တရားမဝင် အီး-စီးကရက်တွေထဲမှာ ခဲနဲ့ နီကယ်ဓာတ်တွေ အများကြီးပါနေတာ တွေ့ရ

ဟူ့ခ်ပိုင်းနဲ့ လူစီဝပ်ကင်ဆင်၊ဘီဘီစီ သတင်း

ယူကေက ကျောင်းသူကျောင်းသားတွေဆီက သိမ်းဆည်းရမိတဲ့ Vape လို့ခေါ်တဲ့ အီး-စီးကရက်တွေ ထဲမှာ နီကယ်နဲ့ ခရိုမီယမ်ဓာတ် ပမာဏအများကြီးပါဝင်နေတယ်ဆိုတာ ဘီဘီစီက တွေ့ရှိခဲ့ ပါတယ်။

အင်္ဂလန် နိုင်ငံ ကစ်ဒါမင်စတာ မြို့ ဘာ့ဇ်တာကောလိပ်ကနေ သိမ်းဆည်းရမိတဲ့ အသုံးပြုပြီးသား အီး-စီးကရက်တွေကို ဓာတ်ခွဲခန်းတစ်ခုပို့ပြီး စမ်းသပ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ခွဲခန်းကထွက်လာတဲ့ ရလဒ်တွေအရ ကျောင်းသားလေးတွေ နေ့စဥ်ရှူနေတဲ့ အီး-စီးကရက်တွေထဲမှာ အန္တရာယ်ကင်းတဲ့အဆင့် သတ်မှတ်ချက်ထက် ခဲဓာတ်ပမာဏ နှစ်ဆ၊ အန္တရာယ်ကင်း သတ်မှတ် ချက်ထက် နီကယ်ဓာတ်ပမာဏ ကိုးဆအထိ ပါဝင်နေတာ တွေ့ရပါတယ်။ .

တချို့ထဲမှာဆိုရင်လည်း စီးကရက်မီးခိုးငွေ့တွေထဲမှာလို အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာတွေ့ရပါတယ်။ ခဲဓာတ်ပါဝင်မှုပမာဏာ မြင့်မားတာဟာ ကလေးတွေရဲ့ ဗဟိုအာရုံ ကြောစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန် ထားပါတယ်။

အီး-စီးကရက်ကို အလယ်တန်းကျောင်းက ကျောင်းသားလေးတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နေကြတယ်လို့ ယူဆရပြီး ကျောင်းချိန်မှာ သူတို့ အသုံးပြုနေတာတွေ ရပ်ပစ်ဖို့ ကြိုးပမ်း နေကြတဲ့အထဲ ဘာ့ဇ်တာကောလိပ် တစ်ခုတည်း မကပါဘူး။

သတ်မှတ် စည်းမျဉ်းစည်းကမ်း စံနှုန်းကိုက်ညီမှုရှိမရှိ အသေအချာသိနိုင်ဖို့ ဗိပ်ထုတ်လုပ်တဲ့ သူ တွေနဲ့ အလုပ်တွဲလုပ်နေတဲ့ လီဗာပူးမြို့ က Inter Scientific ဓာတ်ခွဲခန်းနဲ့တွေ့ဆုံပြီး အီး-စီးကရက် ၁၈ မျိုးကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ပါတယ်။

အဲ့ဒီ အီး-စီးကရက်အများစုက တရားမဝင်ဖြစ်ပြီး ယူကေမှာ မရောင်းချခင် စမ်းသပ်စစ်ဆေးမှုတွေ မလုပ်ထားပါဘူး။

ဓာတ်ခွဲခန်း ပူးတွဲတည်ထောင်သူ ဒေးဗစ်လောဆင်က “စမ်းသပ်မှုတွေလုပ်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ဗိပ် - အီး-စီးကရက်တွေထဲ ခဲဓာတ်ပါတာ တစ်ခါမှမတွေ့ခဲ့ရဘူး”လို့ ပြောပါတယ်။

“တရားဝင်ခွင့်ပြုချက်မရထားတဲ့ ဗိပ်တွေ စျေးကွက်ထဲမှာ တစ်ခုမှ မရှိသင့်ဘူး။ အခုဟာက ခွင့်ပြု သတ်မှတ်ထားတဲ့ သတ္တုဓာတ်ပါဝင်မှု ကျော်လွန်နေကြတာ။တွေ့ဖူးသမျှထဲမှာတော့ အဆိုးဆုံးပဲ။"

ဗိပ်တွေကို highlighter pen တွေနဲ့ တူအောင် တောက်ပတဲ့ ဒီဇိုင်းတွေလုပ်ထားပြီး ကြော်ငြာနေတဲ့ highlightvape.comထဲမှာ ဗိပ်တွေထဲက သတ္တုပါဝင်မှုပမာဏကို ဖော်ပြထားပါတယ်။

ခဲ၊ နီကယ်နဲ့ ခရိုမီယမ်တွေဟာ သတ်မှတ်ထားတဲ့ ဘေးကင်းအဆင့်ထက် နှစ်ဆ၊ ကိုးဆနဲ့ ခြောက်ဆကျော် အသီးသီး ပါဝင်နေတာကို တွေ့ရပါတယ်။

အဲဒီသတ္တုပါဝင်မှုတွေက အပူပေးတဲ့ဆီက လာတာလို့ ယူဆထားကြပေမဲ့ စမ်းသပ်မှုတွေအရ e-liquid အရည်ထဲမှာကို ပါဝင်နေတယ်ဆိုတာ တွေ့ရပါတယ်။

ဗိပ်ထဲထည့် ရှုရတဲ့ အရည်ကို အပူပေးလိုက်တော့ ဖော်မယ်လ်ဒီဟိုက်နှင့် အက်စီတာဒီဟိုက်တို့လို ဓာတုပစ္စည်းတွေအဖြစ်ပြောင်းလဲသွားပြီး စီးကရက်မီးခိုးတွေ ထွက်လာသလို ကာဗွန်နိုင်းလ်လို့ ခေါ်တဲ့ ဓာတုဓာတ်ပေါင်းတွေ ဖြစ်လာပြီး တရားဝင် ဗိပ်တွေမှာရှိတဲ့ ပမာဏထက် ၁၀ဆ ပိုတာ တွေ့ရ ပါတယ်။ တချို့ဆိုရင် စီးကရက်မှာပါဝင်တဲ့ ပမာဏာထက်တောင် ပိုများနေပါတယ်။

ဗိပ်ထုတ်လုပ်သူတွေအနေနဲ့ ပါဝင်ပစ္စည်းတွေ၊ ထုပ်ပိုးတာနဲ့ စျေးကွက်ချဲ့ထွင်ခြင်းဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာရမှာဖြစ်ပြီး အီး-စီးကရက်နဲ့ စီးကရက်ထဲထည့်တဲ့ အဆီရည်တွေ အားလုံးကို ဆေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်စည်းမျဉ်းစည်းကမ်းအေဂျင်စီ (MHRA)မှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အေဂျင်စီအနေနဲ့ စာရွက်ပေါ်မှာ သဘောတူထားတဲ့ တောင်းဆိုချက်တွေကို စစ်ဆေးဖို့ မလိုအပ်ဘဲ မှတ်ပုံတင်မထားတဲ့ ထုတ်ကုန်တွေကို စုံစမ်းစစ်ဆေးဖို့လည်း အခွင့်အာဏာ မရှိပါဘူး ။

MHRA အဖွဲ့ရဲ့ အီး-စီးကရက်စစ်ဆေးမှု အကြီးအကဲ ခရစ်ကော့ပလန်က အခုရထားတဲ့ ရလဒ် တွေကို ပြန်လည်သုံးသပ်ပြီး ဗိပ်သုံးစွဲတာက ကျန်းမာရေးအတွက် အန္တရာယ်ရှိမရှိ အကဲဖြတ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘီဘီစီသတင်းအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို သူတို့ ဗိပ်တွေအသိမ်းခံခဲ့ရတဲ့ အဲဒီကောလိပ်က ကျောင်းသား လီယွန် နဲ့ အော်စကာတို့ကို ပြခဲ့ပါတယ်။ အရင်က အင်တာဗျူးတစ်ခုမှာလည်း သူတို့ဟာ နီကိုတင်းကို စွဲနေပြီး အီး-စီးကရက်ကို စွန့်လွှတ်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံထားပါတယ်။

အန္တရာယ်ရှိနိုင်တာတွေကို လွယ်လွယ်ပဲ လျစ်လျူရှုထားနိုင်လို့ သူတို့က ပြောပါတယ်။

"စွဲနေတဲ့အခြေအနေရောက်ရင်‌တော့ အဲ့ဒါတွေကို ဂရုစိုက်တော့မှာ မဟုတ်ဘူးလို့ အော်စကာက ပြောပါတယ်။ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ စည်းမျဉ်းစည်းကမ်းတွေ ပိုမိုချမှတ်ပြီး ရဲတွေက လည်း နှိမ်နင်းဖမ်းဆီးတာတွေ ပိုလုပ်ဆောင် သင့်တယ်လို့ လီယွန်က ပြောပါတယ်။

ကျောင်းအုပ်ဆရာ မတ်ကာပန်တာကလည်း ရှာဖွေတွေ့ရှိချက်ကြောင့် အံ့သြထိတ်လန့်သွားပါတယ်။ အီး-စီးကရက် အသုံးပြုနေတာတွေ လျှော့ချဖို့ကြိုးစားတဲ့အနေနဲ့ ကျောင်းက အိမ်သာတွေထဲမှာ အာရုံခံကိရိယာတွေ သူက တပ်ဆင်ထားပါတယ်။

"လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ သတင်းစကားနှစ်ခုကို ရှိပါတယ်။ တစ်ခုက အီး-စီးကရက်သုံးတာက လက်ရှိ စီးကရက်သောက်နေသူက အစားထိုးသုံးတာဆိုရင်ကျန်းမာရေးအတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိနိုင်ပေမဲ့ ကလေးတွေကတော့ အီး-စီးကရက် မလုပ်သင့်ပါဘူး။"

နော်တင်ဟမ် တက္ကသိုလ်၊ Royal College of Physicians Tobacco Group က ကူးစက်ရောဂါဗေဒ ပါမောက္ခ ဂျွန်ဘရစ်တန်ကလည်း သတ္တုငွေ့တွေ ရှူရှိုက်မိရင် အန္တရာယ်ရှိနိုင်တယ်လို့ ပြောပါတယ်။

" ခဲမှာ အာရုံကြောကို ထိခိုက်တဲ့ဓာတ်တစ်မျိုးရှိပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေပါတယ်။ ခရိုမီယမ် သတ္တုစိမ်ထားသတဲ့ သံထည် သတ္တုထည်နဲ့ နီကယ်ဒြပ်စင်တွေကလည်း ယေဘုယျအားဖြင့် သွေးကြောအတွင်းကို ရောက်သွားရင် ဓာတ်မတည့်မှုတွေနဲ့ သတ္တုအမှုန်အမွှားတွေထွက်လာပြီး သွေးခဲတာဖြစ်လာနိုင်သလို နှလုံးသွေး ကြောဆိုင်ရာ ရောဂါတွေပါ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

"ကာဗွန်နိုင်းလ် ဓာတ်တွေကနေ ကင်ဆာဖြစ်လာနိုင်သလို အမြဲသုံးစွဲရင် ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့် တရားဝင် ထုတ်ကုန်တွေမှာတော့ ပါဝင်တဲ့ပမာဏ အလွန် နည်းပါးတာကြောင့် လူတစ်ဦးချင်းစီအတွက် အန္တရာယ် အလွန်နည်းပါတယ် "

ဒါပေမယ့် လတ်တလောမှာ တရားမဝင်ထုတ်ကုန်တွေ ပိုမိုများပြားလာပြီး တချို့က တရားဝင် ပစ္စည်းလား တရားမဝင်ဘူးလားဆိုတာတောင် ခွဲဖို့ ခက်တယ်လို့ မစ္စတာလောဆင်က ပြော ပါတယ်။

အင်္ဂလန်က တရားမဝင် အီး-စီးကရက် ရောင်းချမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ယူကေအစိုးရက စတာလင် ပေါင် ၃ သန်း ဘတ်ဂျက်ချပေးထားပါတယ်။

ဝယ်ယူ စမ်းသပ်မှုတွေလုပ်ဖို့ ရန်ပုံငွေပိုရရှိဖို့ လိုအပ်ပြီး တရားမဝင် ထုတ်ကုန်တွေကို ဆိုင်တွေ ကဖယ်ရှားရမှာ ဖြစ်ပါတယ်။ ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေ အီး-စီးကရက် သုံးစွဲမှုကို ဖြတ်တောက်လျှော့ချနိုင်ဖို့ အထောက်အထား တွေရဖို့လည်း တောင်းဆိုနေပါတယ်။

အသက် ၁၈ နှစ်အောက်လူငယ်တွေကို ဗိပ် တရားဝင် ရောင်းချခွင့်မပြုပါဘူး။ ဒါပေမယ့် ဆေးလိပ်သောက်တာနဲ့ ကျန်းမာရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေအတွက်လုပ်ထားတဲ့ မတ်လနဲ့ ဧပြီလ YouGov စစ်တမ်းတစ်ခုမှာ အသက် ၁၁ နှစ်ကနေ ၁၇ နှစ်ကြား အီး-စီးကရက် သုံးစွဲမှုဟာ အရင်နှစ်က ၇.၇% ကနေ ၁၁.၆% အထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။