မြန်မာကလေးငယ်တွေကြား ဖျားနာမှု - ပိုးအသစ်လား၊ ရောဂါအသစ်လား

နိုင်ငံအနှံ့ မလုံခြုံမှုများ အပြန်အလှန်သတ်ဖြတ်မှုများ အပါအဝင် ငွေကြေးဖောင်းပွမှု စီးပွားရေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အခုရက်ပိုင်း အခြားသောစိန်ခေါ်မှုတစ်ခုက လူမှု အသိုက်အဝန်း အတွက် စိုးရိမ်ပူပန်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ရန်ကုန်အပါအဝင် မြို့နယ် အချို့မှာ ကလေးငယ်တွေအကြား ပဟေဠိဆန်တဲ့ ချောင်းဆိုးအဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုကြောင့် ပုဂ္ဂလိက မူကြိုကျောင်းအချို့ ရုတ်တရက်ပိတ်လိုက်ကြသလို ကလေးအထူးကု ဆရာဝန်ကြီး အချို့ကပါ ကလေးငယ်တွေ အတွက် ဖြစ်နိုင်ခြေရှိတဲ့ ရောဂါ လက္ခဏာနဲ့ အခြေအနေ အချို့ သတိထားစောင့်ကြည့်ဖို့ ပြောဆိုတယ်လို့ ကလေးမိဘတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း ဖျားနာတဲ့ကလေးငယ်တစ်ဦး အဆုတ်သွေးခဲပြီး သေဆုံးတယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာ၊ နောက် ကလေးဆေးရုံတွေမှာ ဖျားနာချောင်းဆိုးလို့ ဆေးကုသတဲ့ ကလေးငယ်တွေ ရာနဲ့ချီရှိနေတာတွေကြောင့် ကလေးငယ်တွေကြား အဖျားဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ နေပြီလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိလာပါတယ်။

ဒါ့အပြင် ကလေးတွေကို အဆုတ်ရောင် လေပြွန်ရောင်စေတဲ့ ဗိုင်းရပ်စ် ပျံ့နေလို့ ဖြစ်နိုင်ရင် ကလေးတွေကို ကျောင်း မပို့ဖို့၊ လူများတဲ့နေရာတွေကို မသွားစေဖို့ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးက လမ်းညွှန်လိုက်တယ်ဆိုတဲ့ ကလေး ၂ ဦးရဲ့မိခင်က လူမှုကွန်ရက်မှာ ရေးလာတာကလည်း မိဘတွေရဲ့ စိုးရိမ်ချက်ကို ပိုတိုးလာစေပါတယ်။

ဒါကြောင့် ထူးခြားတဲ့ရောဂါအသစ်တစ်မျိုး ပေါ်ပေါက်လာတယ်လို့ယူဆပြီး ကလေးတွေကို ကျောင်းပို့ဖို့အထိ ကြောက်လန့်တဲ့ စိုးရိမ်ချက်တွေလည်း မိဘတွေကြားရှိလာပါတယ်။

ဒါပေမဲ့ မြန်မာပြည်တွင်းက ထိပ်တန်းကလေးအထူးကုဆရာဝန်ကြီးတွေကတော့ လက်ရှိကလေးတွေမှာ ဖြစ်နေတဲ့အဖျားရောဂါဟာ ရောဂါအသစ်အဆန်းမဟုတ်သလို ရုတ်တရက်ပိုဆိုးလာတဲ့ အထောက်အထားမရှိဘူးလို့ ဘီဘီစီကိုပြောပြကြပါတယ်။

အဆုတ်လေပြွန်မွှာရောင်နာ ပြည်တွင်းမှာဖြစ်နေလား

မြန်မာနိုင်ငံက ကလေးငယ်တွေဟာ ကျန်းမာရေးချို့တဲ့မှု၊ အာဟာရချို့တဲ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အများစုက လုံလောက်စွာမရရှိတာကြောင့် ကလေးငယ်တွေ နေထိုင်ကြီးပြင်းမှုနဲ့ ရှင်သန်မှုကို ထိခိုက်စေပြီး သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် ဦး‌နှောက်စဥ်းစားတွေးခေါ်ဖွံ့ဖြိုးမှုကို ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ နိုင်ငံတကာ အကူညီပေးရေးအဖွဲ့ Save the Children ကဆိုပါတယ်။

မြန်မာကလေးငယ် ကလေး ၂၅ ဦး အနက် တစ်ဦးဟာ တစ်နှစ် အရွယ်မတိုင်မီ သေဆုံးကြပြီး အသက် ၅နှစ်အောက် ကလေးငယ် ၂၉ ရာခိုင်နှုန်းဟာ ကာလရှည်ကြာ အာဟာရချို့တဲ့မှုကြောင့် ပုပု သေးသေးလေးတွေဖြစ်နေကြတယ် လို့ Save the Children ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ပြည်တွင်းက ကလေးငယ်တွေကြား ဖျားနာမှုတွေဖြစ်နေတာကြောင့် နိုင်ငံတကာသင်ရိုးကို အသုံးပြုတဲ့ မူကြိုကျောင်း နှစ်ကျောင်းထက်မနည်းဟာ ရက်အနည်းငယ် ကျောင်းပိတ်တယ်လို့ အခုသီတင်းပတ်အတွင်းမှာပဲ ကြေညာပါတယ်။

အဲဒီကျောင်းတွေရဲ့ကြေညာချက်အရဆိုရင် လက်တလောဖြစ်ပွားနေတဲ့ အဆုတ်လေပြွန်မွှာရောင်နာ(Bronchiolitis) ရောဂါကြောင့် အခုလိုကျောင်းတွေ ပိတ်တာလို့ဆိုကြပါတယ်။

ရန်ကင်းကလေးဆေးရုံအုပ်ကြီးကတော့ ကလေးငယ်တွေဖျားနာမှုဟာ ရာသီအဖျားဖြစ်ပြီး ကျောင်းတွေက ပြောလာတဲ့ အဆုတ်လေပြွန်မွှာရောင်နာရောဂါမဟုတ်သလို ရောဂါအသစ်လည်း မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပြပါတယ်။

‘‘ကျွန်တော်တို့ဆီလာပြတဲ့ကလေးတွေကို စစ်ဆေးကြည့်ပြီးပါပြီ။ အဲဒီရောဂါမဟုတ်ပါဘူး။ ကလေးတွေ ဖျားနာကြတယ်ဆိုတာကလည်း ကျောင်းတက်ကြ၊ ချောင်းဆိုးကြတော့ အချင်းချင်းအဖျားကူးစက်မှုဖြစ်တာမျိုးပါ။ ရောဂါပိုးအသစ်မတွေ့ရှိပါဘူး။ ရာသီတုပ်ကွေးဖျားနာမှုပါ’’ လို့ ဘီဘီစီကို ပြောပါတယ်။

ကလေးတွေမှာ ဘယ်လိုတုပ်ကွေးတွေဖြစ်နေတယ်လို့တွေ့ရလဲ

ပါရမီ ဆေးရုံမှာ နှာစေးချောင်းဆိုဖျားတဲ့ ကလေးတွေကို တို့ဖတ်ယူစစ်ဆေးကြည့်တဲ့အခါမှာ ရာသီတုပ်ကွေး အေ (Influenza A) နဲ့ အသက်ရှုလမ်းကြောင်း ဗိုင်းရပ်စ်(RSV - Resipratory syncytial virus)ကို တွေ့ရတယ်လို့ ပါရမီကလေးအထူးကုဆေးရုံက အထူးကုဆရာဝန်ကြီး ဒေါက်တာစောဝင်းက ပြောပါတယ်။

ဒါပေမဲ့ ဒီဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့ အအေးမိ၊ နှာစေး၊ ဖျားနာတွေဟာ နှစ်စဥ် အခုလို မိုးရာသီမှာ ဖြစ်နေကြဖြစ်ပြီး ဒါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကလည်း တော်တော်များတယ်လို့ သူကပြောပါတယ်။

ရာသီတုပ်ကွေး အေ ကိုတော့ လူသိများသလို ကာကွယ်ဆေးထိုးထားရင်လည်း အတော်အသင့်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မွေးကင်းစကလေးငယ်တွေမှာ ကူးစက်တတ်ပြီး ပြန်လည်ပျောက်ကင်းနိုင်တဲ့ Parainfluenza ဗိုင်းရပ်စ်၊ လသားကလေးငယ်တွေ လေပြွန်ရောင် အသက်ရှူကြပ်ပြီး (Bronchiolitis) ဖြစ်စေတဲ့ RSV ဆိုတဲ့ ဗိုင်းရပ်စ်၊ Adeno ဗိုင်းရပ်စ် စတာတွေဟာ ကာကွယ်ဆေးနဲ့ မကာကွယ်နိုင်တဲ့ ဗိုင်းရပ်စ်တွေရှိနေပြန်ပါတယ်။

ဒီဗိုင်းရပ်စ်တွေဟာ တခါဖြစ်ပြီးလည်း နောက်နှစ်တွေမှာ ပြန်ဖြစ်နိုင်တာ၊ နှာချေချောင်းဆိုးတာကနေ ကူးနိုင်တာမို့ တစ်ယောက်နဲ့တစ်ယောက် နီးကပ်တဲ့ ကျောင်းတွေမှာ ကူးစက်ဖို့ ပိုလွယ်ကူတာ၊ အခုရာသီမှာ နှာစေးချောင်းဆိုဖျားတဲ့ကလေးငယ်တွေ အများကြီးတွေ့ရတာလို့ ဦးစောဝင်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးပါတယ်။

ယူနီဆက်ဖ်မြန်မာရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက ကလေးငယ်တွေမှာ အသက်ငါးနှစ်အောက်ကလေး သေဆုံးနှုန်း မြင့်မားနေဆဲဖြစ်ပြီး ကလေးငယ် ၁၀၀၀ မွေးဖွားလျှင် ၃၇ ဦးအထက် သေဆုံးနှုန်းရှိတယ်လို့ ဆိုပါတယ်။

ဖျားနာတဲ့ကလေးတွေရှိချိန် ဘာတွေသတိထားသင့်သလဲ

မိုးရာသီမှာ မြန်မာပြည်တွင်းက ဆေးရုံဆေးခန်းတွေမှာ ဖျားနာတဲ့ကလေးငယ်တွေ ဆေးခန်းပြမှုတွေရှိနေပြီး ရန်ကင်းကလေးအထူးကုဆေးရုံကြီးမှာဆိုရင် အခုရက်ပိုင်းအတွင်း ဖျားနာမှုအမျိုးမျိုးကြောင့် ပြင်ပလူနာအဖြစ်လာရောက်ကုသမှုခံယူတဲ့ ကလေးငယ်အရေအတွက်ဟာ တနေ့ကို အယောက် ၃၀၀ ကနေ ၄၀၀ ကြားရှိတယ်လို့ သိရပါတယ်။

နှာစေး ချောင်းဆိုးဖျားတဲ့ကလေးငယ်တွေ အထူးသဖြင့် ပန်းနာရင်ကျပ် အခြေခံရှိတဲ့ကလေးငယ်တွေဟာ နှာစေးရာကနေ နာရီပိုင်းအတွင်း ရုတ်တရက် ရင်ကျပ်ထလာနိုင်တာတဲ့အခြေအနေဖြစ်လာနိုင်တာကြောင့် မိဘတွေအနေနဲ့ သတိရှိဖို့ အထူးကုဆရာဝန်ကြီး ဦးစောဝင်းက တိုက်တွန်းပါတယ်။

ဒါအပြင် လသားအရွယ် ကလေးငယ်တွေဖြစ်ပြီး အဆုတ်ထဲမှာရှိတဲ့လေပြွန်လေးတွေက နဂိုကတည်းက သေးငယ်တာကြောင့် RSV ဗိုင်းရပ်စ် ပိုးဝင်တာမျိုးဆိုရင် လေပြွန်ရောင်၊ ရင်ကျပ်တတ်တာ၊ ပထမ နှာစေးချောင်းဆိုပြီးရင် ရင်ကျပ်လိုက်တာလာ၊ ရက်ပိုင်းအတွင်းဖြစ်တတ်တာကြောင့် ကလေးငြိမ်နေတုန်းမှာ အသက်ရှုနှုန်းကို တစ်မိနစ်အပြည့်တိုင်းကြည့်ပြီး အသက်ရှုမြန် မမြန်စစ်ကြည့်ဖို့၊ ကလေးနို့မှိန်းပြီး နို့မစို့တဲ့အခါဆေးရုံဆေးခန်းပြဖို့ သူက တိုက်တွန်းပါတယ်။

ဖျားနာတဲ့ကလေးငယ်တွေ အဆုတ်ခဲတတ်သလား

အဖျားဗိုင်းရပ်စ်ပိုးတွေဝင်ပြီး နောက်ဆက်တွဲ ဘက်တီးရီးယားပိုးတွေ ဝင်လို့ အဆုတ်ယောင်(နမိုးနီးယား) ဖြစ်တဲ့အခါ ကလေးငယ်တွေဟာ အဖျားကြာရှည်တာနဲ့ ဖျားကြီးတာ၊ စဖျားပြီး ၃ ရက်ကနေ ၅ ရက်အတွင်း ချောင်းဆိုးတာ၊ မောပန်းပင်ပန်းတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီအခြေအနေမှာ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ အဆုတ်မှာ လေမဝင်ပဲ ခဲနေတဲ့နေရာတွေတွေ့ရတတ်ပြီး ကလေးတိုင်း ဓာတ်မှန်ရိုက်ဖို့ သွေးစစ်ဖို့ မလိုပေမဲ့ ဆရာဝန်နဲ့ ကလေးမိဘကြား ရောဂါရာဇဝင်ကို သေသေချာချာမေးမြန်းဖို့ အရေးကြီးတဲ့အကြောင်း အထူးကုဆရာဝန်ကြီး ဦးစောဝင်းက ပြောပါတယ်။

ဒီအချိန်မှာ ရောဂါ အခြေအနေပေါ်မူတည်ပြီး သောက်ဆေးပေးမှာလား၊ ဆေးရုံတင် ထိုးဆေးနဲ့ကုမှာလား ဆုံးဖြတ်ရမှာဖြစ်ပြီးတော့ သင့်တော်တဲ့ပဋိဇီဝဆေး မပေးဖြစ်ရင် အဆုတ်ပိုခဲတာနဲ့ ပြည်တည်တာတွေဖြစ်နိုင်လို့ အသက်အန္တရာယ်ရှိနိုင်တဲ့အကြောင်း ဦးစောဝင်းက ကုသရေးနဲ့ပတ်သက်လို့ အကြံပြုပါတယ်။

ဖျားနေတဲ့ကလေးတွေကို ကျောင်းလွှတ်သင့်လား

ပြည်တွင်းက ကလေးငယ်တွေကြား လတ်တလော ဖျားနာမှု မြင့်တက်တဲ့ တကြောင်းရင်းတစ်ရပ်က အဖျားအရှင်းမပျောက်တဲ့ကလေးငယ်တွေ ကျောင်းပြန်တက်ကြတာကြောင့်လို့ ရန်ကင်းကလေးဆေးရုံ အုပ်ကြီးက ဘီဘီစီကို ပြောပါတယ်။

‘’ကလေးဖျားပြီ ဆိုရင် ၃ ရက်၊ ၄ ရက်လောက် စောင့်ကြည့်ပြီးမှ ကျောင်းတက်ခိုင်းသင့်တယ်။ အဖျားလုံးဝ မပျောက်ဘဲ ကျောင်းတက်တဲ့အခါ ပုဂ္ဂလိကကျောင်းတွေမှာဆိုရင် လေအေးပေးစက်ဖွင့်၊ အလုံပိတ်ထားတာ မျိုးဆိုတော့ ဖျားတဲ့ကလေးက ချောင်းဆိုးတဲ့အခါ အနားထိုင်တဲ့ကလေးတွေလည်း အဖျားကူးကုန်တယ်’’ လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

ကလေးအထူးကု ဆရာဝန်ကြီးတွေက‌တော့ ကလေးငယ်တွေ ဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အခြေအနေကို ဂရုတစိုက် စောင့်ကြည့်ကြဖို့၊ ဗူးတွေနဲ့လာတဲ့ မိုင်လို၊ပဲနို့လို တာရှည်ခံ အရှည်တွေအစား အာဟာရပြည့်တဲ့ ဆန်ပြုတ်လို စားစရာကို ကျွေးမွေးဖို့၊ ရေပတ်မတိုက်ဘဲ ကလေးငယ်တွေကို နွေးနွေးထွေးထွေး ထားကြဖို့ တိုက်တွန်းထားပါတယ်။