တောင်ငူ ရေဘေးမှာ ကယ်ဆယ်ရေးသမားတွေ ဘာကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ

တောင်ငူရေကြီးမှုမှာ စက်တင်ဘာလ ၁၃ ရက်နေ့တုန်းက ကူညီ ကယ်ဆယ်ရေးလုပ်နေသူတွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တောင်ငူရေကြီးမှုမှာ စက်တင်ဘာလ ၁၃ ရက်နေ့တုန်းက ကူညီ ကယ်ဆယ်ရေးလုပ်နေသူတွေ

အခုကြုံတွေ့နေရတဲ့ ရေဘေးနဲ့ မြေပြိုတာတွေကြောင့် ရေကြီးနစ်မြုပ်လို့၊ မြေပိလို့ သေဆုံးသူတွေထဲမှာ သဘာဝဘေးအန္တရာယ်ကြားရောက်နေတဲ့လူတွေရဲ့အသက်တွေကို ကယ်တင်ဖို့ကြိုးစားရင်း ကိုယ်တိုင်အသက်ပေးလိုက်ရတဲ့ စေတနာ့ဝန်ထမ်း ပရဟိတသမားတွေလည်းရှိလာပါတယ်။

စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ရေကြီးတဲ့အထဲမှာပါနေတဲ့ တောင်ငူမြို့မှာဆိုရင် ရေဘေးကယ်ဆယ်ရင်း ထွန်စက်ပေါ်ကနေ ပြုတ်ကျသေဆုံးတာ၊ ယာဥ်တိုက်မှုဖြစ်တာနဲ့ ရေစီးထဲမျောပါသေဆုံးသွားတာတွေကြောင့် သီတင်းတစ်ပတ်အတွင်း သေဆုံးတဲ့ ပရဟိတဝန်ထမ်း သုံးယောက်အထိ ရှိလာပါတယ်။

သေဆုံးခဲ့သူတွေထဲက တစ်ယောက်ဟာ ခရစ်ယာန်အသင်းတော်တစ်ခုက အသက် ၂၆ နှစ်အရွယ် ပရဟိတစေတနာ့ ဝန်ထမ်းလူငယ်ဖြစ်ပါတယ်။

ရေ စတက်တဲ့ရက်တွေမှာတော့ ကူညီကယ်ဆယ်ရေးလုပ်သူတွေမှာ သက်ကယ်အင်္ကျီတွေ လုံလုံလောက်လောက် မရှိကြပါဘူး။

“အသက်ကယ် အင်္ကျီမလုံလောက်တော့ ကလေးတစ်ယောက်ကို ပေးဝတ်ပြီး ကားပေါ်တက်လိုက်တဲ့အချိန် ရေစီးက ရိုက်တော့ ပြုတ်ကျပြီး ရေစီးနဲ့ပါသွားတာ၊ ဓာတ်တိုင်ပလက်ဖောင်းနဲ့ တိုက်မိပြီး မေးပြုတ်သွားတယ်” လို့ တောင်ငူအရေးပေါ်ကယ်ဆယ်ရေး ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

စက်တင်ဘာလ ၁၅ ရက်၊ မနက်ခင်း ၁၀ နာရီခန့်မှာ ရေနဲ့မျောပါသွားတဲ့အဲဒီလူငယ်ရဲ့ ရုပ်အလောင်းကို အိမ်တွေကြားကနေ ပြန်ယူနိုင်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

ရေစီးကြမ်းပြီး အပင်တွေနဲ့ငြိနေလို့ ခက်ခက်ခဲခဲ ကူညီနေကြရ

ဓာတ်ပုံ ရင်းမြစ်, သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း

ဓာတ်ပုံ ပုံစာ, ရေစီးကြမ်းပြီး အပင်တွေနဲ့ငြိနေလို့ ခက်ခက်ခဲခဲ ကူညီနေကြရ

“သူကစိတ်ရင်းကောင်းတယ်၊ သူများကို ကူညီရတာကို ပျော်တယ်။ ရေဘေးစဖြစ်ကတည်းက ဘုရားကျောင်းဝန်းထဲမှာအိပ်ပြီး တောက်လျှောက် တနေကုန် လိုက်ကူညီတယ်။ အိမ်မပြန်တာမဟုတ်ဘူး၊ သူ့အိမ်ပါ ရေမြုပ်တဲ့အထဲပါတော့ သူ့မိသားစုကို ကယ်ထုတ်ပြီး သူက ရေဘေးမှာ ကူညီပေးနေတာပေါ့” လို့ သေဆုံးသွားတဲ့ ပရဟိတလူငယ်အကြောင်းကို အသင်းတော်ဘုန်းတော်ကြီးက မိန့်ပါတယ်။

ရေဘေးကူညီရင်း ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ နောက်တစ်ဦးကိုလည်း သင်္ဂြိုဟ်ပေးခဲ့ပြီးပြီဖြစ်ပေမဲ့ ခါးမှာကြိုးချည်ပြီး ကလေးတွေကို ကယ်ဆယ်ဖို့ အရှိန်နဲ့စီးနေတဲ့ရေထဲကို ဖြတ်ကူးခဲ့သူ တစ်ယောက်ကတော့ အခုထိပျောက်ဆုံးနေတုန်းပဲလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စက်လှေမှောက်ပြီး သေကံမရောက်ခဲ့တဲ့ တောင်ငူရောက် ရန်ကုန်ပရဟိတအဖွဲ့

စက်လှေမြုပ်လို့ အကူအညီစောင့်နေရတဲ့ လူမှုကူညီရေးအဖွဲ့

ဓာတ်ပုံ ရင်းမြစ်, သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း

ဓာတ်ပုံ ပုံစာ, စက်လှေမြုပ်လို့ အကူအညီစောင့်နေရတဲ့ လူမှုကူညီရေးအဖွဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရေကြီးနစ်မြုပ်တဲ့နေရာတွေကို ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့သွားကြတဲ့အထဲမှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က သွေးဒါနမျိုးဆက် ပရဟိတအသင်းလည်း ပါပါတယ်။

အဲဒီအသင်းဟာ ရွာသစ်ကြီးကျေးရွာက ရေဘေးသင့်သူတွေကို သွားခေါ်ရင်း စက်တင်ဘာ ၁၄ ရက်မှာ စက်လှေမှောက်သွားပါတယ်။

“လမ်းတွေရှိတယ်၊ မြောင်းတွေရှိတယ်၊ လယ်ကွင်းကနေ ရေစီးတဲ့အခါမှာ နိမ့်လျှောပုံစံဖြစ်တော့ ပန်ကာထိမှာစိုးတော့ ကျော်လိုက်တာ၊ ဆန်ပြီးတက်ရတာကို ရေစီးနဲ့မနိုင်ဘဲ မှောက်သွားတယ်။ ခြံစည်းရိုးတွေမှာ ကုတ်ဖက်နေကြရပြီး နောက်ကအဖွဲ့တွေကို ပြန်လာခေါ်ခိုင်းရတယ်။ ကိုယ့်လူတွေကို ပြန်ကယ်ခိုင်းရသလိုဖြစ်သွားတာ” လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း တာဝန်ခံ ကိုသက်ပိုင်ဟိန်းက ဘီဘီစီကို ပြောပါတယ်။

စက်လှေပေါ်မှာ ပါလာတဲ့ အသင်းဝင်ငါးယောက်နဲ့ နယ်ခံ နှစ်ယောက်တို့ဟာ ဝါးခြံစည်းရိုးကို တွယ်ကပ်နေကြရသလို တချို့ကလည်း သစ်ပင်ပေါ် တက်နေကြရပါတယ်။

သူတို့ကို လာကူညီဖို့အချိန် ၄၅ မိနစ်လောက်ကို ရေစီးထဲမျောမပါသွားအောင် စောင့်ခဲ့ကြရတာပါ။

“ခြံစည်းရိုးကလည်း နောက်ထပ်နာရီဝက်လောက်ဆို ကျိုးတော့မှာ၊ ကျွန်တော်က အပင်ပေါ်မှာဆိုတော့ တော်သေးတယ်။ အဖွဲ့သားတွေက ရေစီးနဲ့မပါအောင် ကုတ်နေရတာ၊ အဖွဲ့သားတွေအောက်မှာ လှေကိုနင်းထားတာကိုပဲ နစ်နေလို့ အပေါ်ကို လှမ်းဆွဲထားရတယ်။ လှေသာမရှိရင် နစ်ပြီ။ အောက်ရေက လုံးဝကို လှိုက်စီးနေတာ၊ ခြံစည်းရိုးပေါ်မှာ မြွေလည်းရှိတယ်၊ အုန်းလက်ပေါ်မှာလည်း ကင်းမြီးကောက်ကြီး” လို့ ကိုသက်ပိုင်ဟိန်းက ပြောပါတယ်။

ဒါ့အပြင် တောင်ငူမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေထဲက ရေဘေးပိတ်မိသူတွေကို ကယ်တင်ပေးနေတဲ့ Save The Trees အဖွဲ့က တာဝန်ရှိသူကလည်း ရေစီးကြမ်းတမ်းတဲ့အပြင် တချို့နေရာတွေမှာ ဝဲကတော့တွေ ရှိနေတာကြောင့် စက်လှေနဲ့ကူညီလို့ မရနိုင်ဘဲ လေကြောင်းကနေသာ ကူညီပေးလို့ရနိုင်တဲ့အခြေအနေတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

“ဝဲကတော့တွေက အိမ်နှစ်လုံးစာလောက်ရှိတယ်၊ ဝဲထဲကျရင်တော့ သေမှာ၊ ကယ်ရမယ့်နေရာတောင်ရောက်မှာမဟုတ်ဘူး။ အဲဒီနားက ဖြတ်ဖို့ဆိုတာကလည်း စက်လှေသမ္ဗာန်အကြီးတွေနဲ့မှရမှာ”လို့ သူက ပြောပါတယ်။

တောင်ငူမြို့ရဲ့ အဆိုးရွားဆုံး ရေဘေးအတွေ့အကြုံ

စက်လှေဝင်ဖို့ခက်တဲ့နေရာကို ဖောင်နဲ့ဝင်ကူ

ဓာတ်ပုံ ရင်းမြစ်, Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့

ဓာတ်ပုံ ပုံစာ, စက်လှေဝင်ဖို့ခက်တဲ့နေရာကို ဖောင်နဲ့ဝင်ကူ

“ကျွန်တော့် သက်တမ်းတစ်လျှောက်မှာ အဆိုးဝါးဆုံးနဲ့ အကြမ်းတမ်းဆုံး ရေကြီးတာပေါ့”လို့ တောင်ငူမြို့နယ်ဒေသခံလည်းဖြစ်တဲ့ အသက် ၅၀ ကျော်အရွယ် ခရစ်ယာန် အသင်းတော်၊ ဘုန်းတော်ကြီးက မိန့်ပါတယ်။

စစ်တောင်းမြစ်ဟာ မိုးကြီးတာကြောင့် နေပြည်တော်ကောင်စီနယ်ထဲမှာ ရွာတွေနစ်မြုပ်တဲ့အထိ ရုတ်တရက် ရေကြီးရေလျှံတာတွေဖြစ်ပြီး အဲဒီရေတွေဟာ နေပြည်တော်အောက်ပိုင်းမှာရှိတဲ့ ပဲခူးတိုင်းဘက်ကို စီးဆင်းလာခဲ့ပါတယ်။

ဒါ့အပြင် တောင်ငူမြို့နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ပသီ၊ ငလိုက်၊ ခပေါင်းစတာတွေ အပါအဝင် ဆည်တွေကနေ ရေလွှတ်တာတွေကြောင့်လည်း တောင်ငူခရိုင်ထဲမှာ ရေကြီးနစ်မြုပ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။

“ဆည်တွေနားမှာရှိတဲ့ သစ်တောတွေလည်း မရှိတော့ဘူးပေါ့လေ။ သစ်တောတွေမှာလည်း သစ်ပင်တွေမရှိတော့ ရေတွေတိုက်စားပြီး နှုန်းတွေက မြစ်တွေချောင်းတွေမှာ အနည်ထိုင်လာတယ်။ ဆည်တွေ မြစ်တွေ ကောလာတယ်ပေါ့။ မိုးနည်းနည်းရွာတာနဲ့ ရေကြီးရေလျှံတာကနေ၊ မုန်တိုင်းလည်းဖြစ်ရော မီးလောင်ရာလေပင့်ဆိုသလို ဖြစ်ကုန်ရော”လို့ တောင်ငူမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

ရေကြီးနစ်မြုပ်နိုင်တာကို အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက အဆင့်ဆင့်သတိပေးတာရှိသလို လူမှုအဖွဲ့အစည်းတွေက အနိမ့်ပိုင်းမှာရှိတဲ့ ရွာတွေအထိ ရေဘေးကြိုတင်ရှောင်ဖို့ ဆော်ဩခဲ့ကြပေမဲ့ မတိမ်းရှောင်ခဲ့ကြသူတွေများခဲ့ပါတယ်။

“အစောကတည်းက သွားကယ်ကြတာ။ ဒါမျိုးမဖြစ်ဖူးတော့ မယုံလို့ မလိုက်ကြဘူး။ တကယ်ဖြစ်လာတော့ ကယ်ပါဆိုတော့ ကျွန်တော်တို့က မသွားနိုင်တော့ဘူးဖြစ်သွားတယ်”လို့ Save The Trees အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တောင်ငူမြို့နယ်ထဲက စက်တင်ဘာ ၁၃ ရက် ညနေပိုင်းကနေ ရေဝင်ရောက်လာပြီး စက်တင်ဘာ ၁၄ ရက်မ နက် ၄ နာရီဝန်းကျင်လောက်မှာ ထိန်းမရနိုင်အောင် ရေတွေဝင်ရောက်လာခဲ့ကြပါတယ်။

အဲဒီအသင်းတော်က စေတနာ့ဝန်ထမ်းတွေ၊ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် ဘာသာဝင်တွေ စုပေါင်းပြီး ရေမြင့်တက်လို့ ပိတ်မိနေသူတွေကို ကူညီကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ကြတာပါ။

ခက်တာက ဒေသတွင်း ပရဟိတအဖွဲ့အစည်းအများစုမှာ စက်လှေတွေနဲ့ မရှိကြသလို သက်ကယ်အင်္ကျီတွေလည်း နည်းကြပါတယ်။ မနက်ပိုင်း မိုးလင်းချိန်မှ ဝါးဖောင်တွေဖွဲ့ပြီး လိုက်ကူညီကြရပါတယ်။

“အရင်ကတည်းက မြေနိမ့်ပိုင်းမှာ ရှိနေတဲ့သူတွေကို အရင်ဆုံး ကယ်ထုတ်ကြရတာပေါ့။ ရွာလမ်းထိပ် ထိတောင် သူတို့ ထွက်လာဖို့ ခက်ကြတယ်။ လမ်းပေါ် ရောက်ကြဖို့ ခက်ခဲကုန်တယ်။ ရွာထဲဝင်ရင် ရေအခံနဲ့ ဘယ်လိုမှ တွန်းလို့မရဘူး။ ဖောင်က ပေါင်လောက်၊ ခါးလောက်ပဲ သုံးမှ အဆင်ပြေတယ်၊ ဒါတောင် ရေစီးအားနည်းမှလေ။ အခုက မြစ်ထဲမှာ သွားနေရသလို ရေစီးတအားသန်တယ်။ လမ်းပေါ်မှာ ဖောင်က ကန့်လန့်ဖြတ်ပြီး ဖောင်တွေပါ လဲကုန်တာပဲ” လို့ ဖောင်နဲ့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အတွေ့အကြုံကို ဘုန်းတော်ကြီးက မိန့်ပါတယ်။

ဖောင်ပေါ်မှာလည်း လူသုံးယောက်လောက်ကိုသာ တင်နိုင်တဲ့အတွက် ကယ်တင်ပေးဖို့ အကူညီတောင်းနေသူတွေကို မြင်နေရက်နဲ့ မကူညီနိုင်လို့ ထားခဲ့ကြရတာတွေလည်း ရှိပါတယ်။

“မချန်ထားချင်ပေမဲ့ ချန်ခဲ့ရပြီး ပြန်ခေါ်မယ်ဆိုတော့ ရေက တအားတက်လာလို့ သွားမရတော့တာတွေလည်း ရှိတယ်”လို့ ဘုန်းတော်ကြီးက မိန့်ပါတယ်။

စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာတော့ ဖောင်ကို သုံးလို့မရအောင် ရေစီးက အရမ်းသန်ခဲ့တာကြောင့် ရန်ကုန်- သံတောင်ကားလမ်းမပေါ်ကို ထွန်စက်မောင်းပြီး လမ်းပေါ်အထိ ရောက်အောင်တက်လာတဲ့ ရေဘေးသင့်ပြည်သူတွေကို ထွန်စက်ပေါ် တင်ပြီး ကယ်ကြရတာပါ။

ရေနဲ့အလှမ်းဝေးတာကြောင့် ရေမကူးတတ်သူတွေများသလို ၊ သက်ကယ်အင်္ကျီမလုံလောက်တဲ့ ကြားကနေပဲ ကူညီကြရပါတယ်။

အဲလိုကယ်တင်ရင်းပဲ အသင်းတော်က စေတနာ့ဝန်ထမ်းလူငယ်တစ်ယောက် သေဆုံးခဲ့ရတာပါ။

ရေဘေးသင့်သူတွေ ရေလွတ်တဲ့နေရာကို ချက်ချင်းမရောက်လာနဲ့ အကြောင်းတစ်ရပ်လည်း ရှိနေပါသေးတယ်။

အဲဒါကတော့ စစ်တောင်းမြစ်ကြောင်းထဲမှာ အရင်က သွားလာကြတဲ့ စက်လှေတွေ ရှိခဲ့ပေမဲ့လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ထဲမှာ စစ်တောင်းမြစ်ထဲကို စက်လှေနဲ့လှေတွေ ဖြတ်သန်းမောင်းနှင်ခွင့်ကို တောင်ငူမြို့နယ်ထဲမှာ ပိတ်ပင်ခံထားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“စစ်တောင်းမြစ်ထဲ စက်လှေမောင်းတာ တွေ့ရင်ဖမ်းတယ်ဆိုတော့ မောင်းမရတော့တဲ့အတူတူ ရောင်းလိုက်ရတယ်လေ။ အခုရေဘေးနဲ့ကြုံလာတော့ ပွဲသိမ်းပေါ့။ သူတို့မှာသာ စက်လှေရှိရင် ကျွန်တော်တို့လာကယ်တာကို စောင့်စရာမလိုတော့ဘူး ”လို့ တောင်ငူမြို့ခံ ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အကန့်အသတ်နဲ့သာ သွားခွင့်ရတဲ့ ကယ်ဆယ်ရေး

ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်နေကြတဲ့ ပရဟိတအဖွဲ့တွေ

ဓာတ်ပုံ ရင်းမြစ်, Save The Trees

ဓာတ်ပုံ ပုံစာ, ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်နေကြတဲ့ ပရဟိတအဖွဲ့တွေ

တောင်ငူခရိုင်ထဲမှာ တောင်ငူမြို့နယ်သာမက အုတ်တွင်း၊ ရေတာရှည်၊ ဖြူး စတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေကိုသာ သွားခွင့်ရပေမဲ့ ထန်းတပင်မြို့နယ်ထဲကိုတော့ သွားခွင့်ကန့်သတ်ခံရတာတွေရှိတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တချို့ဆီကနေ သိရပါတယ်။

“ထန်းတပင်တို့ မုန်းတို့ဘက်မှာလည်း ရေကြီးနေတယ်လေ၊ အဲဘက်က PDF တွေ ရှိတဲ့ဒေသဖြစ်တော့ ကူညီကယ်ဆယ်ရေးတွေ မလုပ်စေချင်တာဖြစ်မှာပေါ့။ လမ်းကလည်း ပေးမဖြတ်ဘူး၊ စက်လှေနဲ့သွားမယ်ဆိုရင်လည်း ပစ်သတ်မယ်ဆိုတာမျိုး ပြောတာပေါ့”လို့ လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

ဘီဘီစီက တခြားလူမှုကူညီရေးအဖွဲ့တချို့ကို မေးမြန်းတဲ့အခါမှာလည်း အဲဒီလိုနေရာကန့်သတ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ရတာတွေ ကြုံတွေ့ရတယ်လို့လည်း ထပ်ပြီး အတည်ပြုကြပါတယ်။

“သက်ဆိုင်ရာအဖွဲ့တွေနဲ့ စကားတွေ အများကြီး မပြောချင်ဘူး။ မရှိအောင်ပဲ နေတယ်၊ သူတို့နဲ့လည်း စကားမများချင်ဘူး။ ကူညီတာတွေ ပျက်သွားမှာစိုးလို့၊ မသွားနဲ့ဆို မသွားဘူး။ အကူအညီသွားပေးတဲ့နေရာတွေမှာ သူတို့ ကန့်သတ်တာတွေရှိတယ်”လို့လည်း နောက်ထပ်အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ငါးရက်ကြာပြီဖြစ်တဲ့ ရှာဖွေကယ်ဆယ်ရေး

ရေနစ်မြုပ်နေတဲ့ တောင်ငူမြို့နယ်

ဓာတ်ပုံ ရင်းမြစ်, Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့

ဓာတ်ပုံ ပုံစာ, ရေနစ်မြုပ်နေတဲ့ တောင်ငူမြို့နယ်

တောင်ငူမြို့နယ်မှာ ရေကြီးတာဆိုရင် စက်တင်ဘာ ၁၃ ရက်နေ စက်တင်ဘာ ၁၇ ရက်အထိ ကူညီကယ်ဆယ်ရေးတွေ မရောက်လာကြသေးလို့ အကူအညီတောင်းနေကြသူတွေ ရှိနေပါသေးတယ်။

စက်လှေနဲ့ သက်ကယ်အင်္ကျီအပါအဝင် ရေဘေးကယ်ဆယ်ရေးပစ္စည်းတွေ မပြည့်စုံတာတွေကြောင့် ရေစီးကြမ်းတဲ့ တချို့နေရာတွေကို မရောက်နိုင်ကြသေးတာလို့လည်း ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

“ဒီရေဘေးမှာ ကယ်တဲ့သူတွေရော၊ ကျန်ခဲ့တဲ့သူတွေရော အကုန် လုံး ၈၀ ရာခိုင်နှုန်း အသက် အန္တရာယ်ရှိတဲ့အနေထားပေါ့”လို့ ဘုန်းတော်ကြီးက မိန့်ပါတယ်။

ရေစီးနဲ့မျောပါသေဆုံးတာကြောင့် သေဆုံး၊ ပျောက်ဆုံးတဲ့သူ ဆယ်ချီရှိနိုင်တယ်လို့လည်း ကူညီပေးရေးလုပ်နေသူတွေက ပြောကြပါတယ်။

“ကျွန်တော်တို့အဖွဲ့ကတော့ အလောင်းတစ်လောင်းကို သယ်ခဲ့ရတယ်”လို့ ကိုသက်ပိုင်ဟိန်းက ပြောပါတယ်။

အသက်ရှင်ကျန်နေသူတွေကို ဦးစားပေးကယ်တင်နေတဲ့ Save The Trees အဖွဲ့တာဝန်ရှိသူကတော့ “ရေစီးနဲ့ပါလာတဲ့ အလောင်းတွေတွေ့တယ်။ လိုက်မဆယ်နိုင်ဘူးလေ ကျွန်တော်တို့ တာဝန်က လူကယ်ဖို့ဆိုတော့ လူကိုပဲ ဦးစားပေးကယ်လိုက်ကြရတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ပိတ်မိနေကြသူတွေဟာ အစားအစာ မစားကြရတာတွေလည်း ရက်ပိုင်းလောက်ရှိနေကြပါပြီ။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန စက်တင်ဘာ ၁၅ ရက်ထုတ်ပြန်ချက်မှာတော့ တောင်ငူမြို့နယ်ထဲမှာ ရေဘေးရှောင်စခန်း (၅၁) ခု၊ ရေတာရှည်မြို့နယ်မှာ (၁၈) ခု၊ ထန်းထပင်မြို့နယ်မှာ (၈) ခု၊ အုတ်တွင်းမြို့နယ်မှာ (၁၀)ခု ၊ တောင်ငူခရိုင်အတွင်း ရေဘေးရှောင်စခန်းပေါင်း (၈၇) ခုရှိပြီး ရေဘေးသင့်ပြည်သူ (၇၇၀၀၀) ယောက်ရှိတယ်လို့ သိရပါတယ်။

တောင်ငူခရိုင်အတွင်း သေဆုံးသူဦးရေကိုတော့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။

နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၂၆ ယောက်ရှိပြီး ၇၇ ယောက် ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအပါအဝင် မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီးခဲ့ ပြီး လူနေအိမ် ၂,၁၁၆ လုံး ပျက်စီးခဲ့သလို ရေနှစ်မြုပ်တဲ့အိမ်ခြေ ၁ သိန်းခွဲကျော်ရှိတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

လက်ရှိမှာတော့ တောင်ငူမှာ စစ်တောင်း မြစ်ရေဟာ အလျင်အမြန်မဟုတ်ဘဲ တရက်ကို ၁ ပေနှုန်းနဲ့ပဲ တအိအိ ပြန်လည် ကျဆင်းနေပါတယ်။ အထက်က ဆင်းလာတဲ့ ရေပြင်ထုကြောင့် မြစ်ရေကျနှုန်းနှေးနေတာလို့ မိုးလေဝသ စောင့်ကြည့်သူတွေက ပြောပါတယ်။

ဒီရေပြင်ထု အောက်ဖက်ကို ဆက်ပြီး စီးဆင်းတဲ့အခါ ထန်းတပင်နဲ့ ဖြူးမြို့နယ်တို့မှာ သတိထား စောင့်ကြည့်ရမယ့် အကာအကွယ် အစီအမံတွေ လုပ်ဖို့ လိုအပ်မယ်လို့လည်း တိုက်တွန်းပါတယ်။

ဒါပေမဲ့ တောင်ငူမှာတော့ မိုး ပြန်ညို့လာနေပါတယ်။ ဒေသခံတွေကြားမှာလည်း မိုးသည်းပြီး မြစ်ရေတန့်ကာ ရေကြီးမှု ဆက်ရှိနေမှာကို စိုးရိမ်နေကြပါတယ်။