မေ ၁၁ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - ကန့်ဘလူ၊ မလယ်ရွာတိုက်ပွဲ စစ်တပ်ဘက်က ၆ ဦး နဲ့ PDF ၁၀ ဦးသေဆုံး

မလယ်ရွာမှာ စစ်ကောင်စီ ပြန်တပ်စွဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက မလယ်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၁၀ ဦးသေဆုံးခဲ့တယ်လို့ NUG လက်အောက်ခံ အမှတ်-၁ စစ်ဒေသက ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်တပ်နဲ့ ရဲပူးပေါင်းတပ်စွဲထားတဲ့ မလယ်ရွာရဲစခန်းကို ကန့်ဘလူ PDF တွေအပြင် ကန့်ဘလူ မြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တွေနဲ့ ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ - ပလဖ တို့က မေ ၇ ရက်မှာ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“တိုက်တဲ့နေ့က ရဲစခန်းကိုသိမ်းလိုက်နိုင်တယ်၊ စစ်ကူတွေလာလို့ ပြန်ဆုတ်ခဲ့ရတာ” လို့ ကန့်ဘလူ ပကဖ ဘက်က ဘီဘီစီကိုပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်နဲ့ ကျည်တွေအပါအဝင် စစ်အသုံးအ‌ဆောင်ပစ္စည်းတချို့ ကို PDF တွေ သိမ်းဆည်းရမိခဲ့ပေမယ့်

လက်ရှိအချိန်မှာတော့ မလယ်ရွာထဲကို စစ်တပ်ဘက်ကပြန်ဝင်ရောက်ပြီး အင်အား ၇၀ ကျော်ဝန်းကျင်နဲ့ ရဲစခန်းအနီးတဝိုက်မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း မလယ်ရွာအရှေ့ဘက်မှာရှိတဲ့ အမှတ် (၁၃) လေ့ကျင့်ရေးတပ်ကနေ စစ်ကောင်စီဘက်က အင်အား ၅၀ ကျော် တပ်ကူစေလွှတ်ခဲ့ပြီး လေကြောင်းကနေလည်း ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

မေ ၁၀ ရက်အထိ မလယ်ရွာထဲကို အမှတ် (၁၃) လေ့ကျင့်ရေးတပ်ကနေ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတာကြောင့် မလယ်ရွာနဲ့အနီးနားက ရွာခံတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီကတော့ မလယ်ရွာတိုက်ပွဲနဲ့ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

TNLA က တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး ဘယ်လိုလုပ်နေလဲ

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့က နောင်တောင်း တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကနေ ကုန်စည်စီးဆင်းမှုတွေရှိနေပြီလို့ မြို့ခံတွေ နဲ့ ကုန်သည်တွေက ဘီဘီစီကိုအတည်ပြုပေမဲ့ တရားဝင် ကုန်သွယ်ရေးဂိတ် ဖွင့်ခွင့်မရသေးဘူးလို့ TNLA က ပြောပါတယ်။

‘’စကစ ဘက်ကလည်း ကန့်ကွက်ထားတော့ တရုတ်ကလည်း ခွင့်မပြုတာပါ။ ဒေသခံတွေရဲ့ ကြံကား၊မီးသွေး၊ကုန်စိမ်း လောက်ပဲ တရုတ်ဒေသအစိုးရခွင့်ပြုသလောက်ပဲ သွားလာတာပါ’’ လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဘီဘီစီ ကိုပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးဂိတ် တရားဝင်ဖွင့်ဖို့ ညီနောင် ၃ ဖွဲ့ကို တရုတ်ဘက် သဘောမတူသေးဘဲ ချင်းရွှေဟော်၊ရန်လုံးကျိုင်း၊ မုံးကိုး၊ပန်ဆိုင်းနဲ့ နမ့်ခမ်း ဘက်က နယ်စပ်ပေါက်တွေကို ဒေသခံတွေ ကူးလူးဆက်ဆံသွားလာလို့ရအောင်သာ ခွင့်ပြုပေးထားတယ် လို့ ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောပါတယ်။

တရုတ်ဘက်ကနေ ဘာမှတင်သွင်းတာမရှိဘူး လို့ သူကပြောပေမယ့် ကုန်သည်တွေကတော့ ယူနန်ပြည်နယ်ကနေ အိမ်ဆောက်ပစ္စည်းတွေ မြန်မာဘက် ပြန်တင်သွင်းနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

နောင်တောင်းနယ်စပ်ဂိတ်ကို TNLA ရဲ့ အကောက်ခွန်ဌာနက ဧပြီ ၂၉ ရက်မှာ ပြန်ဖွင့်ပေးခဲ့ပြီး ကုန်စည်စီးဆင်းမှုတွေရှိနေတယ်လို့ နမ့်ခမ်းမြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

နောင်တောင်းနယ်စပ်ဂိတ်ဟာ နမ့်ခမ်းမြို့ရဲ့ တောင်ဘက် ရွှေလီမြစ်ဆိပ်အနောက်ဘက်နားမှာ ရှိတာဖြစ်ပါတယ်။

ပို့ကုန်အနေနဲ့ နမ္မတူရဲ့ သတ္တုတွင်းတွေက သတ္တုအပါအဝင် ဆီလီကွန်ကျောက် နဲ့ မီးသွေးတွေကို တရုတ်ဘက် အဓိက တင်ပို့နေပြီး ပြောင်းနဲ့ဘိလပ်မြေတွေကိုလည်း တင်ပို့နေတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့ အပါအဝင် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းလုံနဲ့ မိုင်းငေ့ါ စတဲ့ ၇ မြို့ကိုထိန်းချုပ်ထားပြီး အဲဒီမြို့တွေမှာ TNLA ရဲ့ အုပ်ချုပ်ရေးစနစ် လည်ပတ်နေတာပဲဖြစ်ပါတယ်။

အိန္ဒိယ နဲ့ ထိုင်း သံအမတ်တွေ စစ်ကောင်စီ နဲ့ တွေ့

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်သစ် Mr. Abhay Thakur ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး နဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း စစ်ခေါင်းဆောင် နဲ့ အိန္ဒိယသံအမတ်ကြီး တို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယသံအမတ်ကြီးဟာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့နဲ့ ပါ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး၊ ငွေကြေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘဏ္ဍာရေးဝန်ကြီးနဲ့ပါ ဆွေးနွေးတာတွေရှိခဲ့တယ်လို့လည်း စစ်ကောင်စီ သတင်းမီဒီယာတွေက ရေးသားကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်၀ိစစ်စတန် တို့တွေ့ဆုံခဲ့ကြပြီး နိုင်ငံတကာစာမျက်နှာမှာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံက ထောက်ခံပေးဖို့ နဲ့ ထိုင်း-မြန်မာ ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံတာတွေတိုးမြင့်လုပ်သွားဖို့ ဆွေးနွေးခဲ့ကြတယ်လို့ လည်း စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ပါတယ်။

ဖုန်းဆိုင် နဲ့ ကားဂိတ် ဖွင့်ထားတဲ့ ထွေအုပ်ရုံး

ဝ တိုင်းမှာ တရုတ်ငွေက အဓိက ငွေကြေးဖြစ်လာ

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီးတဲ့နောက် ဟိုပန်မြို့မှာ တရုတ်ယွမ်ငွေက အဓိက သုံးငွေ ဖြစ်လာတယ် လို့ မြို့ခံတွေ နဲ့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ဌာနဆိုင်ရာရုံးတွေ အနှစ်သုံးဆယ်ကျော်အခြေစိုက်တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဟိုပန်မြို့ က ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ UWSA လက်အောက်ကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ဌာနဆိုင်ရာရုံးတွေ မလည်ပတ်နိုင်တော့တဲ့ အတွက် ဟိုပန်မြို့မှာ မြန်မာကျပ်ငွေက ကုန်သည်တွေ နဲ့ ပြည်သူတွေလက်ထဲကပဲ အဓိကလည်ပတ်စီးဆင်းနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

‘’အရင်တုန်းက ကျပ်ငွေက အဓိက သုံးတယ်။ ယွမ်ငွေလည်း သုံးလို့ရတယ်။ အခုက ယွမ်ငွေ အဓိက သုံးတယ်။ ကျပ်ငွေလည်း သုံးလို့ရတယ်။ ပြောင်းပြန်ဖြစ်သွားတာပေါ့’’ လို့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

မေလ ၁၁ ရက် ပေါက်စျေးအရ ဟိုပန်မြို့မှာ ယွမ် တစ်ရာကို မြန်မာကျပ်ငွေ ၅၃,၀၀၀ ဝန်းကျင် ရှိနေတယ် လို့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဟိုပန်မြို့က ဌာနဆိုင်ရာရုံးတချို့ကို တရုတ်လုပ်ငန်းရှင်တွေဆီ အငှားချထားလိုက်တယ်လို့လည်း ဒေသခံတွေက ဘီဘီစီ ကိုပြောပါတယ်။

ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး နဲ့ စိုက်ပျိုးရေး ရုံးတွေအပါအဝင် ဝန်ထမ်းအိမ်ရာတချို့ပါ အငှားချခံထားရတာလို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ကို ကြော်ငြာလုပ်ငန်း၊ ဖုန်းဆိုင် နဲ့ ကားဂိတ်တွေပါ ပေါင်း ဖွင့်ထားတယ် လို့ ဟိုပန်မြို့ခံတစ်ဦးက ပြောပါတယ်။

လမ်းမတန်းမှာ ရှိတဲ့ ရုံးတွေကို ဆိုင်ခန်းတွေ ထပ်ဆောက်နေပြီး အတွင်းပိုင်းက ရုံးတွေကိုတော့ ကုန်သိုလှောင်တဲ့ ဂိုထောင်အဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆယ်စုနှစ်များစွာ မြန်မာစစ်တပ် ထိန်းချုပ်ခဲ့တဲ့ ဟိုပန် နဲ့ ပန်လုံ မြို့တွေဟာ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ UWSA လက်အောက်ကို ပြန်လည် ရောက်ရှိသွားတာ ဖြစ်ပါတယ်။

သံတွဲမှာ ဘာတွေဆက်ဖြစ်နေလဲ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ရွှေလှေရွာကြားက ရေစင်ရွာဘက်အခြမ်းမှာ မနေ့ မေ ၁၀ ရက်က စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကလည်းလက်နက်ကြီးနဲ့ ပစ်ကူတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက် ရွှေလှေရွာဘက်က စတင်လာခဲ့တဲ့ စစ်ကောင်စီနဲ့ အေအေတိုက်ပွဲဟာ သံတွဲမြို့အနီး ၁၀ မိုင်ကျော်အထိ နီးကပ်လာပြီလို့ မြေပြင်မှာရှိတဲ့ ဒေသခံတွေကဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အချိန်အတွင်း သံတွဲမြို့အခြေစိုက် စစ်တပ်စခန်းတွေအပြင် ငပလီနားမှာရှိတဲ့ စစ်ကောင်စီရေတပ်စခန်းတွေကနေ ရေစင်ရွာဘက်နဲ့ ရွှေလှေရွာတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေလှေရွာက ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး အဲဒီထဲက တစ်ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေလို့ ရွာခံတစ်ဦးကပြောပြပါတယ်။

သံတွဲမြို့ပေါ်နားအထိ တိုက်ပွဲတွေနီးကပ်လာတာ‌ကြောင့် ဒေသခံတွေကြား စိုးရိမ်စိတ်တွေမြင့်မားနေပြီး ရိက္ခာအများအပြား ဝယ်ယူစုဆောင်းတာ၊ ရွှေ့ပြောင်းတာတွေ လုပ်နေကြပြီလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ သံတွဲက အခြေအနေတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဘီးလင်း၊ ကျုံအိတ်တံတား ထပ်မံ မိုင်းခွဲခံရ

မွန်ပြည်နယ် ဘီလင်းမြို့အစပ်မှာရှိတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား ဒီနေ့မနက်ပိုင်းမှာ မိုင်းခွဲခံရပြီး ကျိုးကျပျက်စီးသွားတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“ဒီနေ့ မနက်အစောပိုင်း ၄ နာရီလောက်က ကျိုးသွားတာ” လို့ ပြောပါတယ်။

မနေ့ မေ ၁၀ ရက်ညပိုင်းမှာ တံတားဝန်းကျင်အနီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီမနက်မှာ တံတားမိုင်းခွဲဖျက်ဆီးခံလိုက်ရတာလို့ မြို့ခံတစ်ဦးကဆိုပေမယ့် ဘယ်အဖွဲ့က ဖျက်ဆီးခဲ့တယ်ဆိုတာကိုတော့ ဘီဘီစီအနေနဲ့ မသိရသေးပါဘူး။

ဒီတံတားဟာ ဘီးလင်းမြို့ပေါ်နဲ့ ၅ မိုင်ဝန်းကျင်လောက်သာ ကွာဝေးပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းထဲမှာ ရှိနေတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။

အခုလို တံတားမိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့အတွက် ကုန်စည်ပို့ဆောင်ရေးမှာ အခက်အခဲတွေဖြစ်ကုန်ပြီလို့ ဒေသခံတွေက ပြောပြပါတယ်။

ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်လကုန်ပိုင်းမှာလည်း ပထမအကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။