ဒီကနေ့ မေ ၃၀ ရက် ဘီဘီစီသတင်းများတိုက်ရိုက်ထုတ်လွှင့်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
ငလျင်အလှူငွေ ကျပ်ဘီလျံ တစ်ရာကျော် နဲ့ အမေရိကန်ဒေါ်လာ နှစ်သန်းကျော် ထပ်ရ
ပြည်တွင်းပြည်ပအလှူရှင်တွေက စစ်ကောင်စီကို ငလျင်ပြန်လည်ထူထောင်ရေးအတွက် အလှူငွေတွေ ထပ်မံပေးအပ်လာတဲ့အကြောင်းအပါအဝင် မေ ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
အနှစ်ချုပ်
- ငလျင်ပြန်လည်ထူထောင်ရေးအတွက် လေးထပ်တိုက် ၅၁ လုံးအတွက် အလှူငွေကျပ်သန်းနဲ့ချီအပြင် အမေရိကန်ဒေါ်လာ ၂ သန်းကျော် စစ်ကောင်စီထပ်မံရရှိ
- မနေ့က ညနေပိုင်းမှာ စစ်တပ်က KNUပညာရေးဌာနရဲ့ အလယ်တန်းကျောင်းကို လေကြောင်းတိုက်ခဲ့တာကြောင့် အဆောင်နေကျောင်းသား ၄ ဦးထိခိုက်
- ၂၀၂၈ ခုနှစ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်ဖို့ ရည်ရွယ်တဲ့ မင်းရဲသူ မုတ္တမကမ်းလွန် လုပ်ကွက်သစ်ကို စစ်တပ်နဲ့ ထိုင်းကုမ္ပဏီ GPM တို့ ပူးတွဲလုပ်ဆောင်ဖို့ မနေ့က သဘောတူစာချုပ်လက်မှတ်ထိုးခဲ့
- မြဝတီမြို့နယ်ထဲက ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဘုရင့်နောင်စခန်းကို KNU ပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ပြီး ဒီမနက်သိမ်းယူခဲ့
- ကျောက်ဖြူမြို့နယ်၊ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ နှမ်းဖဲတောင်ကာကင်းစခန်းတိုက်ပွဲမှာ အာရက္ခတပ်တော်ကနေ စနိုက်ဘာနဲ့ပစ်ခတ်တာကြောင့် စစ်တပ်ဗျူဟာမှူးအပါအဝင် ၅ ဦးသေဆုံး
တိုက်ရိုက် ထုတ်လွှင့်ချက်
တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲအကြောင်း သိထားသင့်တဲ့ အချက်တွေ
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၀ဲမှယာ - သမ္မတဖြစ်လာဖို့ ရှေ့ပြေးနေတဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အီဂျေမြောင်နဲ့ လက်ရှိအာဏာရပါတီက ကင်မ်မွန်ဆူး ဇွန်လ ၃ ရက်နေ့ကျရင် တောင်ကိုရီးယားမှာ သမ္မတသစ်ကို မဲပေး ရွေးချယ် တင်မြှောက်ကြတော့မှာ ဖြစ်ပါတယ်။
သမ္မတဟောင်း ယွန်းဆွတ်ယိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက သူအာဏာရှိစဥ် တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် ၆ နာရီ အကြာမှာ ပြန်ရုပ်သိမ်းခဲ့တဲ့ဖြစ်စဥ်ကြောင့် သူ့နေရာကို အစားထိုးဖို့ သမ္မတသစ် ရွေးကြမှာပါ။
အနိုင်ရသူဟာ မစ္စတာယွန်းရဲ့ ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ် ဖြစ်နေတဲ့ တောင်ကိုရီးယားကို ပြန်လည်တည်ဆောက်ရမှာ ဖြစ်ပါတယ်။
တိုင်းပြည်ဟာ နိုင်ငံရေးကမောက်ကမဖြစ်ခဲ့ပြီး လူမှုအသိုက်အဝန်းအတွင်းမှာလည်း နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားမှုတွေ ပေါ်ပေါက်နေပါတယ်။
တစ်ချိန်တည်းမှာ ကာလရှည်ကြာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲက အိမ်နီးချင်း မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှုအပြင် တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှု အနိမ့်ဆုံး အခြေအနေကိုလည်း ကြုံတွေ့နေပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
ကျောက်ဖြူတိုက်ပွဲမှာ ဗျူဟာမှူးအပါအဝင် ၅ ဦးသေဆုံး
ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဓာတ်ပုံ ပုံစာ, ရှေ့တန်းစစ်မျက်နှာက အာရက္ခတပ်တော် အေအေ တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက အမှတ် ၃၂ ရဲတပ်ရင်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နှမ်းဖဲတောင် စခန်းတိုက်ပွဲမှာ အေအေရဲ့ စနိုက်ဘာပစ်ခတ်မှုကြောင့် တပ်မ ၁၁ နည်းဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်မျိုးအောင်အပါအဝင် ၅ ဦးသေဆုံးတယ်လို့ အေအေနဲ့နီးစပ်တဲ့ စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
“၂၆ ရက်နေ့က စနိုက်ဘာထိတာ အရာရှိ ၂ ယောက်၊ အခြားအဆင့် စစ်သည် ၃ ယောက်ပါတယ်” လို့ သူကပြောပါတယ်။
ဒီထဲက တပ်မ ၁၁ နည်းဗျူဟာမှူးအလောင်းကိုတော့ ရန်ကုန်ပြန်သယ်သွားတယ်လို့ ဆိုပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗိုလ်မှူးချုပ်ကျော်မျိုးအောင်ရဲ့ နာရေးဖိတ်စာမှာတော့ မေ ၂၇ ရက်မှာ ကွယ်လွန်တယ်လို့ ဆိုထားပါတယ်။
“ဗျူဟာမှူးက ဗိုလ်မှူးကြီးပဲ။ သေသွားတော့မှ ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်မှူးချုပ်တိုးပေးလိုက်တာမျိုးဖြစ်မယ်”လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
မေလ နောက်ဆုံးပတ်ထဲမှာ ကျောက်ဖြူမြို့နဲ့ ၆ မိုင်အကွာမှာရှိတဲ့ အမှတ် ၃၂ ရဲတပ်ရင်းဘက်ကို အာရက္ခတပ်တော် အေအေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒီတပ်ရင်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နှမ်းဖဲတောင်စခန်းကိုတော့ အေအေကသိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေး အရင်းအမြစ်ကဆိုပါတယ်။
မေ ၃၀ ရက်မှာတော့ အမှတ် ၃၂ ရဲတပ်ရင်းရှိရာ ပြိုင်းစေ့ကေရွာကာကင်းမှာ အေအေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်အေအေက ကျေးရွာအုပ်စုအားလုံး နီးပါးကို သိမ်းထားပြီး မြို့ပေါ်နေရာနဲ့ အဓိကတပ်စခန်း၊ဌာနချုပ်တွေကို သိမ်းဖို့ကျန်နေသေးတာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဘုရင့်နောင်နဲ့ မော်ခီးစခန်းကို KNU ပူးပေါင်းတပ်တွေသိမ်း
ဓာတ်ပုံ ရင်းမြစ်, KNU
ဓာတ်ပုံ ပုံစာ, မေ ၂၈ ရက်က ကနဲလေးစခန်းကို သိမ်းခဲ့တဲ့ KNU ပူးပေါင်းတပ်တွေ ထိုင်း-မြန်မာနယ်စပ်က ဘုရင့်နောင်နဲ့ မော်ခီး စခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး KNU/KNLA နဲ့ ပူးပေါင်းတပ်တွေ ဒီမနက်အစောပိုင်းမှာ သိမ်းလိုက်နိုင်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ဘီဘီစီကိုပြောပါတယ်။
ဘုရင့်နောင်စခန်းဟာ ကရင်ပြည်နယ်၊မြဝတီမြို့နယ်ထဲက အမြင့်ဆုံးတောင်ကုန်းပေါ်မှာ ရှိတာပါ။
“စခန်းကို ဝိုင်းဝန်းပိတ်ဆို့ပြီး သိမ်းတာပါ။ ဒီကုန်းကို ကနဲလေးစခန်း သိမ်းတဲ့ရက်မှာပဲ ဝိုင်းထားလိုက်တာ။ ဖမ်းမိနဲ့ သေဆုံးအရေအတွက်တော့ မသိရသေးဘူး” လို့ သူက ပြောပါတယ်။
ကနဲလေးစခန်းကို မေ ၂၈ ရက်က KNU ပူးပေါင်းတပ်တွေက သိမ်းခဲ့ပြီး ဒီစခန်းက စစ်ကောင်စီတပ်သားတွေ ထိုင်းဘက်ကို ဝင်ပြေးခဲ့ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်က စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို KNU က မတ်လကနေ မေလအတွင်းသိမ်းနိုင်ခဲ့ပါတယ်။
မြဝတီမြို့နယ်ထဲက နယ်စပ်ဝန်းကျင်မှာရှိတဲ့ သေဘော့ဘိုး၊ ဥကရစ်ထနဲ့ ဝေါလေဗျူဟာစခန်းတို့ကို သိမ်းဖို့ကျန်ရှိနေတာ ဖြစ်ပါ တယ်။
အစ္စရေးက ချေမှုန်းလိုက်တယ်လို့ဆိုတဲ့ ဂါဇာခေါင်းဆောင် မိုဟာမက် ဆင်ဝါဆိုတာ ဘယ်သူလဲ
ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ဟားမတ်စ်အဖွဲ့ရဲ့ မြေအောက် ဥမင်လိုဏ်ခေါင်းထဲ ကားမောင်းနေတဲ့ မိုဟာမက် ဆင်ဝါဆိုပြီး အစ္စရေးစစ်တပ်က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ရုပ်သံတစ်ခု ထုတ်ပြန်ခဲ့ပါတယ် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်အဖွဲ့ရဲ့ ဂါဇာက အကြီးအကဲ မိုဟာမက် ဆင်ဝါကို သတ်ခဲ့တယ်လို့ မေလ ၂၈ ရက်မှာပြောပါတယ်။ မိုဟာမက် ဆင်ဝါဟာ သွားလေသူ ဟားမတ်စ်အဖွဲ့ခေါင်းဆောင် ယာယာ ဆင်ဝါရဲ့ညီငယ်ဖြစ်ပါတယ်။
ဟားမတ်စ်ကတော့ ဆင်ဝါရဲ့သေဆုံးမှုကို အတည်ပြုတာ ငြင်းဆိုတာမျိုးမရှိသေးပါဘူး။
မိုဟာမက် ဆင်ဝါ ဘယ်သူလဲ...
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက် ဖတ်ရှုနိုင်ပါပြီ။
ထိုင်းနဲ့ စစ်ကောင်စီပေါင်းပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်တစ်ခု ဖော်ဆောင်
ဓာတ်ပုံ ရင်းမြစ်, GNLM
ဓာတ်ပုံ ပုံစာ, GPM နဲ့ စစ်ကောင်စီစွမ်းအင်ဝန်ကြီးဌာနတို့အကြား ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် (PSC)လက်မှတ်ရေးထိုးပွဲ မင်းရဲသူလို့အမည်ပေးထားတဲ့ မုတ္တမကမ်းလွန်လုပ်ကွက် M-10 ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်သစ်ကို ထိုင်းကုမ္ပဏီ Gulf Petroleum Myanmar နဲ့ မြန်မာ့ရေနံနဲ့ သဘာဝလုပ်ငန်းတို့ ပူးပေါင်းလုပ်ဆောင်မယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။
GPM နဲ့ စစ်ကောင်စီစွမ်းအင်ဝန်ကြီးဌာနတို့အကြား ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သုံးစွဲနိုင်ဖို့အတွက် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် (PSC)ကို မေ ၂၉ ရက်တုန်းက နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
စစ်ကောင်စီလက်ထက်မှာ ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်တဲ့ ကမ်းလွန်စီမံကိန်းလည်း ဖြစ်ပါတယ်။
“ဒီလိုပူးပေါင်းဆောင်ရွက်တာကနေ နိုင်ငံခြားဝင်ငွေ၊အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပြည်တွင်းရေနံ၊သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်” လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဆိုပါတယ်။
လက်ရှိထုတ်လုပ်နေတဲ့ ကမ်းလွန်စီမံကိန်းတွေရဲ့ ထုတ်လုပ်မှုကျဆင်းလာပြီး စီမံကိန်းပြီးဆုံးမယ့်ကာ လ နီးကပ်လာပြီဖြစ်တာတဲ့အတွက် အလားအလာကောင်းတဲ့လုပ်ကွက်တွေကနေ ထုတ်လုပ်နိုင်ဖို့ စီမံနေတာ ဖြစ်ပါတယ်လို့ သူကပြောပါတယ်။
အခုလက်မှတ်ရေးထိုးခဲ့တဲ့ လုပ်ကွက်ကနေ ၂၀၂၈ ခုနှစ်အတွင်း ပထမဆုံး သဘာဝဓာတ်ငွေ့ထုတ်လုပ် နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ GPM ကုမ္ပဏီဟာ ရဲတံခွန်လုပ်ကွက်ကိုလည်း ၂၀၂၂ ခုနှစ် မေလ ကုန်ကစပြီး လုပ်ကိုင်ခွင့်ရရှိထားတယ်လို့ Justice For Myanmar ရဲ့ အဲဒီနှစ် ဇွန် ၂၈ ရက်အစီရင်ခံစာ မှာ ဆိုထားပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ စစ်ကောင်စီဟာ နိုင်ငံခြားဝင်ငွေအများဆုံးရနေတာဖြစ်ပြီး ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်ကာလအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်ရရှိခဲ့ပါတယ်။
မြန်မာ့သဘာဝဓာတ်ငွေ့ကို တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။
လက်ရှိမြန်မာမှာ ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းအပါအဝင် ရေနံနဲ့ သဘာဝဓာတ် ငွေ့စီမံကိန်းကြီး ၆ ခုရှိပြီး မင်းရဲသူစီမံကိန်းက ၇ ခုမြောက် စီမံကိန်းဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ကောင်စီတို့ ကြား သံတမန်ရေး တင်းမာမှုရှိနေပြီလား
ဓာတ်ပုံ ရင်းမြစ်, ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန
ဓာတ်ပုံ ပုံစာ, ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလဆန်းမှာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက သူ့ရဲ့ သံတမန် ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်ခဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ကို မြို့တော် ဒါကာကို ပြန်ခေါ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကို အတည်ပြုပါတယ်။
စစ်ကောင်စီဘက်က ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခတပ်တော်(AA)တို့ရဲ့ ထိတွေ့ ဆက်ဆံမှုတွေကို ကန့်ကွက်ရှုတ်ချခဲ့ပြီးတဲ့နောက်မှာ ဒီဖြစ်စဥ်တွေ ပေါ်ထွက်လာတာပါ။
ဘင်္ဂလားဒေ့ရှ်ရဲ့ လက်ရှိ ကြားကာလအစိုးရအဖွဲ့ အကြံပေး မိုဟာမက် ယူနွတ် ကတော့ ရန်ကုန်မြို့ အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးရဲ့ သံအမတ်ကြီး မက် မိုနိုဝါ ဟူစိန်ဟာ မြန်မာစစ်ကောင်စီဘက်က နှင်ထုတ်လို့ ပြန်ရတာမျိုးမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင်ပြန်ခေါ် ထားတာလို့ တုံ့ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာစစ်ကောင်စီတို့ ကြား သံတမန်ရေးတင်းမာမှုတွေရှိလာပြီလား။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
လေကြောင်းတိုက်ခံရတဲ့ KNU ပညာရေးကျောင်းက ကျောင်းသား ၄ ဦးထိခိုက်
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မေ ၂၉ ရက်ညနေပိုင်း လေကြောင်းပစ်ခတ်ခံရတဲ့ KECD ကျောင်းက ကျောင်းသားတစ်ဦးကို ဆေးကုသမှုပေးနေတဲ့ အခြေအနေ ကရင်ပညာရေးနဲ့ ယဥ်ကျေးမှုဌာန KECD ရဲ့ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကွီးလယ်ဆူရွာက အလယ်တန်းကျောင်းကို မနေ့က ညနေပိုင်းမှာ စစ်ကောင်စီလေကြောင်းတိုက်ခဲ့တာကြောင့် ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KECDတာဝန်ရှိသူ စောသောသီက ဘီဘီစီကို ပြောပါတယ်။
ဇွန်လကျောင်းဖွင့်ရာသီအမီ အဆောင်ပြန်လာနေတဲ့ အလယ်တန်းကျောင်းသားတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ထိခိုက်ဒဏ်ရာရတဲ့ကလေးတွေကို ဆေးကုသပေးနေပါတယ်။ ကလေးတွေအပြင် တခြားထိခိုက်သူ ရှိတယ်ကြားပေမဲ့ အတိအကျမသိရသေးပါဘူး” လို့သူကပြောပါတယ်။
ဒီကျောင်းဟာ KNU ထိုးစစ်ဆင်နေတဲ့ ထိုင်း-မြန်မာနယ်စပ်က စစ်တပ်ရဲ့ သေဘော့ဘိုးစခန်းကနေ ကားနဲ့သွားရင် နာရီဝက်ခရီးသာ ကွာဝေးတာဖြစ်ပါတယ်။
“ကျွန်တော်တို့ဘက်က ပညာရေးအဆောက်အအုံ လုံခြုံရေးဆောင်ရွက်နေပေမဲ့ တစ်ဖက်က မလိုက် နာတဲ့အခါမှာ လုံခြုံရေး အာမခံချက်ပေးဖို့ခက်ခဲလာတယ်” လို့ စောသောသီက ပြောပါတယ်။
မနှစ်က ပညာသင်နှစ်အတွင်းမှာလည်း KECD ပညာရေးကျောင်းဆယ်ကျော် တိုက်ခိုက်ခံရပြီး ကျောင်းသားနဲ့ဆရာဆယ်ကျော် ထိခိုက်တာရှိခဲ့တယ်လို့ သူကပြောပါတယ်။
မြန်မာ့သဘာဝဘေး ဆုံးရှုံးမှု နှစ်နှစ်အတွင်း ကျပ် ၄၆၀၀ ဘီလျံကျော်အထိရှိ
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ရာသီဥတုဘေးနဲ့ ငလျင်ဘေးတွေကြောင့် ငွေကျပ် ၄၆၀၀ ဘီလျံကျော်အထိ ဆုံးရှုံးခဲ့ပါတယ်။
မိုခါမုန်တိုင်းကြောင့် ၅၃၄ ဘီလျံကျော်၊ ရာဂီမုန်တိုင်းကြောင့် ၄၆၆ ဘီလျံကျော် နဲ့ ငလျင်ကြီးကြောင့် ၃၆၂၉ ဘီလျံကျော်အထိ ဆုံးရှုံးခဲ့ရတာပါ။
မနှစ်က ဘဏ္ဍာနှစ်မှာ တစ်နိုင်ငံလုံးရဲ့ အခွန်အကောက်ခံရရှိငွေတောင် ဘီလျံ ကိုးထောင်ကျော်ပဲ ရခဲ့တဲ့အတွက် သဘာဝဘေးကြောင့်ဆုံးရှုံးရတဲ့ငွေက မနည်းလှတဲ့ ပမာဏဖြစ်ပါတယ်။
စစ်အသုံးစရိတ်ကို စံချိန်တင်သုံးစွဲနေတဲ့တိုင်းပြည်မှာ သဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်မှုအပိုင်းမှာရော ပြန်လည်ထူထောင်ရေးမှာပါ အားရစရာမရှိလှပါဘူး။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
ငလျင်အလှူငွေ ကျပ်ဘီလျံ တစ်ရာကျော် နဲ့ အမေရိကန်ဒေါ်လာ နှစ်သန်းကျော် ထပ်ရ
ဓာတ်ပုံ ရင်းမြစ်, CINCDS
ဓာတ်ပုံ ပုံစာ, ငလျင်ဒဏ်သင့်ပြီး သေဆုံးသွားသူတွေအတွက် တစ်မိနစ်ငြိမ်သက်နေကြတဲ့ မေ ၂၉ ရက်က အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်လာသူတွေ အင်အားပြင်းငလျင်ဒဏ်သင့် ပြည်သူတွေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပ အလှူရှင် တွေက စစ်ကောင်စီကို အလှူငွေကျပ်ငွေ ၁၃၁ ဒသမ ၅၃ ဘီလျံကျော်နဲ့ အမေရိကန်ဒေါ်လာ ၂,၃၁၄,၉၀၀ ထပ်မံလှူဒါန်းခဲ့ပါတယ်။
ဒီထဲမှာ ငလျင်သင့်ပြည်သူတွေအတွက် အိမ်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက်တွေ တည်ဆောက် ဖို့လည်း ပါတယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။
ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရာမှာ လက်ရှိကြုံတွေ့ခဲ့ရတာအပြင် နောင်ဖြစ်လာနိုင်ခြေရှိတဲ့ဘေးတွေအတွက် ကြိုတင်စဉ်းစားပြီး သတ်မှတ်စံချိန်စံညွှန်းနဲ့အညီဆောင်ရွက်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
“မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံခဲ့မယ်ဆိုရင် သဘာဝဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ သုံးရတဲ့ ကုန်ကျစရိတ်ထက် ခုနှစ်ဆလောက် လျော့နည်းသက်သာမှာဖြစ်ပါတယ်” လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။
တိုက်တစ်လုံးကို အလှူငွေ သိန်း ၂၀၀၀၀ နှုန်းနဲ့ ၅၁ လုံးစာ စစ်ကောင်စီလက်ခံရရှိထားတာကို ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အလှူငွေလက်ခံပွဲအခမ်းအနားဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၁ ရက်တုန်းကလည်း စစ်ကောင်စီဟာ အလှူပစ္စည်းအပါအဝင် အလှူငွေကျပ် ဘီလျံ ၁၂၅ ဒသမ ၂၇ ဘီလျံ ရရှိခဲ့တာပါ။
အလှူရှင်တွေထဲမှာ စစ်ကောင်စီဝန်ကြီးဌာနတွေ၊ စစ်တပ်မိသားစုတွေနဲ့ အလှူရှင်တွေအပြင် လာအို နဲ့ သီရီလင်္ကာနိုင်ငံက သံအမတ်တွေလည်း ပါဝင်ပါတယ်။
မင်္ဂလာပါ။ မေ ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။