ဇူလိုင် ၂၀ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - တစ်လကျော်အတွင်း မြန်မာ ၈ သောင်းကျော် ထိုင်းမှာ အဖမ်းခံရ

ထိုင်းနိုင်ငံမှာ ၃၆ ရက်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၀,၉၁၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး The Nation သတင်းစာက ဆိုပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ ရက် ၁၂၀ စီမံချက်အရ ဇွန် ၅ ရက် ကနေ ဇူလိုင် ၁၁ ရက်အတွင်း အထောက်အထားမဲ့ အလုပ်သမားပေါင်း တစ်သိန်းကျော်ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဲဒီအထဲမှာ မြန်မာနိုင်ငံသားတွေ အများဆုံးပါဝင်ခဲ့တာဖြစ်ပြီး မြန်မာအလုပ်သမား ၄၇၃ ဦး ကိုတော့ အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ရက် ၁၂၀ စီမံချက်နဲ့ အဖမ်းခံရသူတွေဟာ ဘန်ကောက်မြို့၊ ဟွေ့ကွမ်ရပ်ကွက်က စတိုးဆိုင်တွေ၊ ဘန်ကောက်မြို့ပေါ်က စက်ရုံတွေ၊ ရတ်ချက်ဘူရီပြည်နယ်က အုန်းသီးစက်ရုံတွေနဲ့ ဥဒေါ(န)ထာနီ ပြည်နယ်က စားသောက်ဆိုင်တွေမှာ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်တယ် လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

တခြားဖမ်းဆီးခံရသူတွေထဲမှာဆိုရင် ကမ္ဘောဒီးယား နိုင်ငံသား ၁၆,၀၀၀ ကျော်၊ လာအိုနိုင်ငံသား ၇,၈၀၀ ကျော် နဲ့ ဗီယက်နမ်နိုင်ငံသား ၁၀၄ ဦးတို့ အပြင် အခြားနိုင်ငံသား ၃,၀၀၀ ကျော် ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်ထားမဲ့ အလုပ်လုပ်ကိုင်နေတာကို ဖမ်းမိရင် ဘတ်ငွေ ၅၀၀၀ ကနေ ၅၀၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်ကို ၂ နှစ် အထိ ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဥပဒေတွေမှာ ဖော်ပြထားပါတယ်။

ကျိုက်မရောမှာ လေကြောင်းတိုက်ခိုက်ခံရလို့ လူ ၂၀ ကျော်သေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက ငပုအင်းရွာနဲ့ လွှစင်ကုန်းရွာကို မနေ့ ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား အပါအဝင် လူ ၂၀ ကျော်သေဆုံးသွားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

ငပုအင်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ အစည်းအဝေးလုပ်မယ့် သတင်းရတာကြောင့် စစ်တပ်က အစည်းအဝေးမစခင် မနက် ၁၀ နာရီကျော်လောက်မှာ လေယာဉ်နဲ့ ငပုအင်းဘက် နှစ်နေရာကို ဗုံးကြဲခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

“ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချခဲ့တာ”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တစ်ဦးက ပြောပါတယ်။

စစ်တပ်ကြဲလိုက်တဲ့ ဗုံး ၃ လုံးထဲမှာ ၂ လုံးက ငပုအင်းရွာ ဘုန်းကြီးကျောင်းရဲ့ စားဖိုဆောင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး နောက် ၁ လုံးကတော့ နဲ့ လွှစင်ကုန်းလမ်းခွဲနေရာဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

စားဖိုဆောင်မှာ ချက်ပြုတ်နေတဲ့ အရပ်သား ၁၃ ဦးနဲ့ လွှစင်ကုန်းဘက်က အရပ်သား ၂ ဦးအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တစ်ဦးက အတည်ပြုပါတယ်။

“အလောင်းကောက်ရတာက ၁၃ ဦး၊ အလောင်းတောင်ဘယ်သူဘယ်ဝါမသိဖြစ်သွားတဲ့လူတွေနဲ့ ပျောက်နေတဲ့ လူတွေလည်းရှိတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ငပုအင်းရွာကို ဗုံးကြဲတဲ့ကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးဘဲ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဦးသိမ်းဝေ အစစ်ခံရတာ ကုမ္ပဏီဘဏ္ဍာရေးအပေါ်သက်ရောက်မှုမရှိဘူးလို့ ထုတ်ပြန်ပြီးတဲ့နောက် ရိုးမ ရှယ်ယာတွေထပ်ကျ

ရိုးမလုပ်ငန်းစု ဥက္ကဋ္ဌ ဦးသိမ်းဝေ နေပြည်တော် မှာ စစ်ဆေးခံနေရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်က ဇူလိုင် ၁၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက် စင်္ကာပူစတော့စျေးကွက်မှာ ရှယ်ယာ ၈ ဒသမ ၈ ရာခိုင်နှုန်း ထပ်ကျသွားတယ်လို့ စင်္ကာပူ အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။

ဦးသိမ်းဝေ နေပြည်တော်မှာ စစ်ဆေးခံနေရတာဟာ Yoma Strategic Holdings ကုမ္ပဏီ ရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ်သက်ရောက်မှု မရှိဘူးလို့ သားဖြစ်သူ အမှုဆောင်အရာရှိ(C.E.O) မစ္စတာ မဲဗင် ပန်း က ဇူလိုင် ၁၈ မှာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ရှယ်ယာတွေ ကျဆင်းခဲ့တာဖြစ်ပါတယ်။

ရိုးမအုပ်စုတည်ထောင်သူ ဦးသိမ်းဝေ ခေါ် မစ္စတာ ဆာ့ချ်ပန်း နေပြည်တော်မှာ ထိန်းသိမ်းခံနေရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပြီးခဲ့တဲ့အပတ်က ရှယ်ယာ ၂၀ ရာခိုင်နှုန်းအထိ စံချိန်တင်ကျပြီးတဲ့နောက် အခုလို ထပ်ကျတာ ဖြစ်ပါတယ်။

ရိုးမဟာ ၃ နှစ်အတွင်း အခုလို ရှယ်ယာ အများဆုံးကျဆင်းမှု ကြုံနေရတာပါ။

ကုမ္ပဏီရဲ့ နေ့စဥ်လုပ်ငန်းတွေကို အမှုဆောင်အရာရှိ(C.E.O) ဖြစ်သူ ဦးသိမ်းဝေ ရဲ့ သား မစ္စတာ မဲဗင် ပန်း က တာဝန်ယူနေပြီး နေပြည်တော်မှာ စစ်ဆေးခံနေရတဲ့ ဦးသိမ်းဝေနဲ့ အဆက်အသွယ်ရှိတယ် လို့လည်း Yoma Strategic Holdings ကုမ္ပဏီ က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့လည်း ရိုးမ ဦးသိမ်းဝေ နဲ့ ဝန်ထမ်း ၂ ဦးဟာ ဆက်သွယ်ရေးစက်ပစ္စည်းတွေကို လွတ်လွတ် လပ်လပ် မကိုင်တွယ်နိုင်သေးဘူးလို့ ကုမ္ပဏီ နားလည်ထားကြောင်း မစ္စတာ မဲဗင်ပန်း က ပြောပါတယ်။

ဦးသိမ်းဝေ ကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ်နဲ့ ထား မထားဆိုတာနဲ့ ပတ်သက်ပြီး အချက် အလက်တစုံတရာ မသိရသေးဘဲ နေပြည်တော်မှာ စစ်ကောင်စီ စီစဥ်ပေးတဲ့နေရာမှာ နေထိုင်ပြီး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သားဖြစ်သူ မစ္စတာ မဲဗင်ပန်း က ပြောပါတယ်။

Yoma Strategic Holdings ကုမ္ပဏီ အောက်မှာရှိတဲ့ ရိုးမဘဏ်ကို အိမ်ရာချေးငွေတွေ ထုတ်ချေး တဲ့နေရာမှာ ဗဟိုဘဏ်သတ်မှတ်နှုန်းထားထက် ၁၁ ရာခိုင်နှုန်း ပိုချေးထားတာကြောင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ နဲ့ အရေးယူမယ်လို့ ဇူလိုင် ၁ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

Yoma Strategic Holdings ကုမ္ပဏီ အမှုဆောင်အရာရှိ မစ္စတာ မဲဗင်ပန်း ကတော့ Yoma Strategic Holdings ကုမ္ပဏီ ဟာ ရိုးမဘဏ်ကနေ ငွေချေးထားတာမရှိဘူးလို့ ဇူလိုင် ၁၈ ရက် က ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ရိုးမကုမ္ပဏီရဲ့ ထုတ်ပြန်ကြေညာချက် အပါအဝင် ဥက္ကဋ္ဌ ဦးသိမ်းဝေ ရဲ့ နောက်ဆုံးအခြေအနေတွေ ပတ်သက်ပြီး ရိုးမကုမ္ပဏီ သတင်းမီဒီယာ ပြန်ကြားရေးတာဝန်ခံကို ဘီဘီစီ က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်ကြားတာမရှိခဲ့ပါဘူး။

ကိုးကန့်တပ်က ဇူလိုင် လကုန်ထိ အပစ်ရပ်

တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်ကြောင့် ဇူလိုင် ၁၉ ရက်ကနေ ၃၁ ရက်နေ့ အထိ ထိုးစစ်တွေ ရပ်ထားမယ်လို့ ကိုးကန့်တပ် (MNDAA) က ထုတ်ပြန်ပါတယ်။

ထိုးစစ်ရပ်ထားတဲ့ ကာလအတွင်း လေကြောင်းရန်ကာကွယ်ရေးအစီအမံတွေနဲ့ စစ်ဘေးရှောင်တွေရဲ့အရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ MNDAA က ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ ဘက်က တိုက်ခိုက်လာရင်တော့ တန်ပြန်တိုက်ခိုက်ဖို့ပါ MNDAA က မှာထားတယ်။

ကိုးကန့်တပ်ဟာ တရုတ်မှာ ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးရှိနေလို့ ဆိုပြီးဇူလိုင် ၁၄ ရက်ကစလို့ ၁၈ ရက်အထိ အပစ်ရပ်ခဲ့ပါသေးတယ်။

ဇူလိုင်လထဲ စစ်ကောင်စီက ကိုးကန့်ထိန်းချုပ်ထားတဲ့ လောက်ကိုင် နဲ့ သိန္နီကို အကြီးစား ဗုံးကြဲမှုတွေ လုပ်ခဲ့ပါတယ်။

မိုင်းလားမှာ ရွှေဆိုင်ဓါးပြတိုက်သူကို မြို့ပတ်ပြသ

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားမှာ ရွှေဆိုင်ဓါးပြတိုက်သူကို ဖမ်းမိခဲ့ပြီးတဲ့နောက် မြို့ပတ်ပြသခဲ့ပါတယ်။

မိုင်းလားမှာ ဇူလိုင်လ ၉ ရက်က တရုတ် ယွမ်ငွေ ၁၅ သိန်း(မြန်မာငွေ သိန်းလေးထောင်ကျော်)တန်ဖိုးရှိတဲ့ ရွှေထည်လက်ဝတ်ရတနာတွေ ဓါးပြတိုက်ခံခဲ့ရတာဖြစ်ပြီး တစ်ပတ်အတွင်း ဖမ်းမိခဲ့တယ် လို့ NDAA ထိန်းချုပ်မီဒီယာက ထုတ်ပြန်ပါတယ်။

ရွှေဆိုင် ဓါးပြတိုက်ခဲ့တဲ့ အသက် ၂၅ အရွယ် သံသယရှိသူဟာ အထူးဒေသ (၄) ကနေထွက်ပြေးခဲ့ပေမယ့် ဇူလိုင် ၁၅ ရက်မှာ ဖမ်းမိခဲ့ပြီး ဒီဖြစ်စဉ်ကို ‘’ဇူလိုင် ၉ ရက် မှုခင်း’’ လို့ ခေါင်းစဉ်ပေးထားပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ကိုးကန့်၊ဝ နဲ့ မိုင်းလားတို့ရဲ့ ဒေသတွေမှာ အခုလိုမှုခင်းတွေကို မြို့လှည့်ပြတာအပြင် သေဒဏ်ပေးမယ့် သူတွေကိုပါ လူမြင်ကွင်းမှာ ပြသလေ့ရှိပါတယ်။

နိုင်ငံရဲ့ ဦးတည်နေတဲ့ လမ်းကြောင်းကို မြန်မာတွေစိတ်ပျက်နေတယ်လို့ အမေရိကန်စစ်တမ်းဖော်ပြ

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းလိုက်လို့ မြန်မာနိုင်ငံဟာ မှားယွင်းတဲ့လမ်းကြောင်း ကို ဦးတည်သွားနေတယ်လို့ မြန်မာနိုင်ငံသားအများစုက ယုံကြည်နေကြတဲ့အကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံတကာရီပတ်ဘလီကန်အင်စတီကျု (IRI) ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ ၆၄ ရာခိုင်နှုန်းက စစ်တပ်အာဏာသိမ်းလို့ မြန်မာနိုင်ငံလမ်းမှား ရောက် နေရတာလို့ ဖြေဆိုခဲ့ကြပြီး ၂၄ ရာခိုင်နှုန်းကတော့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေသေး တယ်လို့ ဖြေကြားခဲ့ပါတယ်။

နိုင်ငံလမ်းမှားရောက်နေတယ်လို့ ဖြေဆိုခဲ့ကြသူတွေ ထောက်ပြကြတဲ့ အကြောင်း အရင်းတွေထဲမှာ ငွေကြေးဖောင်းပွတာကြောင့်လို့ ဖြေဆိုသူက အများဆုံးဖြစ်ပြီး ၃၈ ရာခိုင်နှုန်း အထိ ရှိနေတာဖြစ်ပါတယ်။

ဒါအပြင် စီးပွားရေးမကောင်းတာကြောင့်လို့ ဖြေဆိုသူ ၃၄ ရာခိုင်နှုန်း အထိရှိနေပြီး လက်နက်ကိုင်ပဋိပက္ခတွေ နေရာအနှံ့မှာဖြစ်ပွားနေတာကြောင့်လို့ ‌ပြောဆိုသူက ၃၂ ရာခိုင်နှုန်း ရှိတယ်လို IRI အဖွဲ့ ရဲ့ စစ်တမ်းထဲမှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံသားအများစုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရပိုင်ခွင့်တွေ ပျောက်ဆုံးကုန်တာနဲ့ စီးပွား‌ရေး ချွတ်ချုံကျလာတာတွေကြောင့် မြန်မာနိုင်ငံ လက်ရှိဦးတည်နေတဲ့ လမ်းကြောင်းကိုစိတ်ပျက်နေကြတာလို့” IRI အဖွဲ့ရဲ့ အရှေ့တောင်အာရှ ညွှန်ကြားရေးမှုး မစ္စတာ ရွန်ဒါမေ က ပြောပါတယ်။

စစ်ကောင်စီ အုပ်ချုပ်နေရင် နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေဟာ တိုးတက်ဖို့ ရှိလာမှာမဟုတ်ဘူးဆိုပြီးလည်း ယုံကြည်နေကြတယ်လို့ မစ္စတာ ရွန်ဒါမေ က ပြောပါတယ်။ မြန်မာနိုင်ငံလမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ဆိုရင် စီးပွားရေး တိုးတက်အောင် လုပ်ဖို့တယ်လို့ စစ်တမ်းထဲမှာပါဝင်သူ ၂၂ ရာခိုင်နှုန်းက ဖြေဆိုခဲ့တယ်လို့လည်း IRI အဖွဲ့က ပြောပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံသားတွေဟာ ငွေကြေးဖောင်းပွတာတွေ၊ နိုင်ငံရေး မတည် ငြိမ်တာတွေနဲ့ အလုပ်ကိုင်ရှားပါးနေတာ စတဲ့ ပြဿနာတွေနဲ့ ထိပ်တိုက် ရင်ဆိုင်နေ ရတာလို့ IRI အဖွဲ့ ရဲ့ စစ်တမ်းထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံထဲက လူပေါင်း ၂၅၀၀ နီးပါးကို ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီနဲ့ ဖေဖဝါရီလတွေ အတွင်းမှာ IRI အဖွဲ့က စစ်တမ်းကောက်ယူခဲ့လို့လည်း ပြောပါတယ်။

လားရှိုး နဲ့ သိန္နီမှာ ညဘက်ပါ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲနေတယ် လို့ ကိုးကန့်တပ် ထုတ်ပြန်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှာ ကိုးကန့်တပ် (MNDAA) နဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ-၅၀၇) တပ်တို့ကြား ဇူလိုင် ၂၀ ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

“နှစ်ဘက်လုံးက မြို့ထဲမှာကိုပဲ ဆုတ်လိုက် ပြန်တိုက်လိုက်လုပ်နေတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ရော ဗုံးကြဲခံရတာတွေကြောင့်ပါ ရပ်ကွက် (၄) နယ်မြေ ၁၆ က အိမ်အများစု ပျက်စီးသွားသလို သေဆုံး၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ ဒေသခံကဆက်ပြောပါတယ်။

လားရှိုးမြို့ပြင် (၁၃) မိုင် တဝိုက်ကိုလည်း စစ်ကောင်စီက ဇူလိုင် ၁၉ ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကိုးကန့်တပ် (MNDAA) က ကြေညာထားပါတယ်။

သိန္နီခရိုင်အတွင်းက ကြယ်ဝှဒေသကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လားရှိုးမြို့ ရပ်ကွက် (၇) နဲ့ (၈) မှာနေထိုင်တဲ့ ဒေသခံတချို့ စစ်ရှောင်မရဘဲ ပိတ်မိနေတယ်လို့ မြို့ထဲကျန်နေခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးက ခဏခဏကျနေတော့ တချို့က မရှောင်ရဲဘူး၊ တချို့က ပိုက်ဆံမတတ်နိုင်လို့ စစ်ရှောင်လို့မရတဲ့ အခြေအနေ”လို့ သူက ဆက်ရှင်းပြပါတယ်။

ဒီနေ့ ဇူလိုင် ၂၀ ရက် မနက်ပိုင်းအထိ လားရှိုးကနေ မန္တလေးအထိ လူတစ်ယောက်အတွက် ကားခပေါက်ဈေးက ၆ သိန်းအထိ ဖြစ်နေပြီလို့ ဒေသခံကဆိုပါတယ်။

လားရှိုးမြို့မှာ ဖုန်းလိုင်းအားလုံးလည်းပြတ်တောက်နေပြီး အင်တာနက်လိုင်းအတွက်လည်း ဝိုင်ဖိုင်တစ်မျိုးတည်းရတော့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ဝိုင်ဖိုင်လိုင်းတောင် ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတာ၊ လိုင်းတွေမရ အဆက်အသွယ်ပြတ်နေတော့ သေဆုံး၊ဒဏ်ရာရအရေအတွက်တောင် အတိအကျ မသိနိုင်တော့ဘူး” လို့ မြို့ကနေ စစ်ရှောင်လာသူတစ်ဦးကဆိုပါတယ်။

စစ်ကောင်စီကတော့ လားရှိုးမြို့က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။