ပုဂံကို ဝိုင်းရံနေတဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေစိုးရိမ်

ပုဂံမြို့ဝန်းကျင်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုဂံမြို့ဝန်းကျင်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ( ပုံဟောင်း)

ပုဂံမြို့ ပတ်လည် အဝေးဆုံး မိုင် ၂၀ ဝန်းကျင်အကွာအဝေးတွေမှာ တိုက်ပွဲသံတွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံမြို့ နဲ့ အနီးဆုံးဆိုရင် ၇ မိုင်ဝန်းကျင်လောက်အထိ တိုက်ပွဲတွေရှိလာပါတယ်။

ပုဂံယဉ်ကျေးမှုဇုန်ထဲပါတဲ့ ညောင်ဦးမြို့နယ်ထဲမှာ ၂၀၂၅ နှစ်ဦးပိုင်းကစတင်လာတဲ့ တိုက်ပွဲတွေကြောင့် ပုဂံအထိ ဦးတည်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မန္တလေးတိုင်း ပုဂံ၊ ညောင်ဦးဒေသမှာ ၂၀၂၅ ခုနှစ် အတွင်း စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံပြည်ဘီလူးတပ်) ကလည်း ပြောထားပါတယ်။

ပုဂံဒေသက တော်လှန်ရေးတပ်တွေရဲ့ပြောက်ကျားပုံစံထိုးစစ်ကို စစ်တပ်ကလည်း ပြန်လည်တုံ့ပြန်မှုတွေရှိနေပါတယ်။

ညောင်ဦးမြို့နယ်ထဲက တိုက်ပွဲတွေ ဘာကြောင့်ဖြစ်လာသလဲ

ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့မှာ စစ်ကြောင်းကို တိုက်ခိုက်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Popa Guerilla Force(PGF)

ဓာတ်ပုံ ပုံစာ, ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့မှာ စစ်ကြောင်းကို တိုက်ခိုက်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ

ညောင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲက ဇန်နဝါရီလတုန်းက ထုတ်ပြန်ချက်ထဲမှာ ပုဂံဒေသမှာ စစ်ဆင်ရေးစတင်မယ်ဆိုပေမဲ့ စေတီ ပုထိုးတွေကို ထိခိုက်အောင် မလုပ်ဘူးဆိုတဲ့အချက်ကို ထည့်ပြောထားပါတယ်။

ဖေဖော်ဝါရီမှာတော့ ပုဂံဒေသ ညောင်ဦးမြို့နယ်ထဲက ကျောက်ပြင်ကန်၊ ယာတောကြီး၊ ဂျိုးကန် ကျေးရွာတွေ တဝိုက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ စဖြစ်ခဲ့ပါတယ်။ အဲဒီရွာတွေက ပုဂံယဉ်ကျေးမှု နယ်မြေနဲ့ ၇ မိုင်လောက်ပဲ ဝေးပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ ပြန်လည် တုံ့ပြန်တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီဒေသတဝိုက်မှာ ၂၀၂၅ နှစ်စပိုင်းကနေ ဧပြီလကုန်အထိ တိုက်ပွဲပေါင်း ၁၀ ခုထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မြို့နယ်တာဝန်ခံ ကိုဇီးက ပြောပါတယ်။

ဒါအပြင် ပုဂံ အလိုတော်ပြည့်ဘုရားအနီးမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံရတဲ့ဖြစ်စဥ်လည်း ဖြစ်ခဲ့ပါတယ်။

ညောင်ဦးမြို့နယ် ပကဖ ဘက်ကတော့ အဲဒီဖြစ်စဥ်ကို သူတို့မသိရှိကြောင်း ငြင်းထားပါတယ်။

ညောင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားသလို မြို့ရဲ့ အရှေ့မြောက်ဘက် တောင်သာမြို့၊ အရှေ့နဲ့အရှေ့တောင်ဘက်မှာ ကျောက်ပန်းတောင်း၊ အနောက်တောင်ဘက် မကွေးတိုင်းထဲက ချောက်မြို့နယ်ဘက်အစပ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကိုဇီးက ပြောပါတယ်။

အာဏာပိုင်တွေက ညောင်ဦးမြို့နယ်အတွင်းက ဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေအပြင် ရွာတွေမှာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို လုံခြုံရေး သင်တန်းတွေ ပေးနေတာကြောင့် ဒီအခြေအနေတွေကို လက်မခံနိုင်တဲ့အတွက် ၂၀၂၅ အတွင်း ပုဂံဒေသမှာ စစ်ဆင်ရေးဖော်ဆောင်တာလို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

"ကျွန်တော်တို့ကလည်း ပုဂံနယ်မြေမှာ စစ်ကောင်စီကင်းစင်ရမယ်။ စစ်ကောင်စီကလည်း ပုဂံမှာ PDF မရှိစေချင်ဘူးဆိုတာမျိုးနဲ့ စစ်ကြောင်းထိုးလာတာလို့ တိုက်ပွဲတွေ ဖြစ်တာပါ"လို့ သူက ပြောပါတယ်။

မတ်လနဲ့ ဧပြီလမှာ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲထဲမှာ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေဘက်က ကြားဖြတ်တိုက်ခိုက်ကြတဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

ကာကွယ်ရေးတပ်တွေဘက်က အပြောအရ မတ်လတုန်းက တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးသူများပြီး စစ်ကြောင်းတစ်ကြောင်းလုံး ပြုတ်လုနီးပါး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ နောက်ဆုံးပတ်က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာဆိုရင် ညောင်ဦးမြို့နယ်နဲ့ ငါ့သရောက်မြို့နယ်ခွဲထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီး ပူးပေါင်းအဖွဲ့တွေကို ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာရွာမှာ ကြားဖြတ် တိုက်ခဲ့ကြတာလို့ ပြောပါတယ်။

'' စစ်တပ်က ရုပ်အလောင်း ၅ လောင်းနဲ့ စစ်သုံ့ပန်း ၂ ဦးကို ဖမ်းမိခဲ့ကြပါတယ်'' လို့ ကိုဇီးက ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာရွာက ပုဂံယဉ်ကျေးမှုနယ်မြေနဲ့ မိုင် ၂၀ ဝန်းကျင် ဝေးပါတယ်။

"အဲဒီကတည်းက သူတို့တွေလှည့်ပြန်ပြီး အင်အားတွေ ထပ်ဖြည့်နေကြတယ်"လို့ ကိုဇီးက ဆက်ပြောပါတယ်။

ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ယူနက်စကို စာရင်းဝင်ထားတဲ့မြို့ဟောင်းတွေကို စစ်ရေးအတွက် အသုံးပြုတာတွေမလုပ်ဖို့ဆိုတဲ့အချက်က လက်နက်ကိုင်တွေဘက်က တင်းတင်းကျပ်ကျပ်လိုက်နာရမယ့်ကတိကဝတ်လို့ ရှေးဟောင်းသုတေသနပညာရှင်တချို့က ထောက်ပြထားကြပါတယ်။

သမိုင်းအချက်အလက်နဲ့ရှေးဟောင်းအမွေအနှစ်ဆိုင်ရာပညာရှင်တွေကတော့ ဒီလိုကမ္ဘာ့အမွေအနှစ်နေရာတွေမှာ စစ်မက်ဖြစ်ပွားစေတဲ့အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ)အထိ တိုင်ကြားနိုင်သလို အရေးယူခံရတဲ့သာဓကတွေလည်းရှိတယ်လို့ သတိပေးနေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့နေရာတွေမှာ စစ်ရေး မပြုလုပ်ဖို့ ၂၀၂၂ ခုနှစ်က ကြေညာထားခဲ့ဖူးပါတယ်။

တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ပုဂံဒေသနဲ့ ရှေးဟောင်း စေတီပုထိုးတွေရှိတဲ့ယဉ်ကျေးမှုနယ်မြေတွေအနီးကို တိုက်ပွဲတွေမရောက်အောင် ရှောင်ကွင်းပြီး စစ်ရေးဖော်နေတာလို့ တုံ့ပြန်ထားပါတယ်။

ညောင်ဦးမြို့နယ်ထဲမှာ စဉ့်ကူး၊ ပုဂံမြို့သစ်၊ တောင်ဆင်း၊ မြို့မ၊ ငါ့သရောက် ရဲစခန်းနဲ့ ညောင်ဦးမြို့ထဲက အမှတ် ၄၁၅ ခြေမြန်တပ်ရင်းတို့ ရှိပါတယ်။

"ကျွန်တော်တို့က ပုဂံသားတွေပါ၊ ပုဂံကို မထိခိုက်အောင် လုပ်မယ်၊ ကျွန်တော်တို့ကြောင့် စေတီပုထိုးတွေ ပျက်စီးစေမှာ မဟုတ်ဘူး။ ဒါပေမဲ့ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်လို့ ပျက်စီးခဲ့ရင် PDF က လုပ်တာလို့ ပြောနိုင်တယ်"လို့ ကိုဇီးက ပြောပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ပုဂံက ယဉ်ကျေးမှုနယ်မြေ ဖြစ်နေတာအပြင် စစ်တပ် ထိပ်ပိုင်း အရာရှိတွေရဲ့ ကိုးကွယ်ယုံကြည်ရာဒေသဖြစ်တာကြောင့် ဒီဒေသကို စစ်တပ်က အထိအခိုက်ခံမှာမဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်တဲ့ မြောက်ဦးဘုရားတွေလည်း ထိခိုက်တာတွေ ရှိခဲ့ပါတယ်။

ပုဂံဒေသက စစ်ဇုန်ဖြစ်သွားနိုင်လားဆိုတဲ့ မေးခွန်းကိုတော့ " ပုဂံကတော့ သူတို့ ဗေဒင် ယတြာတွေကြောင့် အထိအခိုက် ခံမှာမဟုတ်ဘူး"လို့ ဗိုလ်ကြီးဇင်ယော် က သူ့ယူဆချက်ကို ပြောပါတယ်။

၂၀၂၅ နှစ်စကနေ ဖြစ်လာခဲ့တဲ့ ၄ လအတွင်း တိုက်ပွဲတွေကြောင့် ညောင်ဦးမြို့နယ်ထဲက ကျေးရွာပေါင်း ၁၁ ရွာက သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ရှောင်နေကြရပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် ကျောက်ပြင်ကန်နဲ့ မီးတောင်ပြာရွာက နေအိမ်တွေလည်း မီးလောင်ခံထားရပါတယ်။

ပြီးခဲ့တဲ့နှစ် မေလတုန်းကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံမြို့ဟောင်းထဲက ရှေးရေကန်တွေ ဆယ်နေတာကို လာရောက်စစ်ဆေးတဲ့ မေလ ၂၅ ရက် မှာ မြို့ဟောင်းတစ်ဖက်ကမ်း ဧရာဝတီမြစ်ကမ်ဘေး က ချမ်းသာကြီးရွာကို စစ်တပ်က စစ်ကြောင်းထိုးလို့ လူငယ် ၅ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဘက်က ဒီသတင်းကို မထုတ်ပေမဲ့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေဘက်မှာတော့ PDF စခန်းကို ရှင်းလင်းတာလို့ဆိုပြီး ရေးသားဖော်ပြကြပါတယ်။

ပုဂံမှာရော ဘာတွေဖြစ်နေလဲ

ပုဂံက မြင်းလှည်းမောင်းသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုဂံက မြင်းလှည်းမောင်းသူ

ညောင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြောက်ကျားထိုးစစ်တွေရှိပေမဲ့ နယ်မြေစိုးမိုးရေးအပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေဘက်က အားကောင်းလာတဲ့အခြေအနေမဟုတ်သေးဘူးလို့ နားလည်ရပါတယ်။

စစ်တပ်ထောက်ခံသူ ပျုစောထီးအဖွဲ့တွေရှိတဲ့ ရွာတွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က ဖိအားပေးမှုတွေ လုပ်လာတဲ့အပေါ် စစ်တပ်ဘက်က လေကြောင်းနဲ့ တိုက်တဲ့အထိ ဖြစ်လာခဲ့တာလို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခွဲ ၃ တာဝန်ရှိသူက ဘီဘီစီကို အစောပိုင်းက ပြောထားပါတယ်။

ပုဂံရဲ့ ဧရာဝတီမြစ်အနောက်ဘက်က ရွာတွေမှာ ပျူစောထီးတွေ လှုပ်ရှားမှုတွေရှိနေတယ်လို့ ညောင်ဦး ပကဖတာဝန်ရှိသူက ပြောပါတယ်။

''ဧရာဝတီမြစ်အနောက်ဘက်ခြမ်းကို လွတ်မြောက်နယ်မြေဖြစ်အောင် ရည်ရွယ်ထားတယ်။ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းကို ဝင်လိုက်ရင် အရှေ့ဘက်က ပုဂံညောင်ဦးဘက်မှာဖြစ်နေတယ်။ အဲဒီ အတွက်ကြောင့် စစ်ရေးဖော်ဆောင်ရတာဖြစ်တယ်။ အနောက်ဘက်က တစ်ဖွဲ့၊ အရှေ့ဘက်ကတစ်ဖွဲ့နဲ့ တပြိုင်တည်း စစ်ရေးဖော်ဆောင်တာ''လို့ သူက ရှင်းပြပါတယ်။

ဒေသခံတွေကတော့ စစ်ရဲ့ ဒဏ်ကို စိုးရိမ်သလို လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကြောက်ရွံကြတယ်လို့ ပြောဆိုချက်တွေရှိပါတယ်။

ပုဂံကိုသွားရင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးကနေ မိတ္ထီလာ - ကျောက်ပန်းတောင်း- ညောင်ဦး လမ်းပိုင်းကိုသာ အသုံးပြုကြပါတယ်။

မြင်းခြံ - နွားထိုးကြီး- တောင်သာဘက်လမ်းကိုတော့ ဒေသကာကွယ်ရေး တပ်တွေနဲ့ စစ်တပ်တို့ကြား ပဋိပက္ခတွေပြင်းထန်လာတဲ့ ၂၀၂၄ ခုနှစ် ကတည်းက ယာဥ်လိုင်းတွေ မပြေးဆွဲတော့ပါဘူး။

''ဧည့်သည်ပါးတာတော့ကြာပြီ။ ဒေသခံတွေက စိုးရိမ်မှုတော့ ရှိတာပေါ့။ ဘုရားတွေတော့ ပျက်စီးမှာစိုးရိမ်တယ်။ ရှောင်တိမ်းတာတော့ မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပုဂံဆိုတော့ အေးချမ်းကြမယ်လို့ပဲ ထင်ကြတာကိုး'' လို့ ပုဂံဒေသခံတစ်ဦးက ဖြေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက ပုဂံတစ်ဖက်ကမ်းက တန့်ကြည့်တောင်ကို စက်လှေနဲ့ ဘုရားသွားဖူးတဲ့ ပုဂံဖုရားဖူးဧည့်သည်တစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးရှိခဲ့တဲ့နောက် ခရီးသွားနည်းပါးခဲ့ရာကနေ ၂၀၂၃ ခရီးသွားရာသီမှာတော့ ပုဂံမှာ ဧည့်သည်ပြန်များခဲ့ပါတယ်။

၂၀၂၅ ဖေဖော်ဝါရီမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရတာတွေ ဆက်တိုက်လိုဖြစ်ခဲ့တဲ့နောက် ပုဂံကို ဧည့်သည်ဝင်ရောက်မှုနှုန်း အတော်ကျဆင်းသွားတယ်လို့ ဘုရားတွေမှာ စျေးရောင်းတဲ့ ဒေသခံတစ်ချို့ကပြောပါတယ်။

လက်ရှိ လာရောက်နေတဲ့ ဧည့်သည်တွေထဲမှာတော့ နိုင်ငံခြားသားအနည်းငယ်ကိုသာ တွေ့ရပြီး ပြည်တွင်းကဆိုရင်တော့ ရန်ကုန်နဲ့ မန္တလေးက လာရောက်သူတွေသာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်စပိုင်းကစလို့ မကြာခဏ ဖြစ်လာတဲ့ တိုက်ပွဲတွေ၊ လမ်းခရီး အစစ်ဆေးများတာတွေ အပါအဝင် ငလျင်ဒဏ်ခံကြရတဲ့အခြေအနေတွေကြောင့် ဘုရားဖူး ၁၀ ရာခိုင်နှုန်းလောက်သာလာကြတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဂံမှာ လျော့နည်းသွားတဲ့ ဘုရားဖူးတွေကြောင့် သူတို့ကို အမှီပြုနေရတဲ့ ဒေသခံတွေဟာ စားဝတ်နေရေး ခက်ခဲတဲ့အထိ ရင်ဆိုင်နေကြရပါတယ်။

"ကျွန်တော်ဆို ခရီးသည် လုံးဝမပို့ရတာ နှစ်ပတ်လောက်ရှိနေပြီ။ အခုလာတဲ့ ဘုရားဖူးတွေကလည်း တစ်နေကုန်မှ နှစ်ဖွဲ့လောက်ပဲရှိတော့ လာတဲ့ဘုရားဖူးကို ဈေးသည်တွေက အတင်းထိုးရောင်းကြရတယ်။ တချို့ ဈေးသည်တွေဆို တစ်နေကုန်လို့ ဈေးဦး လုံးဝမပေါက်တာတွေ ဖြစ်နေတယ်"လို့ သုံးဘီးနဲ့ ပုဂံဘုရားတွေကို လိုက်ပို့ပေးနေတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဘုရားစေတီတွေကြား နေဝင်သွားတဲ့ ပုဂံရဲ့ ညနေဆည်းဆာအချိန်ဟာ ခရီးသွားတွေကို ဆွဲဆောင်တဲ့ အချိန်တစ်ခုကြောင့် ပုံမှန်အချိန်ဆိုရင် ဆည်းဆာချိန်ကြည့်ပြီးမှ တည်းခိုတဲ့နေရာကို ပြန်ကြတာပါ။

"ညနေဆည်းဆာချိန်အထိ ဧည့်သည်ကို မစောင့်နိုင်ဘူး။ ညနေ လေးနာရီထိုးတာနဲ့ ဟိုတည်ပြန်ပို့၊ ငါးနာရီခွဲ အိမ်အရောက်ပြန်ရတာ"လို့ ဒေသခံ သုံးဘီးဆရာက ပုဂံမှာလည်း စိုးရိမ်နေရတဲ့ အခြေအနေကို ပြောပြပါတယ်။

ညောင်ဦးမြို့ထဲက လူစည်ကားတဲ့ နေရာတွေ၊ ဘုရားဖူးအလာများတဲ့ ပုဂံဘုရားတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ စောင့်ကြည့် လုံခြုံရေး ယူနေတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အရင်ကမရှိဘူးတဲ့ သံချပ်ကာကား ၃ စီးနဲ့ မြို့နယ်ပတ်ဝန်းကျင်မှာ လုံခြုံရေး ယူနေတာတွေ ရှိနေတယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

"တိုက်ပွဲတွေ ဖြစ်တဲ့အနားထိ အဲဒီကားတွေ ဝင်လို့ရသလောက် ဝင်လာကြသေးတယ်။ ပစ်တာတော့ ကျွန်တော်တို့ မကြုံသေးဘူး"လို့ ကိုဇီးက ပြောပါတယ်။

ပုဂံကို စစ်မီးမကူးစက်ဖို့ စစ်ကောင်စီက လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ကာကွယ်နေသလို တော်လှန်ရေးအဖွဲ့တွေကလည်း ဒေသထိခိုက်အောင်မလုပ်ဖူးလို့ပြောနေကြပေမဲ့ နှစ်ဖက်ကြားမှာ ဒေသခံတွေရဲ့ စိုးရိမ်စိတ်ရှိနေပါတယ်။

ပုဂံဒေသရဲ့ အနောက်ဘက်နဲ့ အနောက်မြောက်ဘက်မှာ ဧရာဝတီမြစ်ခြားထားပြီး အမှတ် ၁၀၁ ခြေမြန်တပ်မ စစ်ကြောင်းထိုးနေတဲ့ မကွေးတိုင်း၊ ပခုက္ကူနဲ့ ဆက်စပ်နေပါတယ်။

တောင်ဘက်ပိုင်း ၁၅ မိုင်လောက်အကွာ ညောင်ဦးမြို့နယ်ထဲက စဉ့်ကူမြို့မှာလည်း စစ်တပ်ရဲ့ စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်လို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ညောင်ဦးမြို့ မြောက်ဘက် ၁၂ မိုင်အကွာမှာရှိတဲ့ ငါ့သရောက်မြို့နယ်ခွဲမှာလည်း မကြာခဏထိတွေ့တိုက်ပွဲတွေရှိပါတယ်။ ညောင်ဦးမြို့နယ်ရဲ့ အရှေ့နဲ့ အရှေ့တောင်ဘက်၊ ကျောက်ပန်းတောင်းမြို့နယ်ရဲ့ အရှေ့မြောက်ဘက်က တောင်သာမြို့နယ်မှာလည်း စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။