျှောက်စာတမ်းမှာ ပါရှိပါတယ်။ ဇင်းမယ်မှာ ၁၅ ရာစုက တင်တဲ့ သင်္ဂါယနာ၊ သထုံကို သီဟိုဠ်ကျွန်းက အဋ္ဌကထာတွေ ပင့်ဆောင်တဲ့ သင်္ဂါယနာ၊ ပုဂံကို သထုံက ပိဋကတ်တွေ ပင့်တဲ့ သင်္ဂါယနာ၊ အင်းဝမှာ ၁၆ ရာစု သိုဟန်ဘွားလက်ထက် သာသနာပျက်လို့ ပြုပြင်တဲ့ သင်္ဂါယနာနဲ့ အလောင်းဘုရားခေတ် အတုလဆရာတော်ရဲ့ သာသနာသန့်ရှင်းရေး သင်္ဂါယနာဆိုပြီး အများလက်ခံတဲ့ သင်္ဂါယနာတွေနဲ့ မတူတဲ့ပွဲတွေအကြောင်း ဦးပုညက ရေးပြခဲ့ပါတယ်။ ရခိုင်မှာ ဝေသာလီခေတ်နဲ့ လေးမြို့ခေတ်တွေက သင်္ဂါယနာပွဲတွေ ရှိခဲ့ကြောင်း ဒေါက်တာမြတ်မြတ်ထွန်းရဲ့ ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်စာအုပ်မှာ ပါရှိပါတယ်။

ထိုင်းမှာ သင်္ဂါယနာ လေးကြိမ် တင်ခဲ့ဖူးပြီး နောက်ဆုံးအကြိမ်က ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကလို့လည်း ရေးသားမှုတွေ ရှိပါတယ်။ ထေရဝါဒ ၅ နိုင်ငံက သံဃာတွေ ပထမဆုံးအကြိမ် စုပေါင်းတွေ့ဆုံတဲ့ သင်္ဂါယနာပွဲကတော့ မြန်မာပြည်က ဆဋ္ဌသင်္ဂါယနာပွဲ ဖြစ်ပါတယ်။

ဆဋ္ဌသင်္ဂါယနာ ဘာကြောင့်တင်

ဆဋ္ဌသံဂါယနာလို့လည်း မော်ကွန်းထိုးခဲ့တဲ့ ဒီခေတ်သစ်သင်္ဂါယနာပွဲဟာ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းစစ်မီး အတော်ငြိမ်းသွားတဲ့အချိန်မှာ တင်တဲ့ပွဲဖြစ်ပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာ ကူမင်တန်ခေါ် တရုတ်ဖြူကျူးကျော်မှု ရှိနေတဲ့ကြားက ဒီလိုသင်္ဂါယနာပွဲကြီး ကျင်းပတာဟာ နိုင်ငံငွေကို ဖြုန်းတီးတယ်ဆိုပြီး အဲဒီခေတ် နိုင်ငံရေးအတိုက်အခံတွေက ဝေဖန်ခဲ့ကြပါတယ်။

မြန်မာဘုရင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကျင့်စရိုက်အတိုင်း သာသနာပြု မင်းကောင်းမင်းမြတ် ဖြစ်ချင်တဲ့စိတ်က အဲဒီခေတ် ဝန်ကြီးချုပ်ဦးနုဆီမှာ ရှိပြီး ပိဋကတ်သုံးပုံကို အာဂုံဆောင် ပြန်ဆိုနိုင်တဲ့ ရဟန်းတော်ကို ရှာဖွေနေတဲ့ သူဌေးကြီးဆာဦးသွင်နဲ့ ပေါင်းမိပြီး သင်္ဂါယနာတင်ဖို့ ဖြစ်လာကြောင်း ဗုဒ္ဓသာသနာသမိုင်းဆိုင်ရာတွေကို ရေးသားတဲ့ စာရေးဆရာ ဦးအောင်မွန်က ပြောပါတယ်။

ဒုတိယကမ္ဘာစစ်မဖြစ်ခင် သိန်းဖေရဲ့ တက်ဘုန်းကြီးဝတ္ထုအမှာစာရေးပေးခဲ့တဲ့ ဝန်ကြီးချုပ်ဦးနုဟာ ဘာသာရေးကိုင်းရှိုင်းတဲ့အခံ ရှိတဲ့အထဲ ဖဆပလထဲက ကွန်မြူနစ်နဲ့ လက်ဝဲစွန်းတွေ ထွက်သွားတဲ့အတွက် ရိုးရာနည်းလမ်းတွေနဲ့ နိုင်ငံညီညွတ်ရေး တည်ဆောက်ဖို့ ကြိုးစားလာတာ ဖြစ်နိုင်ကြောင်း လန်ဒန်တက္ကသိုလ်က သမိုင်းပါမောက္ခ မိုက်ကယ်ချာနေရဲ့ ခေတ်သစ်မြန်မာပြည်သမိုင်းမှာ ပါရှိပါတယ်။ လက်ဝဲညီညွတ်ရေး မရတဲ့ နိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ ညီညွတ်ရေး ထူထောင်ဖို့ အဲဒီအချိန်က အိန္ဒိယဝန်ကြီးချုပ် နေရူးက သူ့ကို အကြံပေးခဲ့သလား တွက်ဆသူတွေလည်း ရှိပါတယ်။

ဘယ်လိုအကြောင်းကြောင့် သင်္ဂါယနာတင်တာပဲ ဖြစ်ဖြစ်၊ ဒီဆဋ္ဌသင်္ဂါယနာတင်ပွဲကြောင့် မြန်မာပြည်သူတွေကြား ဘာသာရေးကိုင်းရှိုင်းမှုတွေ များလာပြီး ဦးနုကို ထောက်ခံမှု တက်လာခဲ့ပါတယ်။ ဦးနုခေတ် ဘာသာရေး အားပေးမှုတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ဝဲခေတ်မှာ တိမ်မြုပ်နေခဲ့တဲ့ ဦးဥတ္တမနဲ့ ဂဠုန်ဆရာစံခေတ်က ဝံသာနု ဗုဒ္ဓဘာသာမျိုးချစ်စိတ် ပြန်ပေါ်လာခဲ့ပါတယ်။ ဒီလို အစိုးရပိုင်းက ဘာာသာရေးအားပေးပေမယ့် နယ်တွေမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ လူမျိုးစုတွေရဲ့ ပုန်ကန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်တပ်ပိုင်းကတော့ ဒီလို ဘာသာရေး အားပေးမှုတွေကို လက်ရှောင်နေခဲ့ကြောင်း မိုက်ကယ်ချာနေရဲ့ ခေတ်သစ်မြန်မာပြည်သမိုင်းမှာ ပါရှိပါတယ်။

၁၉၅၈ မှာ အာဏာရ ဖဆပလအဖွဲ့ချုပ် နှစ်ခြမ်းကွဲပြီး စစ်တပ်ထောက်ခံမှုရတဲ့ တည်မြဲအုပ်စုနဲ့ အားပြိုင်ရာမှာလည်း ဦးနုရဲ့ သန့်ရှင်းအုပ်စုက အသာရပြီး ၁၉၆ဝ ရွေးကောက်ပွဲမှာ ဦးနုပြန်တက်လာခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ ကတိအတိုင်း ၁၉၆၁ မှာ နိုင်ငံတော်ဘာသာအဖြစ် ဗုဒ္ဓဘာသာကို ပြဋ္ဌာန်းပြီး နောက်တနှစ်မှာပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချီတက်မယ့် စစ်ဗိုလ်တွေရဲ့ အာဏာသိမ်းပွဲနဲ့ ကြုံခဲ့ရပါတယ်။

လူထုသင်္ဂါယနာ တင်ခြင်းအဆင့်ဆင့်

သင်္ဂါယနာ တင်ဖို့ စတင်ဆော်သြသူတွေထဲ သခင်ထိန်ဝင်းပါဝင်ကြောင်း ဦးအောင်မွန်က ရေးပါတယ်။ လွတ်လပ်ရေး ရပြီးနောက် ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးက ပိဋကတ်မူတစုံ ရရှိဖို့ စီစဉ်ပါတယ်။ ဒီအချိန်မှာပဲ လွတ်လပ်ရေးမရခင် ၁၉၄၇ ကတည်းက ဝန်ကြီးချုပ်ဦးနုတို့ ဖွဲ့စည်းခဲ့တဲ့ ဗုဒ္ဓသာသနာ့နုဂ္ဂဟအဖွဲ့ ကနေ တောင်တန်းသာသနာပြု လွှတ်တာ၊ တိပိဋကဓရစာမေးပွဲတွေ ကျင်းပတာတွေ ဖြစ်လာပြီး ၁၉၅၀ မှာတော့ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကို ဖွဲ့စည်းပါတယ်။ ဒီအဖွဲ့က ဦးဆောင်ပြီး ၁၉၅၂ ရန်ကုန်မြို့ သာသနာ့ရိပ်သာမှာ ဆရာတော်ကြီးတွေကို ပင့်ဖိတ်စည်းဝေးရာကနေ ဆဋ္ဌသင်္ဂါယနာတင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုဆုံးဖြတ်ပြီးနောက် ဖဆပလအစိုးရနဲ့ လွှတ်တော်အမတ်တွေရဲ့ သဘောတူညီမှုယူတဲ့အပြင် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတွေထိ မြန်မာဆရာတော်တွေ သွားရောက်ပြီး သင်္ဂါယနာမှာ ပါဝင်ကြဖို့ ဆော်သြခဲ့ပါတယ်။

ဒီသင်္ဂါယနာဟာ အရင့်အရင်က ကျင်းပခဲ့တဲ့ သင်္ဂါယနာတွေနဲ့မတူဘဲ ဘုရင်က မလုပ်ဘဲ လူထုတင်မြှောက်တဲ့ ဖဆပလအစိုးရက ကျင်းပတဲ့ပွဲမို့ လူထုသင်္ဂါယနာဆိုပြီး ဦးနုတို့ဘက်က ဂုဏ်တင်လေ့ရှိပါတယ်။ သင်္ဂါယနာကုန်ကျစရိတ်အတွက် အစိုးရထည့်ဝင်ငွေအပြင် လူထုဆီက နှိုးဆော်ကောက်ခံရာမှာလည်း ငွေကြေးအများအပြားထည့်ဝင်ကြသလို လုပ်အားပေးလှူသူတွေလည်း များပါတယ်။ သင်္ဂါယနာကာလ ဆရာတော် သံဃာတော်တွေအတွက် ဆွမ်းကွမ်းဝေယျာဝစ္စမှာလည်း အာဏာရ ဖဆပလခေါင်းဆောင်တွေရဲ့ ဇနီးတွေနဲ့ နောက်လိုက် ကုန်သည်လောကသားတွေ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ သင်္ဂါယနာ နိုင်ငံရေးခေတ် ဖြစ်ပါတယ်။

ဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့ မဟာပါသဏလိုဏ်ဂူတော်ကြီးကို ပထမ သင်္ဂါယနာတင်ရာ ရာဇဂြိုဟ်ပြည် စရည်းပင်ပေါက်ရာ လိုဏ်ဂူတော်ကြီးကို ပုံစံထား ဆောက်လုပ်ခဲ့ပါတယ်။ မဟာပါသဏလိုဏ်ဂူတော်ကို အခုချိန်ထိ အသုံးပြုနေဆဲဖြစ်ပြီး တိပိဋကစာမေးပွဲတွေနဲ့ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အစည်းအဝေးတွေ ကျင်းပတဲ့နေရာ ဖြစ်ပါတယ်။

လိုဏ်ဂူတော်ကြီးတည်ဆောက်ရာမှာ မြန်မာကျပ်ငွေ ၉၁ သိန်းကျော် ကုန်ကျခဲ့ပါတယ်။ ဒေါ်လာနဲ့တွက်ရင်တော့ အဲဒီခေတ် ငွေလှဲနှုန်းက ၁ ဒေါ်လာကို မြန်မာငွေ ၄ ကျပ် ၇၆ ပြား ရှိတဲ့အတွက် ဒေါ်လာ ၂ သိန်းနီးပါး ကုန်ကျခဲ့ပါတယ်။ ၁၉၅၁ က စဆောက်ပြီး ၁၉၅၄ မှ အပြီးသတ်နိုင်တာပါ။

ဒီလိုဏ်ဂူတော်နဲ့ တကွ ကမ္ဘာအေးဘုရား၊ ဗုဒ္ဓစာကြည့်တိုက်၊ သံဃာတော်တွေ သီတင်းသုံးဖို့ ကျောင်းဆောင်ကြီးတွေ အစုစု ကုန်ကျစရိတ် ဒေါ်လာသိန်းချီ ကုန်ခဲ့မှာ ဖြစ်ပြီး ဒီကုန်ကျစရိတ်တွေအတွက် အမေရိကန်က ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာလက်ဝဲသမားတွေက လုပ်ခဲ့ကြပါတယ်။ တဘက်မှာလည်း သာသနာ ၂၅၀၀ ပြည့် ဗုဒ္ဓဇယန္တီပွဲတော်အတွက် အမေရိကန်ပြန်ကြားရေးကနေ အရှေ့တောင်အာရှ ဘာသာပေါင်းစုံနဲ့ ရိုက်နှိပ်ဖြန့်ဝေခဲ့တာတွေ ရှိခဲ့တဲ့အပြင် မန္တလေးနဲ့ ရန်ကုန်က ရဟန်းပျိုအဖွဲ့တွေကိုလည်း ငွေကြေး၊ ပုံနှိပ်စက် စတဲ့ အကူအညီတွေကို အမေရိကန်က ပေးတာတွေ ရှိခဲ့တဲ့အတွက် မြန်မာအစိုးရရဲ့ လူထုသင်္ဂါယနာမှာ အမေရိကန်လှူငွေ ပါသလား ပြောရခက်နေပါတယ်။

သင်္ဂါယနာနဲ့ ပိဋကတ်သန့်စင်မှု

ဆဋ္ဌသင်္ဂါယနာကို ၁၉၅၄ ကနေ ၁၉၆၂ ထိ ရှစ်နှစ်ကြာ အချိန်ယူတင်ခဲ့ပြီး ပါဠိတော်၊ အဋ္ဌကထာနဲ့ ဋီကာ ဆိုတဲ့ ပိဋကတ်ကျမ်းဂန်တွေကို အဆင့်ဆင့် အချိန်ယူ သုတ်သင်တည်းဖြတ်ခဲ့ကြပါတယ်။သာသနာ ၂၅၀၀ ပြည့် အထိမ်းအမှတ် တင်တဲ့ ဒီသင်္ဂါယနာကို သာသနာနှစ် ၂၄၉၈၊ ခရစ်နှစ် ၁၉၅၄ က စတင်ပြီး ၁၉၅၆ မှာ ပါဠိတော် သင်္ဂါယနာကို အပြီးသတ်ပါတယ်။ ပါဠိတော် သင်္ဂါယနာမှာ ကမ္ဗောဇ လ၀၊ သျာမ၊ သီရိလင်္ကာ ဆိုပြီး ထေရဝါဒ လေးနိုင်ငံက တင်တဲ့ သန္နိပါတ သုံးခုလည်း ပါပါတယ်။ အဲဒီနောက် ၁၉၅၆ နှစ်ကုန်ကနေ ၁၉၆၀ အထိ ပါဠိတော်တွေကို ဖွင့်ဆိုတဲ့ အဋ္ဌကထာတွေကို သင်္ဂါယနာ တင်ပါတယ်။ ဒီ အဋ္ဌကထာ အပြီးသတ်နေ့ကို ထိုင်းဘုရင် ဘူမိဘောနဲ့ ကြင်ယာတော် မိဘုရားကြီး သီရိခေတ်တို့ တက်ရောက်ကြည်ညိုပါတယ်။ အဲဒီနောက် ပါဠိတော်နဲ့ အဋ္ဌကထာတွေရဲ့ အနက်ကို ဖွင့်ဟတဲ့ ဋီကာကျမ်းတွေကို ၁၉၆၀ ကနေ ၁၉၆၂ ဖေဖော်ဝါရီလ ၁၆ ရက်ထိ ဆက်ပြီး သင်္ဂါယနာ တင်ခဲ့ပါတယ်။

သင်္ဂါယနာအဆက်ဆက် သုတ်သင်တည်းဖြတ်ခဲ့တဲ့ ဒီကျမ်းဂန်တွေထဲ ပဥ္စမနဲ့ ဆဋ္ဌသင်္ဂါယနာခေတ်ကျမှ ထပ်မံဖြည့်စွက် တည်းဖြတ်တဲ့ ကျမ်းတွေ ပါတယ်လို့ ဦးအောင်မွန်က ပြောပါတယ်။ ဒီကျမ်းတွေကတော့ မူလသင်္ဂါယနာ လေးတန်မှာ မပါဝင်ခဲ့တဲ့ ကျမ်းတွေဖြစ်ပြီး ပေဋကောပဒေသ၊ နေတ္တိ၊ မိလိန္ဒပဉှာ စတဲ့ ကျမ်းတွေ ဖြစ်ပါတယ်။ ဒီကျမ်းတွေဟာ ဗုဒ္ဓဘုရားဟောတဲ့ ကျမ်းတွေ မဟုတ်ကြပေမယ့် ဘုရားဟောကျမ်းတွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေကြားမှာ ဖတ်ရှုလေ့လာကြတဲ့ ကျမ်းတွေ ဖြစ်ပါတယ်။

ဆဋ္ဌသင်္ဂါယနာမှာ မြန်မာရဟန်းတော်တွေ ကြီးစိုးတဲ့အတွက် မြန်မာမူကို အလေးပေးမယ်လို့ ယူဆကြပေမယ့် လန်ဒန်၊ သီဟိုဠ်၊ ထိုင်းမူတွေနဲ့ တိုက်ဆိုင်ညှိနှိုင်းတာတွေ ရှိကြောင်း၊ အထူးသဖြင့် သီဟိုဠ်ခေါ် သီရိလင်္ကာက ဆရာတော် ရဲ့ သြဇာက ဒီသင်္ဂါယနာမူ ကျမ်းစာတွေမှာ ရိုက်ခတ်မှုရှိတယ်ဆိုပြီး ဗုဒ္ဓစာပေကို လေ့လာတဲ့ သြစတြေးလျ ပညာရှင် ဒေါက်တာ ခရစ္စကလပ်က ရေးပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ မပြတ် ရွတ်ဖတ်နေကျ ဖြစ်တဲ့ ပရိတ်ကြီးကအစ အရင်လို ပိဋကတ်ပုံနှိပ်တိုက် တတိုက် တမူမဟုတ်တော့ဘဲ တမူတည်း ဖြစ်ခဲ့ပါတယ်။

သင်္ဂါယနာ ဝန်ဆောင် ဆရာတော်များ

ဆဋ္ဌသင်္ဂါယနာတင်ချိန်က အကြီးအမှူးအဖြစ် သီပေါမင်းရဲ့ ရာဇဂုရုတံဆိပ်တော်ရ မန္တလေး မိုးကောင်းတိုက်က ညောင်ရမ်းဆရာတော်ကြီးက ဆောင်ရွက်ပါတယ်။ ဆရာတော်ကြီး ပျံလွန်ချိန်မှာတော့ မန္တလေး မစိုးရိမ်ဆရာတော် ဦးသူရိယက ဆက်ခံကြီးမှူးပါတယ်။ အမေးဆရာတော်အဖြစ် မဟာစည်ဆရာတော်နဲ့ အဖြေဆရာတော်အဖြစ် ပထမဆုံး တိပိဋကဓရဘွဲ့ရ မင်းကွန်းဆရာတော်တို့က ဆောင်ရွက်ကြပြီး ဒီဆရာတော်တွေရဲ့ သင်္ဂါယနာ အမေးအဖြေ ဓာတ်ပြားတွေကို မြန်မာ့အသံက နှစ်ပေါင်းများစွာ ပြန်လည် ထုတ်လွှင့်ခဲ့ပါတယ်။

အဋ္ဌကထာနဲ့ ဋီကာတွေကို သင်္ဂါယနာ တင်ရာမှာတော့ ပခုက္ကူ အရှေ့တိုက်နဲ့ အလယ်တိုက် ဆရာတော်ကြီးတွေအပြင် အနီးစခန်းဆရာတော်ပါ စိစစ်ခဏ်းက ပါဝင်ခဲ့ကြပါတယ်။ ဒီသင်္ဂါယနာမှာ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ ပခုက္ကူ၊ ရန်ကုန် စတဲ့ နိုင်ငံတဝှမ်းက သုဓမ္မာ၊ ရွှေကျင်၊ ဒွာရစတဲ့ ဂိုဏ်းပေါင်းစုံက ဆရာတော်ကြီးတွေ ကြီးမှူး ဆောင်ရွက်ခဲ့ကြတာမို့ ဗားကရာ ဆရာတော်၊ ဟင်္သာတ သပြေပင်ဆရာတော်၊ မဟာဂန္ဓာရုံဆရာတော် ၊ ဟံသာဝတီဆရာတော် စတဲ့ ဆရာတော်ကြီးတွေ ပါဝင်ခဲ့ကြပါတယ်။

ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို ထေရဝါဒ ၅ နိုင်ငံ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ လာအိုတို့က သာသနာပိုင်တွေ၊ စာတတ်ပေတတ် သံဃာတော်တွေ အဓိက တက်ရောက်ကြပါတယ်။ သင်္ဂါယနာပွဲက အတည်ပြုလိုက်တဲ့ ဗုဒ္ဓကျမ်းစာတွေကိုလည်း ဒီသံဃာတွေ နှုတ်တက် အာဂုံဆောင် ရွတ်ဆိုခဲ့ကြပြီး နိုင်ငံအနှံ့က ဗုဒ္ဓဘာသာဝင်တွေ လာရောက်ကြည်ညိုကြပါတယ်။

ထေရဝါဒ ၅ နိုင်ငံအပြင် တခြားနိုင်ငံတွေက ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ သံဃာတော်တွေ၊ ပညာရှင်တွေနဲ့ အသင်းအဖွဲ့တွေလည်း တက်ရောက်ကြပါတယ်။ အဲဒီထဲမှာ တရုတ်၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ ဗီယက်နမ်၊ အနောက်ပါကစ္စတန် လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက စစ်တကောင်းဗုဒ္ဓဘာသာအသင်း၊ အိန္ဒိယထဲက ဘင်္ဂါလီဗုဒ္ဓဘာသာအသင်း၊ ဒီနေ့ခေတ် မလေးရှားရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ အဲဒီခေတ် မာလာယုပြည်က ဗုဒ္ဓဘာသာကိုယ်စားလှယ်တွေ၊ အမေရိကန်က ပရဟိတနဲ့ ဗုဒ္ဓဘာသာကိုယ်စားလှယ်တွေလည်း တက်ရောက်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေထဲမှာဆိုရင်လည်း ထေရဝါဒ ၅ နိုင်ငံထဲကဆိုရင် ထိုင်းဘုရင် ဘူမိဘော အဒူရာဒက်နဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပီဗူလ် ဆွန်ဂရမ် ၊ ကမ္ဘောဒီယားဘုရင် သီဟာနုနဲ့ ဝန်ကြီးချုပ် လန်ငက်သ်၊ လာအိုအိမ်ရှေ့မင်းသားကြီး ဆဗန် ဝတ္တနနဲ့ လာအိုဝန်ကြီးချုပ်၊ သီဟိုဠ်က ဝန်ကြီးတွေ တက်ရောက်ကြပါတယ်။ ဒီလို ပြည်ပခေါင်းဆောင်တွေ လာချိန်မှာ ရန်ကုန်တက္ကသိုလ်က ကမ္ဘောဒီးယားဘုရင် သီဟာနုကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးတာနဲ့ မြန်မာအစိုးရက ထိုင်းဘုရင် ဘူမိဘောနဲ့ ထိုင်းဝန်ကြီးချုပ် ဆွန်ဂရမ်တို့ကို အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ အပ်နှင်းတာတွေ လုပ်ခဲ့ပါတယ်။

ဒီငါးနိုင်ငံရဲ့ပြင်ပကလည်း ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ စေလွှတ်တာ ရှိသလို နိုင်ငံတကာ ဗုဒ္ဓဘာသာအသင်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။

သဝဏ်လွှာပို့တဲ့အထဲမှာဆိုရင်လည်း အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟလာနေရူး၊ ဆစ်ကင်း ဝန်ကြီးချုပ်၊ နီပေါဘုရင်နဲ့ ဝန်ကြီးချုပ်၊ ဂျပန်ဝန်ကြီးချုပ်၊ ရူကျူးကျွန်း အစိုးရ၊ ဗြိတိသျှဘုရင်မ အဲလစ်ဇဘက်တို့ ပါဝင်ပါတယ်။ ဗြိတိသျှဘုရင်မကြီးကိုယ်စား မြန်မာပြည်ဆိုင်ရာ သံအမတ်ကြီး လော့ဂိုးဘုသ်က လာရောက်ဖတ်ကြားခဲ့ပါတယ်။ လော့ဂိုးဘုသ်ဆိုတာ နောင်မှာ ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်မှာရှိစဥ် သူ့ရဲ့ အုပ်ထိန်းသူ ဖြစ်ခဲ့သူပါ။

သင်္ဂါယနာမှာ မလုပ်ဖြစ်တဲ့ သာသနာသန့်ရှင်းရေး

သင်္ဂါယနာပွဲတွေ လုပ်ရတဲ့ ရည်ရွယ်ချက်တွေထဲ ပိဋကတ်စာပေတွေကို သန့်စင်တည်းဖြတ်တာအပြင် သာသနာသန့်ရှင်းဆောင်ရွက်တာတွေ ပါဝင်ကြောင်း ဒေါက်တာ ခရစ္စကလပ်က ကောက်ချက်ချပါတယ်။

ဒါပေမဲ့လည်း ဦးနုလက်ထက် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် သာသနာသန့်ရှင်းရေးကို ထင်သလောက် မဆောင်ရွက်နိုင်ဘဲ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်ကျမှ သံဃာထုကို ညီညွတ်အောင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း စာရေးဆရာ မြင့်သန်းက ရေးပါတယ်။ ၁၉၈၀ မှာ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးလုပ်ပြီး သံဃာ့မဟာနာယကမဖွဲ့ခင်ထိ အနှစ် ၂၀ နီးပါး သံဃာနဲ့ စစ်တပ် အားပြိုင်မှုကြောင့် မန္တလေးမှာ ၁၉၆၅ က တောင်ပြင်အဓိကရုဏ်းကြီး ဖြစ်ခဲ့သလို ၁၄ နှစ်ကျော် သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တွေကို စစ်အစိုးရတွေက မဆက်ကပ်ဘဲ ထားခဲ့ပါတယ်။

ဦးနေဝင်းရဲ့ စစ်ဆိုရှယ်လစ်ခေတ်၊ ၁၉၈၈ ကနေ ၂၀၁၁ ကြား နဝတ-နအဖ အာဏာသိမ်းခေတ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ခေတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ခေတ်ထိ အနှစ် ၄၀ အတွင်း မြန်မာပြည်ရဲ့ အစိုးရနဲ့ သံဃာဆက်ဆံရေးဟာ အကျိုးစီးပွားအခြေပြု အပြန်အလှန်သဘောဖြစ်ပြီး စစ်အစိုးရတွေရဲ့ အာဏာတည်မြဲရေး၊ သံဃာတွေ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ မပတ်သက်ရေး၊ သံဃာတွေရဲ့ ပစ္စည်းလေးပါး ဒါယကာအဖြစ် အစိုးရနဲ့ လူချမ်းသာပိုင်းက တာဝန်ယူရေး စတဲ့ ပဒေသရာဇ်ပုံစံ နိုင်ငံတော်နဲ့ သံဃာဆက်ဆံရေး ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းခေတ်နောက်ပိုင်း မြန်မာပြည်က သံဃာတွေကြားမှာ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးကို သွတ်သွင်းဖို့ ဘယ်အစိုးရကမှ သေချာ မကြိုးစားခဲ့၊ မအောင်မြင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီအကျိုးဆက်အဖြစ် မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုအဆက်ဆက်မှာ စစ်တပ်ဖိနှိပ်မှုကြားက သံဃာတွေရဲ့ ပါဝင်ဦးဆောင်မှုက ကိုလိုနီခေတ်ကလိုပဲ ၂၀၁၀ ပြည့်လွန်နှစ်တွေထိ အားကောင်းခဲ့တာကို တွေ့ရပြီး ဒီမိုကရေစီရေး၊ အမျိုးသားရေး၊ ဘာသာရေး စတဲ့ အကြောင်းပေါင်းစုံ ပါဝင်တာကို တွေ့ရပါတယ်။ သီရိလင်္ကာမှာလို သံဃာ့ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဝင်ထိုင်တဲ့အထိ မဖြစ်ပေမယ့် မြန်မာပြည်မှာလည်း သံဃာ့သြဇာကို မလွန်ဆန်နိုင်တဲ့ နိုင်ငံရေးနဲ့ စစ်ခေါင်းဆောင်တွေ များခဲ့ပါတယ်။

သင်္ဂါယနာအသစ် တင်စရာ လိုသလား

၁၉၅၄ ကနေ ၁၉၆၂ ထိ ၈ နှစ်ကြာ အချိန်ယူခဲ့တဲ့ ဆဋ္ဌသင်္ဂါယနာပွဲကြီး ကျင်းပတာ နှစ် ၇ဝ ရှိခဲ့ချိန်မှာတော့ မဟာပါသဏ လိုဏ်ဂူတော်ကြီးနဲ့ ကမ္ဘာအေး ဘုရားဆိုပြီး ရန်ကုန်မြို့မှာ ထင်ရှား ကျန်ရစ်ခဲ့ပါတယ်။

ပိဋကတ် ကျမ်းစာတွေကို နှုတ်တက် အာဂုံဆောင် ရွတ်ဆိုကြတဲ့ ခေတ်ကနေ ဒစ်ဂျစ်တယ် ဖန်သားပြင်မှာ ဖတ်ရှုနိုင်တဲ့ခေတ်အထိ နှစ် နှစ်ထောင်ကျော်အတွင်း တည်ရှိခဲ့တဲ့ ဗုဒ္ဓစာပေ ကျမ်းဂန်တွေ တည်တံ့အောင် သင်္ဂါယနာပွဲတွေ ကျင်းပပြီး သံဃာအစဉ်အဆက်က ထိန်းသိမ်းခဲ့ကြပါတယ်။ အနာဂတ်သာသနာမှာ ချို့ယွင်းမှုတွေ ရှိလာရင်၊ သာသနာမသန့်မရှင်းဖြစ်လာရင်လည်း သင်္ဂါယနာ တင်ကောင်းတင်ရနိုင်တယ်လို့ ဗုဒ္ဓစာပေ ပညာရှင် ဦးအောင်မွန်က ပြောပါတယ်။ ပါဠိကို မြန်မာလို ကိုယ်နားနဲ့ ကြားချင်သလို အနက်ဖွင့်လို့ မူလနဲ့ လွဲချော်လာရင်လည်း သင်္ဂါယနာ တင်ကောင်းတင်ရနိုင်တယ်လို့ သူက ပြောပါတယ်။

မဟာသိမ်တော်ကြီးဆရာတော် ဒေါက်တာ ဦးကုမာရကတော့ လက်ရှိအချိန်မှာ ပိဋကတ်တော်တွေကို ပြင်ဆင်စရာ မမြင်တဲ့အတွက် တင်ဖို့ မလိုသေးကြောင်း မိန့်ပါတယ်။

ဘာသာရေးနဲ့ နိုင်ငံရေး သင်္ခါရများ

တကယ်က မြန်မာနိုင်ငံအခြေအနေဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေနဲ့ မတူ များစွာပြောင်းလဲခဲ့ပါပြီ။ ၁၉၈၈ ကစပြီး နိုင်ငံမှာ စျေးကွက်စီးပွားရေးကို ပြောင်းလဲကျင့်သုံးခဲ့တဲ့အတွက် ဦးနေဝင်းရဲ့ ဆိုရှယ်လစ်ခေတ်နဲ့မတူဘဲ လူလတ်တန်းစားသစ်တရပ် ပေါ်လာခဲ့ပါတယ်။ပြည်တွင်းပြည်ပ ရွှေ့ပြောင်းလုပ်သားတွေကြောင့် ကျေးလက်ဒေသတွေမှာ ခေတ်အမြင်တွေ ပွင့်လင်းလာသလို လူမှုအဆောက်အအုံမှာ တက်လမ်းဖြစ်ခဲ့တဲ့ စစ်သားနဲ့ သံဃာဦးရေလည်း ကျဆင်းလာပါတယ်။ တခါ ၂၀၁၂ နောက်ပိုင်း နိုင်ငံရေးပြောင်းလဲမှုတချို့ကြောင့် ဒီမိုကရေစီနဲ့ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးစံနှုန်းတွေဟာ လူငယ်မျိုးဆက်တွေကြား ပြန့်ပွားလာပါတယ်။

ဒါကြောင့် ဦးသိန်းစိန်ခေတ်က စခဲ့တဲ့ မဘသလှုပ်ရှားမှုနဲ့ မျိုးစောင့်ဥပဒေစတဲ့ ဘာသာရေးလူနည်းစုတွေကို ပစ်မှတ်ထားတဲ့ လက်ယာစွန်းနိုင်ငံရေးတွေရဲ့ ဂယက် ရိုဟင်ဂျာဆန့်ကျင်ရေး၊ မွတ်ဆလင် ဆန့်ကျင်ရေးတွေဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ယုတ်လျော့အားနည်းလာသလို လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုတဲ့ ဖက်ဒရယ်နိုင်ငံရေးဟာလည်း နွေဦးတော်လှန်ရေးကာလ လူမျိုးစုတပ်တွေရဲ့ အောင်ပွဲတွေနဲ့အတူ သြဇာပိုကြီးလာခဲ့ပါတယ်။

တဘက်မှာတော့ ကမ္ဘာတလွှားက နိုင်ငံစုံမှာ မတူကွဲပြားမှုကို လေးစားလက်ခံဖို့ တောင်းဆိုနေချိန်မှာပဲ ဥရောပအပါအဝင် တချို့နိုင်ငံတွေမှာလည်း လူမျိုးစွဲ ဘာသာစွဲ နိုင်ငံရေးပါတီတွေ နေရာပြန်ရနေပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ဦးနုခေတ်ကလို လက်ယာယိမ်း ဘာသာရေးအခြေခံ နိုင်ငံရေးလှုပ်ရှားမှုနဲ့ နိုင်ငံကို တည်ဆောက်တဲ့ပုံစံက ခေတ်နောက်ကျသွားပြီလို့ ယတိပြတ်မပြောနိုင်သေးဘဲ ရှိနေပါတယ်။