ကင်မ်ချီကြောင့် လူထောင်ချီ အစာအဆိပ်သင့်

တောင်ကိုရီးယား နိုင်ငံမှာ နိုရိုဗိုင်းရပ်စ်ပိုးတွေရှိနေတဲ့ ကင်မ်ချီ စားသုံးမိပြီး လူအယောက် တထောင်လောက် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။

Namwon မြို့က အာဏာပိုင်တွေ အပြောအရ နိုင်ငံ အနောက်တောင်ပိုင်းမှာ အဆိုပါ ဖြစ်ရပ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ သောကြာ ဇူလိုင် ၅ ရက်နေ့မှာ လူပေါင်း ၉၉၆ ယောက် အဆိပ်သင့် ဝေဒနာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ ဒေသတွင်း မီဒီယာတွေ ကတော့ မနေ့ စနေ နေ့လည်ပိုင်းမှာ လူနာပေါင်း အယောက် ၁၀၂၄ အထိ ထိုးတက် သွားတယ်လို့ ဖော်ပြထားပါတယ်။

ဂေါ်ဖီဆပ်ထုပ်ကို အချဉ်ဖောက်ထားတဲ့ ကိုရီးယား အခေါ် ကင်မ်ချီကို နမ်ဝန်း မြို့က ကျောင်းတွေမှာ ကျောင်းတွင်း နေ့ခင်းစာကျွေးဖို့ စီစဉ်ခဲ့ရာမှာ ကျောင်းပေါင်း ၂၄ ခုက ကျောင်းသူ ကျောင်းသား ဆရာ ဆရာမ တွေဟာ မူးဝေ အော့အန် ဝမ်းသွား ဆီးခုံအောင့် တဲ့ ဝေဒနာတွေနဲ့အတူ အစာအဆိပ်သင့်မှု ဖြစ်ခဲ့တဲ့ လူနာတွေထဲ ပါဝင်ခဲ့ ပါတယ်။

နိုရိုဗိုင်းရပ်စ်ပိုးဟာ ကူးစက်လွယ်ပြီး ဥပမာ ရောဂါပိုး ရှိသူ ကိုင်သွားတဲ့ အိမ်သာရေဆွဲချတဲ့ လက်ကိုင်ဘား လိုမျိုး ထိတွေ့ကိုင်တွယ်ရတဲ့ မျက်နှာပြင်တွေ ကနေလည်း ပိုးကူးနိုင်တာ ဖြစ်ပါတယ်။

ကူးစက်ခံရတဲ့ လူအများစုကတော့ ဆေးရုံတက် ဆေးကုစရာမလို ရက်ပိုင်းအတွင်း ပြန်နလံထူနိုင်ကြပေမယ့် တချို့ကျတော့ အိပ်ယာထဲ လဲတဲ့အထိ ဝေဒနာ ခံစားရနိုင်တာ ဖြစ်ပါတယ်။