ခရစ္စမတ်ပွဲကို ဒီဇင်ဘာ ၂၅ ရက်မှာပဲ ယူကရိန်းဆင်နွှဲပြီ

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်းက အော်သိုဒေါက် ခရစ်ယာန်တွေဟာ အခုနှစ်မှာတော့ ပထမဆုံးအကြိမ်အနေနဲ့ ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလ ၂၅ ရက်မှာ ဆင်နွှဲဖို့ ပြင်ဆင်နေကြပါတယ်။
ယူကရိန်းဟာ အစဥ်အလာအားဖြင့် ရုရှားနိုင်ငံလည်း အသုံးပြုတဲ့ ဂျူလီယန်ပြက္ခဒိန်ကိုပဲ သုံးတာဖြစ်လို့ အဲဒီပြက္ခဒိန်အရဆိုရင် ခရစ္စမတ်ဟာ ဇန်နဝါရီလ ၇ ရက်မှာ ကျရောက်တာဖြစ်ပါတယ်။
ရုရှားလွှမ်းမိုးမှုကနေ ပိုကွာဝေးအောင် အားထုတ်တဲ့အနေနဲ့ အခုတော့ ယူကရိန်းဟာ အနောက်တိုင်း ဒါမှမဟုတ် ဂရီဂိုရီယန် ပြက္ခဒိန်အတိုင်း ခရစ္စမတ်ကို သတ်မှတ်ပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်းသမ္မတ ဇာလန်းစကီးကတော့ ဇူလိုင်လမှာ ဥပဒေကို ပြောင်းလဲရင်း ယူကရိန်းနိုင်ငံသားတွေအနေနဲ့ ဇန်နဝါရီလမှာ ခရစ္စမတ်ပွဲဆင်နွှဲတဲ့ ‘‘ရုရှားရဲ့အမွေအနှစ်ကို စွန့်လွှတ်’’လိုက်နိုင်ပြီလို့ ပြောပါတယ်။
တနင်္ဂနွေနေ့ညနေပိုင်းတုန်းက ထုတ်ပြန်တဲ့ ခရစ္စမတ် ဆုတောင်းစကားမှာတော့ မစ္စတာ ဇလန်းစကီးက ယူကရိန်းနိုင်ငံသားတွေဟာ အခုတော့ အတူတကွရှိနိုင်ကြပြီလို့ပြောပါတယ်။
‘’အခုတော့ ကျွန်တော်တို့အားလုံး ခရစ္စမတ်ကို အတူတူ ဆင်နွှဲနိုင်ကြပါပြီ။ အဲဒီတစ်နေ့တည်းမှာပဲ မိသားစုကြီးတစ်ခုလို၊ စည်းလုံးညီညွတ်တဲ့နိုင်ငံတစ်နိုင်ငံလို ဆင်နွှဲနိုင်ပါပြီ’’
မြို့တော် ကိယက်ဗ်မှာတော့ လက်ထပ်ထားတဲ့ဇနီးမောင်နှံတွေဖြစ်ကြတဲ့ ကက်သလစ်ခရစ်ယာန် လက်ဆာ ရှီစတာကိုဗာနဲ့ အော်သိုဒေါက် ခရစ်ယာန် အိုလက်ဆန်ဒါး ရှီစတာခေါ့ဗ်တို့ဟာ ခရစ္စမတ်ကို အတူဆင်နွှဲ နိုင်ကြပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
လွတ်လပ်တဲ့ဘုရားကျောင်းအဖြစ် ၂၀၁၉ ခုနှစ်မှာ သီးခြားထူထောင်ခဲ့တဲ့ ယူကရိန်း အော်သိုဒေါက်ကျောင်းတော်ကလည်း ခရစ္စမတ်နေ့ကို ဒီဇင်ဘာလ ၂၅ ရက်နေ့အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ မော်စကိုက ခရိုင်းမီးယားကို ကျူးကျော်ချိန် ရုရှား အော်သိုဒေါက် ကျောင်းတော်ဟာ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ထောက်ခံတဲ့အခါ ရုရှား အော်သိုဒေါက် ကျောင်းတော်ကနေ ခွဲထွက်ခဲ့တာဖြစ်ပါတယ်။
ရုရှားကျူးကျော်စစ်မှာ စစ်ဒဏ်ကို နည်းနည်းသာကြုံရတဲ့ ယူကရိန်းအနောက်ပိုင်းက လဗီ့ဗ်မြို့မှာတော့ ကလေးငယ်တွေဟာ ရိုးရာဝတ်စုံတွေဝတ်ဆင်ပြီး မြို့တွင်းလမ်းတွေပေါ် လှည့်လည်ပြုလုပ်တဲ့ ခရစ္စမတ် တေးသီချင်းစီတန်းပွဲတွေမှာ ပါဝင်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မြို့တော် ကိယက်ဗ်မှာတော့ ယူကရိန်းနိုင်ငံသားတွေဟာ လွတ်လပ်ရေး ရင်ပြင်မှာရှိတဲ့ ခရစ္စမတ်သစ်ပင်မှာ အလှဆင်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဝတ်ပြုသူအများစုဟာ ယူကရိန်း အော်သိုဒေါက် ကျောင်းတော်(OCU)ဆီ လာရောက် ပူးပေါင်းတာတွေရှိနေပေမဲ့ သမိုင်းအရ ရုရှားနဲ့ဆက်နွယ်နေတဲ့ ယူကရိန်းအော်သိုဒေါက်ကျောင်းတော်(UOC)ရဲ့ တပည့်သာဝကတွေဖြစ်နေဆဲဖြစ်တာကြောင့် ဇန်နဝါရီလ ၇ ရက်ရောက်မှ ခရစ္စမတ်ပွဲကိုတော်ကို ဆင်နွှဲကြမှာဖြစ်ပါတယ်။
UOC ကတော့ ယူကရိန်းအပေါ် ကျူးကျော်တဲ့ရုရှားလုပ်ရပ်ကြောင့် ရုရှား အော်သိုဒေါက်ကျောင်းတော်နဲ့ လမ်းခွဲပြီလို့ ၂၀၂၂ ခုနှစ်မှာကြေညာခဲ့ပေမဲ့ အများကတော့ ဒီလုပ်ရပ်ကို စောင့်ကြည့်နေကြတုန်းဖြစ်ပါတယ်။
ဒါပေမဲ့လည်း ခရစ္စမတ်ပွဲတော်ကို နှစ်ကြိမ်ဆင်နွှဲကြလိမ့်ဦးမယ်လို့ မျှော်လင့်ရပါတယ်။ ပွဲတော်ရှိလေ ပိုပြီး ပျော်ရွှင်ရလေ မဟုတ်ပါလား။