ဂါဇာမှာ ယာယီအပစ်ရပ်

ဂါဇာမှာ ယာယီအပစ်ရပ်

ဂါဇာကမ်းမြောင်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ အကြား သီတင်း ၇ ပတ်လောက် တိုက်ခိုက်နေကြတာတွေ လူ့အသက်ပေါင်း ထောင်သောင်းချီ ဆုံးပါးခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ခေတ္တရပ်ဆိုင်းသွားကြပါပြီ။ အစောပိုင်း ကာလတွေမှာတော့ အိမ်ပြန်လာနေကြတဲ့ ဂါဇာဒေသခံတွေကို လမ်းတွေ ပေါ်မှာ တွေ့ကြရပါတယ်။ အခု အပစ်ရပ်စဲမှုဟာ ၄ ရက် ကြာမှာ ဖြစ်ပြီး သဘောတူညီမှုအရ ဟားမတ်စ်က ဖမ်းထားတဲ့ အစ္စရေး ဓားစာခံ ၅၀ ကိုလည်း ပြန်လွှတ်ပေးမှာ ဖြစ်ပြီး ဒီနေ့မှာ ပထမအသုတ် ၁၃ ယောက် လွတ်လာတာကို တွေ့ရပါတယ်။

တခါ အစ္စရေးဘက်ကလည်း သူတို့ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အမျိုးသမီးတွေနဲ့ ဆယ်ကျော်သက်တွေ အပါအဝင် လူပေါင်း ၁၅၀ ကို ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။ အခု ရရှိထားတဲ့ သဘောတူညီမှုအရ ဂါဇာထဲမှာ အလွန်လိုအပ်နေတဲ့ ဆေးဝါး၊ လောင်စာဆီနဲ့ စားနပ်ရိက္ခာတွေ တင်ထားတဲ့ ကုန်တင်ကားတွေလည်း ရာဖာ နယ်စပ်ဝိတ်ပေါက်ကနေ ဂါဇာထဲကို စတင် ဝင်ရောက်လာကြပြီ ဖြစ်ပါတယ်။ အီဂျစ်ကလည်း နေ့စဉ် ဒီဇယ်ဆီ လီတာ ၁၃၀,၀၀၀ ကို ပေးသွားမယ်လို့ ပြောပါတယ်။ ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ သတင်းထောက် ယိုလန်နဲလ် သတင်းပေးပို့ထားတာကို မသီဒါနွယ်က ပြောပြမှာပါ၊