သမ္မတထရမ့် အမိန့်ကြောင့် VOA ဝန်ထမ်း ၁,၃၀၀ ကျော် ခွင့်ယူလိုက်ရ

သမ္မတ ထရမ့်ရဲ့အမိန့်သစ် တစ်ရပ်ကြောင့် အမေရိကန် အခြေစိုက် အမေရိကန်အသံ(ဗွီအိုအေ)ရဲ့ သတင်းထောက်၊ ထုတ်လုပ်ရေးမှူးနဲ့ အထောက်အကူပြုဝန်ထမ်းပေါင်း ၁၃၀၀ နီးပါး လစာနဲ့ ခွင့်ပေးခံလိုက်ရပါတယ်။

သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ(USAGM)နဲ့ တခြား အစိုးရ အေဂျင်စီ ၆ ခု ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင် ထားရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ထိုး ညွှန်ကြားလိုက်တာကြောင့်ဖြစ်ပါတယ်။

ဒီညွှန်ကြားချက်ကြောင့်ပဲ အမေရိကန်အသံ(ဗွီအိုအေ)နဲ့ လွတ်လပ်တဲ့အာရှအသံ(အာအက်ဖ်အေ) သတင်းဌာနတွေက မြန်မာဘာသာစကား အစီအစဥ်တွေ အပါအဝင် ဘာသာစကား အမျိုးမျိုးနဲ့ တင်ဆက်နေတဲ့ သတင်းထုတ်လွှင့်မှုတွေ အပေါ် တိုက်ရိုက် ထိခိုက် သက်ရောက်လာမှု ဖြစ်လာတာပါ။

ဗွီအိုအေ ညွှန်ကြားရေးမှူးချုပ် မိုက်ခ် အေဘရာမိုဝစ်ဇ်ကတော့ ''နှစ်ပေါင်း ၈၃ နှစ်အတွင်း အမေရိကန်အသံ ပထမဆုံးအကြိမ် အပိတ်ခံလိုက်ရပြီ'' လို့ သူ့ရဲ့ လင့်ခ်အင် အကောင့်မှာရေးပါတယ်။

ခွင့်ပေးခံရသူတွေထဲမှာ သူကိုယ်တိုင်လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

ဗွီအိုအေ မြန်မာပိုင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်ချက်တွေ ရပ်နား

သမ္မတ ထရမ့်ရဲ့ အမိန့်ကြေညာပြီး နာရီပိုင်းအကြာမှာပဲ ဗွီအိုအေ မြန်မာပိုင်းရဲ့ ဆိုရှယ်မီဒီယာနဲ့ ဝက်ဘ်ဆိုက်တို့ ပေါ်က တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဥ်တို့ကိုလည်း ကြည့်ရှုသူတွေ မမြင်နိုင်ကြတော့ပဲ ဖြစ်သွားပါတယ်။

ဗွီအိုအေ မြန်မာပိုင်းဌာနကတော့ ''ဗွီအိုအေ မြန်မာပိုင်းရဲ့ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဥ်တွေကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလမှာ ပြန်လည် ထုတ်လွှင့်သွားပါမယ်'' လို့ လူမှုကွန်ရက် ဖေ့ဘွတ်ခ် ကနေ သတင်းထုတ်ပြန်ပါတယ်။

ဗွီအိုအေ မြန်မာပိုင်းမှာ အချိန်ပြည့် အစိုးရ ဝန်ထမ်းအဖြစ် အလုပ် လုပ်ကိုင်နေသူတွေဆီ အလုပ်ကနေ ချက်ခြင်း ခွင့်ပေးပြီး၊ ရုံးကို လာရောက်စရာ မလိုတဲ့ ညွှန်ကြားချက် အီးမေးလ်တွေ ရရှိလာကြောင်း သိရပါတယ်။ ရုံးထဲမှာ ရှိနှင့်နေသူတွေထဲက အီးမေးလ်ဝင်လာတဲ့ သူတွေ ရုံးကနေ ထွက်ခွာပေးရပါတယ်။

အချိန်ပြည့် အစိုးရ ဝန်ထမ်း မဟုတ်ပဲ၊ စာချုပ်နဲ့ အလုပ်လုပ်ကိုင်သူထံ ဘယ်လို ညွှန်ကြားချက် အီးမေးလ်မှ ဝင်မလာသေးဘူး ဆိုပြီး ပြောသူ ရှိပါတယ်။

"ရုံးကို သွားရမလား၊ မသွားရဘူးလား မသိဘူး။ အထက်ကလူ ကိုယ်တိုင်က ရုံးမလာရ ညွှန်ကြားချက်မျိုး ရထားတော့၊ စာချုပ်သမားတွေ ရုံးကို သွားကြည့်ပါလို့ပဲ သူက အကြံပေးနိုင်တယ်။ ဘာ ဆက်ဖြစ်မလဲ မသိဘူး" သူက ဆိုပါတယ်။

အမေရိကန်အစိုးရထောက်ပံ့ငွေ ရပ်စဲခံရပြီး RFA သတင်းလုပ်ငန်း ရပ်တန့်သွားနိုင် - အာအက်ဖ်အေ

အမေရိကန်အစိုးရက RFA နဲ့ မိတ်ဖက်သတင်းဌာနတွေအတွက် နှစ်စဉ်ပေးအပ်နေတဲ့ ထောက်ပံ့ငွေတွေကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်၊ စနေနေ့မနက်ပိုင်းမှာ ရပ်ဆိုင်းလိုက်ပြီလို့ အကြောင်းကြားစာ ရရှိတဲ့အကြောင်း လွတ်လပ်တဲ့အာရှအသံ (RFA)ရဲ့ မြန်မာပိုင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

RFA ဥက္ကဋ္ဌထံကို မတ်လ ၁၅ ရက် စနေနေ့မနက်ပိုင်းက ရောက်လာတဲ့ အကြောင်းကြားစာမှာတော့ RFA သတင်းဌာနကို အမေရိကန်အစိုးရကထောက်ပံ့နေတဲ့ ငွေကြေးတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း၊ RFA အနေနဲ့ "လက်ကျန်ငွေတွေကို အချိန်မဆိုင်းဘဲ အစိုးရကို ပြန်လည်ပေးအပ်" ရမှာဖြစ်ကြောင်းပါရှိတယ်လို့ ဆိုပါတယ်။

USAGM ဟာ RFA နဲ့ တခြား လွတ်လပ်တဲ့ ကမ္ဘာ့သတင်းဌာနတွေကို ငွေကြေးထုတ်ပေးနေတဲ့ အမေရိကန်အစိုးရ အေဂျင်စီ ဖြစ်ပြီး ဒီထောက်ပံ့ငွေကို အမေရိကန်လွှတ်တော်က သတ်မှတ်ပြဋ္ဌာန်းပါတယ်။ အဲဒီနောက်မှာ USAGM က တဆင့် သတင်းဌာနတွေကို ခွဲဝေပေးအပ်တာ ဖြစ်ပါတယ်။

RFA ဥက္ကဋ္ဌကတော့ "ဒီနေ့ အကြောင်းကြားစာဟာ အမှန်တရားကိုသိရဖို့အတွက် RFA သတင်းတွေကို အပတ်စဉ် စောင့်ကြည့်ဖတ်ရှုနေကြတဲ့ လူသန်းပေါင်း ၆၀ နီးပါးကို ဥပေက္ခာပြုပြီး သတင်းမှန်တွေရရှိဖို့ အခွင့်အရေး ဆုံးရှုံးသွားစေသလို တဖက်မှာလည်း ဒီလုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူတွေကိုလည်း အကျိုးအမြတ်တွေ ရသွားစေမှာဖြစ်ပါတယ်။" လို့ ကြေညာချက်မှာ ပြောကြားထားပါတယ်။

သတင်းလုပ်ငန်းတွေ ဘယ်အချိန်၊ ဘယ်လိုရပ်ဆိုင်းမလဲဆိုတာကို လောလောဆယ် ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အာအက်ဖ်အေက ဆိုပါတယ်။

ဘီဘီစီနဲ့စကားပြောခွင့်ရတဲ့ RFA မြန်မာပိုင်း ဝန်ထမ်းတွေထဲက တချို့ကတော့ ဒီအခြေအနေကြောင့်ပဲ စိုးရိမ်စိတ်ရှိတယ်လို့ ပြောထားကြပါတယ်။

သတင်းဌာနတွေကို စီမံခန့်ခွဲတဲ့ USGAM အစိုးရ အေဂျင်စီအပြင် တခြား ပစ်မှတ်ထားခံရတဲ့ ဗဟိုအစိုးရ အေဂျင်စီ ဌာနတွေထဲမှာ ပြတိုက်နဲ့ စာကြည့်တိုက် အင်စတီကျုလိုမျိုး၊ အိုးမဲ့အိမ်မဲ့ ပြဿနာကို ကိုင်တွယ်ရေး အစိုးရဌာနတွေကြား ပူးပေါင်းဆောင်ရွက်တဲ့ ကောင်စီလိုမျိုး ဌာနတွေ ပါဝင်ပါတယ်။

သမ္မတ အမိန့်ထဲမှာ အဲဒီ အစိုးရ အေဂျင်စီ ဌာနတွေ အနေနဲ့ လည်ပတ်လို့ ရနိုင်ရုံ အနေအထား ထိအောင်၊ လုပ်ကိုင် လှုပ်ရှားနေတဲ့ အော်ပရေးရှင်းတွေကို လျှော့ချရမယ်လို့ ဆိုထားပါတယ်။

အဲဒီ အဓိပ္ပာယ်ဟာ ဌာနတွေကို လုံးဝ ဖျက်သိမ်းတာ မဟုတ်ပဲ၊ ပြန်လည် စိစစ်ပြီး ရွေးချယ်သူကို ရွေးချယ်၊ လျှော့ချသူကို လျှော့ချတာမျိုးတွေ လာမယ့် ရက်တွေမှာ လုပ်လာနိုင်ဖွယ် ရှိတယ် ဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုမှုမျိုးလည်း ရှိပါတယ်။

ဗွီအိုအေနဲ့ အာအက်ဖ်အေ မြန်မာ သတင်းဌာနတွေ အနေနဲ့ ဘယ်လောက် အတိုင်းအတာထိအောင် သက်ရောက် ခံရမလဲ ဆိုတာဟာ လာမယ့် ရက်တွေမှာ ပိုပြီး ထင်ရှား ပေါ်လွင်လာဖွယ် ရှိပါတယ်။