ငှက်ဖျားတိုက်ဖျက်ဖို့ ဘက်တီးရီးယား မထင်မှတ်ဘဲ တွေ့

ခြင်ကနေ လူကို ငှက်ဖျားပိုးတွေ ကူးစက်တာကို တားမြစ် ရပ်တန့်ပေးနိုင်မယ့် သဘာဝအတိုင်း ဖြစ်လာတဲ့ ဘက်တီးရီးယားမျိုးဗီဇ တမျိုးကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။

စမ်းသပ်မှုတခုအတွက် မွေးထားတဲ့ ခြင်တွေမှာ ငှက်ဖျားပိုး ကပ်ပါးတွေ ဖြစ်မလာတာကို သတိထားမိခဲ့ပြီး အခုလို မထင်မှတ်ဘဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဘက်တီးရီးယားက တနှစ်ကို လူ ၆၀၀,၀၀၀ကို သေစေတဲ့ ကမ္ဘာ့ရှေးအကျဆုံး ငှက်ဖျားရောဂါကို တိုက်ဖျက်ရာမှာ အထောက်အကူပြုလာမယ်လို့လည်း သုတေသီတွေက ပြောပါတယ်။

ဒါကို လက်တွေ့ အသုံးပြုရင် စိတ်ချလုံခြုံမှုရှိမရှိ အခု စမ်းသပ်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါ တယ်။

GSK ဆေးဘက်ဆိုင်ရာ ကုမ္ပဏီက ထူထောင်ထားတဲ့ စပိန်က သုတေသနဌာနမှာရှိတဲ့ သိပ္ပံ ပညာရှင်တွေက အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဆေးသုတေသန အတွက် မွေးထားတဲ့ ခြင်တွေမှာ ငှက်ဖျားပိုးတွေ မသယ်ဆောင်တော့တာကို သတိထားမိရာကနေ တွေ့ရှိခဲ့တာပါ။

“ခြင်တွေမှာ ကူးစက်မှုနှုန်းက တစနဲ့တစ နည်းလာပြီးတော့ နှစ်ကုန်ပိုင်းရောက်တော့ ခြင်တွေမှာ ငှက်ဖျားပိုးတွေ ဆက်လက် သယ်ဆောင် ကူးစက်တာ မရှိတော့ပါဘူး”လို့ အစီအစဥ်ကို ဦးဆောင်နေတဲ့ ဒေါက်တာ ဂျဲနက် ရော့ဒရီကို (Janneth Rodrigues)က ပြောပါတယ်။

စမ်းသပ်မှုအတွက် ပြုလုပ်ထားတဲ့ နမူနာတွေကို ဒီအဖွဲ့က ၂၀၁၄ ခုနှစ်မှာ အအေးခံထားပြီး ၂ နှစ် အကြာ ဘာဖြစ်နေလဲ ဆိုတာကို ပြန်လည် ရှာဖွေခဲ့ပါတယ်။

ပတ်ဝန်းကျင်မှာ သဘာဝအတိုင်းရှိနေတဲ့ TC1 လိုခေါ်တဲ့ ဒီဘက်တီးရီးယား မျိုးစိတ်သစ်က ခြင်တွေရဲ့ ဝမ်းဗိုက်တွေထဲမှာရှိနေတဲ့ ငှက်ဖျားပိုးတွေ ကြီးထွားလာတာကို ရပ်တန့်လိုက်နိုင်တယ်ဆိုတာ နောက်ထပ် တွေ့ရှိမှုတွေက တွေ့ရှိခဲ့ပါတယ်။

“ခြင်ထဲကိုဒီမျိုးစိတ်က ရောက်သွားရင် တသက်လုံး ရှင်သန်နေပါတယ်” လို့ ဒေါက်တာ ရိုဒရီဂိုက ပြောပါတယ်။

“ခြင်တွေကနေ ကူးစက်မှုနှုန်းကို ဒီဘက်တီးရီးယားတွေက လျော့ချပေးနိုင်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

ခြင်တွေထဲမှာရှိတဲ့ ငှက်ဖျားပိုးကို ၇၃ ရာခိုင်နှုန်းအထိ ဒီဘက်တီးရီးယားတွေက လျှော့ချပေးနိုင် တယ်ဆိုတာ တွေ့ရှိခဲ့တယ်လို့ အချက်အလက်သစ်အနေနဲ့ သိပ္ပံမဂ္ဂဇင်းတခုမှာ ဖော်ပြပါတယ်။

ဟာမိန်း(Harmane)လို့ သိထားတဲ့ သေးငယ်တဲ့ ဘက်တီးရီးယား မော်လီကျူးလေးက ခြင်ရဲ့ ဝမ်းဗိုက်ထဲမှာ ကြီးထွားလာမယ့် ငှက်ဖျားပိုးရဲ့ အစောပိုင်း အချိန်ကတည်းက ရှိနေတာ ဖြစ်ပါတယ်။

ဒီဟာမိန်းကို သကြားနဲ့ ရောပြီး ခြင်ရဲ့ ပါးစပ်ကနေ တဆင့်သွင်းလို့ ရသလို ထိတွေ့မိရာကနေ ခြင်ရဲ့ ကိုယ်တွင်းကို စိမ့်ဝင်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါက ဒီအင်းဆက် လှုပ်ရှားသွားလာပြီး နားနိုင်တဲ့ မျက်နှာပြင် ဧရိယာတွေကနေ တဆင့် ခြင်ရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားနိုင်တဲ့ ဖြစ်နိုင်ခြေ တခုလည်း ရလာပါတယ်။

ခြိမ်းခြောက်မှု အဆုံးသတ်ခြင်း

ဘာကီနာဖာဆိုမှာရှိတဲ့ MosquitoSphere သုတေသန ဌာနမှာလည်း မြေပြင်မှာ လက်တွေကျတဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။ ဒီအထဲမှာ ဟာမိန်းကို လက်တွေ့ကျကျ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမယ် ဆိုရင် ဘယ်လောက် ထိရောက်ပြီး စိတ်ချရမလဲဆိုတာတွေ ပါ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီဘက်တီးရီးယားကို အခြေခံတဲ့ ထုတ်ကုန်တမျိုး အဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်ရင် ကမ္ဘာ့ ရှေးအကျဆုံး ရောဂါကို တိုက်ဖျက်ဖို့ သိပ္ပံပညာရှင်တွေ အတွက် နောက်ထပ် ဆေးတမျိုး မကြာခင် ရရှိနိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါကြောင့် တနှစ်ကို လူ ၆၂၀,၀၀၀ သေဆုံးနေပါတယ်။ အများစုက အသက် ၅ နှစ်အောက် ကလေးတွေ ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေကိုလည်း အခုခါမှာ ဖော်စပ်နေပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို အာဖရိကမှာ အသုံးပြုနိုင်ဖို့ အစပိုင်းအဆင့်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

ငှက်ဖျားကင်းမဲ့ရေး (Malaria No More) ပရဟိတအဖွဲ့က ဂရတ် ဂျက်ကင်က တွေ့ရှိမှုသစ်က အလားအလာကောင်းတယ်လို့ ပြောပါတယ်။

“တမိနစ်ကို ကလေးတစ်ယောက်နှုန်းနဲ့ ငှက်ဖျားက ကလေးတွေကို သတ်နေတာပါ၊ ဝန်ထုပ်ဝန်ပိုးလို ဖြစ်နေတဲ့ ဒီငှက်ဖျားရောဂါကို လျှော့ချဖို့ သိသာတဲ့ တိုးတက်မှုတွေ လုပ်နိုင်ပါပြီ။ ဒါပေမဲ့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ ထီထွင်မှုနဲ့ အသစ်အသစ်တွေ လိုပါတယ်” လို့ သူက ပြောပါတယ်။

“ဖန်တီးတီထွင်မှု လမ်းကြောင်း ခိုင်ခိုင်ခိုင်မာမာရှိပြီဆိုရင် ကျွန်တော်တို့ သက်တမ်းအတွင်း ငှက်ဖျားရောဂါရဲ့ ခြိမ်းခြောက်မှုကို အဆုံးသတ်နိုင်ပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။