ပရိဘောဂဆိုင်ကို လဝက ဝင်စီးပြီဆိုတဲ့ကောလာဟလက LA ဆန္ဒပြပွဲတွေကို မီးထိုးပေးခဲ့တာလား

ဗီဒီယို ပုံစာ, လော့စ်အိန်ဂျလိစ်မြို့က ဆန္ဒပြမှုတွေ
  • ရေးသားသူ, ခရစ္စတယ် ဟေးစ်
  • ရာထူးတာဝန်, ဘီဘီစီသတင်း
  • ရေးသားပေးပို့သည့်နေရာ ပါရာမောင့်မြို့၊ ကယ်လီဖိုးနီးယား

အမေရိကန်မှာ တရားမဝင်နေထိုင်သူတွေကို နှိမ်နင်းတဲ့သမ္မတဒေါ်နယ်ထရမ့်ရဲ့ မူဝါဒကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေ လော့စ်အိန်ဂျလိစ်မြို့မှာဖြစ်လာတဲ့အခါ ဟွမ်နဲ့ သူ့ မိတ်ဆွေတွေ မြို့အနီး အိမ်ထောင်ပရိဘောဂပစ္စည်းဆိုင်တစ်ဆိုင်ရဲ့ ကားရပ်တဲ့နေရာမှာ စုဝေးနေကြချိန်ဖြစ်ပါတယ်။

ပုံမှန်ဆို သူတို့ ဒီလိုစုဝေးကြရင် ပါဝင်ကြသူအများစုက အထောက်အထားမဲ့ရွှေ့ပြောင်းတွေ ဖြစ်ကြပြီး အလုပ်မျိုးစုံလုပ်ကြတွေ ဖြစ်ပါတယ်။ ဆိုင်တွေမှာ ဒါမှမဟုတ် နေ့စားပုတ်ပြတ််အလုပ်တွေမှာ အလုပ်ရကြလေမလားဆိုပြီး စုဝေးကြတာဖြစ်ပါတယ်။

ဒါပေမဲ့ တနင်္ဂနွေနေ့တုန်းကတော့ အိမ်အမိုးပြုပြင်ပေးတယ်၊ ဆေးသုတ်ပေးတယ်လို့ ကြေညာထားတဲ့ ပစ်ကပ်ကားသေး ၂ စီးသာ ပါရာမောင့်မြို့ဆင်ခြေဖုံးအရပ်က ဟုမ်း ဒီပေါ့ အိမ်ဆောက်ပစ္စည်းဆိုင်ခွဲအပြင်ဘက်မှာ ရပ်ထားတာ တွေ့ထားပါတယ်။ ပါရာမောင့်ဟာ စပိန်နဲ့ ပေါ်တူဂီနွယ်ဖွား ၈၂ ရာခိုင်နှုန်းအထိ နေထိုင်ကြတဲ့မြို့ဖြစ်ပါတယ်။

အဲဒီဆိုင်က သမ္မတထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူကို ဆန္ဒပြမှု မီးပွားစတင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ အဲဒီဆိုင်ထဲက နေ့စားလုပ်သားတွေ အဝိုင်းခံရပြီးတဲ့နောက် ဖမ်းဆီးခံရတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပြီးနောက်မှာ ဆန္ဒပြတာတွေ ပေါ်ပေါ်ခဲ့တာပါ။ ဟွမ်တို့ ရောက်တဲ့နေ့ကတော့ ဆန္ဒပြမှု စဖြစ်ပြီး နောက်တစ်ရက်ဖြစ်ပါတယ်။

အဲဒီရပ်ဝန်းမှာနေထိုင်ကြသူအများစုကတော့ ပတ်ဝန်းကျင်မှာ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ကားတွေ အများကြီးကို တွေ့ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီကနေ လူတွေက ချက်ခြင်း ပျာယာခတ်ပြီး စိုးရိမ်ခဲ့ကြပါတယ်။ အဲဒီနောက်တော့ အမေရိကန် နိုင်ငံတဝန်းက အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်လာကြသူတွေ အလုပ်လာရှာကြလေ့ရှိတဲ့နေရာ ဟုမ်း ဒီပေါ့ အိမ်ဆောက်ပစ္စည်းဆိုင်မှာ နေ့စားအလုပ်သမားတွေ စီးနင်းခံရပြီး အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။

အဲဒီနောက်မှာတော့ လက်တင်အမေရိကနွယ်ဖွားတွေအများစုရှိတဲ့ ပါရာမောင့်မှာ ဆန္ဒပြပွဲတွေ ပွင့်အံလာပါတယ်။ ဓာတ်ဆီပုလင်း မီးရှို့ ပစ်ပေါက်တာတွေ ကျောက်တုံးတွေနဲ့ ပေါက်တာတွေ အထိပါ ဆန္ဒပြပွဲလည်း ပြင်းထန်လာပါတယ်။ ဆန္ဒပြလူအုပ်ကို ဖြုခွင်းဖို့ အာဏာပိုင်တွေက ငရုပ်ကောင်းဖြန်းဆေးတွေ၊ ရာဘာကျည်တွေနဲ့ မီးခိုးဗုံးတွေသုံးပြီး လူစုခွဲပါတယ်။

ဒါပေမဲ့ ပါရာမောင့်မြို့အတွင်းက ဆန္ဒပြမှုတွေဟာ မှားယွင်းတဲ့သတင်းအချက်အလက်ကြောင့် ပိုပြီး ဆိုးရွားခဲ့ပုံရပါတယ်။

ဗီဒီယို ပုံစာ, ဘယ်ကပဲ လာလာ အားလုံးတဲ့အတူ ရပ်တည်တယ်လို့ အယ်လ်အေမြို့တော်ဝန်က ပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြို့ထဲက တချို့အရပ်တွေမှာ ဒါဇင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ချိန်မှာပဲ အိမ်ဆောက်ပစ္စည်းဆိုင်ကို ဝင်စီးနင်းရှာဖွေတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့တာလို့ အကြမ်းဖက်မှုနှိမ်နင်းရေးကို တာဝန်ယူတဲ့ အမေရိကန် အမိမြေ လုံခြုံရေးဌာန(DHS)က ပြောပါတယ်။

''သတင်းအမှားတွေ တက်နေသလို အယ်လ်အေမြို့က ဟုမ်း ဒီပေါ့ ဆိုင်တစ်ဆိုင်ကို လူဝင်မှုနဲ့ အကောက်ခွန် ကြီးကြပ်ရေး (ICE) က ဝင်စီးတယ်ဆိုတာ မဟုတ်ပါဘူး''  လို့ DHS  က ဘီဘီစီကို ပြောပါတယ်။

တိုယိုတာ ပစ်ကပ်ကားလေး ပေါ်မှာ ချထားတဲ့ အိပ်ယာဘေးမှာ သူ ငယ်ချင်းနှစ်ယောက်နဲ့အတူ မှီ နေရင်း ဟွမ်ပြောတာက '' တကယ်ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှလည်း မသိကြပါဘူး။ အကုန်လုံးက အလန့်တကြားဖြစ်ကုန်တယ်'' လို့ ပြောပါတယ်။

ကားတစ်စီးကို မီးရှို့ခံရပြီး စီးပွားရေးလုပ်ငန်းတွေ ဖောက်ထွင်းမှုကြုံခဲ့ရတဲ့ ပါရာမောင့်မြို့က မငြိမ်သက်မှုဟာ ပြည်ထောင်စုအဆင့် အာဏာပိုင်တွေရဲ့အသုံးအနှုန်းအရဆိုရင် အယ်လ်အေမြို့ အထိ ပျံ့နှံ့တယ်ဆိုတဲ့ ဆူပူမှုတွေရဲ့ အကြောင်းရင်းခံဖြစ်လာစေပါတယ်။

စနေနေ့မှာတော့ သမ္မတဒေါ်နယ်ထရမ့်က သူရဲ့လုပ်ပိုင်ခွင့်ကို သုံးပြီး ကယ်လီဖိုးနီးယားပြည်စောင့်တပ်ကို ဖြန့်ကြက်ချထားဖို့ ဆင့်ခေါ်ပါတယ်။ ဒါဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆုံးဖြတ် လုပ်ဆောင်လေ့ရှိတဲ့ ဆင့်ခေါ်ဖြန့်ကြက်မှုကို မြို့အတွင်းဆန္ဒပြမှုတွေ အပြင်းအထန်ဖြစ်ခဲ့ပြီး ဒုတိယနေ့မှာပဲ သမ္မတ ထရမ့် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြမှုတွေ ပြင်းထန်ခဲ့တဲ့ တတိယမြောက်နေ့ တနင်္ဂနွေနေ့မှာတော့ အိမ်ဆောက် ပရိဘောဂ ပ စ္စည်းဆိုင်ကနေ စီးပွားရေးလုပ်ငန်းစုအရပ် ဂိတ် အထိပေါက်တဲ့ လမ်းတလျှောက်ကို လက်နက်ကိုင် ပြည်စောင့်တပ်က စောင့်ကြပ်လိုက်ပါတော့တယ်။

ပြည်စောင့်တပ်ဖွဲ့ဝင်တွေဟာ အဲဒီနေရာမှာ သံချပ်ကာကားတွေကို ပိတ်ရပ်ပြီး ဆန္ဒပြသူတွေ ရှေ့မတိုးနိုင်အောင် ပိတ်ထားခဲ့ပါတယ်။

ပြည်စောင့်တပ်တွေကို လော့စ်အိန်ဂျလိစ်မြို့မှာ သမ္မတ ထရမ့်က ဖြန့်ကြက်နေရာယူခိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်စောင့်တပ်တွေကို လော့စ်အိန်ဂျလိစ်မြို့မှာ သမ္မတ ထရမ့်က ဖြန့်ကြက်နေရာယူခိုင်း

"ခင်ဗျားတို့ကို အလိုမရှိဘူး" လို့ ဆိုပြီး လော့စ်အိန်ဂျလိစ် အိန်ဂျယ် ဘောလုံးအသင်းဦးထုပ် ဆောင်းထားတဲ့ လူတစ်ဦးက စစ်သားတွေကို အော်ဟစ်ပြောဆိုပါတယ်။ နောက်ထပ်ဆန္ဒပြသူ တစ်ဦးကတော့ အမေရိကန်လူဝင်မှုနဲ့အခွန်ကြီးကြပ်ရေးတပ်ဖွဲ့ဝင်တွေကို တိုက်ရိုက် ဆဲရေးတဲ့စာတွေကို နံရံမှာ မှုတ်ဆေးနဲ့ရေးပါတယ်။

အမေရိကန်အမိမြေလုံခြုံရေးဌာန (DHS) ကတော့ အဲဒီနေရာဟာ သူတို့ ရုံးတွေရှိတဲ့နေရာတွေထဲက တစ်နေရာဖြစ်ပြီး ''အာဏာပိုင်တွေက အဲဒီနေရာကို လူစုဖို့ သုံးစွဲနေတုန်းမှာပဲ ဆူပူသူတွေက အဲဒီနေရာကို သိသွားခဲ့ကြတာ" လို့ ဘီဘီစီကိုပြောပါတယ်။

လော့စ်အိန်ဂျလိစ်ဧရိယာ အတွင်းမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၁၈ ယောက်ကို အခုတစ်ပတ်အတွင်း ဖမ်းဆီးထားပြီး အဲဒီထဲမှာ ၅ ဦးဟာ ဂိုဏ်းအဖွဲ့ဝင်တွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးထားသူအချို့ထဲမှာ မူးယစ်ဆေးကုန်ကူးမှု၊ လက်ရောက်ကျူးလွန်မှုနဲ့ လုယက်မှုတို့အပါ အဝင် ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ ပြစ်မှုမှတ်တမ်းရှိသူတွေဖြစ်တယ်လို့လည်း အေဂျင်စီကပြောပါတယ်။

သမ္မတ ထရမ့်က လော့စ်အိန်ဂျလိစ်မှာ "ရမ်းလိုသူတွေရှိနေတယ်" လို့ ပြောပြီး "ဒီလူတွေဟာ လုပ်သမျှ တာဝန်ခံရမယ်"လို့ နယူးဂျာဇီပြည်နယ်၊ မိုရစ်တောင်းမှာ Air Force One လေယာဉ်ပေါ် တက်ဖို့ ပြင်တုန်းမှာပဲ သတင်းထောက်တွေကို ပြောပါတယ်။

ကိုယ်နေတဲ့မြို့ကြီး ညတွင်းချင်းမှာကို ပြောင်းလဲသွားတဲ့ ထိန်လန့်စရာ ဓာတ်ပုံတွေကို မြင်ပြီး မြို့ခံတစ်ဦးဖြစ်တဲ့ ဒိုရာဆန်းချက်ဇ် တစ်ယောက် ကိုယ့် မျက်စိကိုယ် မယုံနိုင်ဖြစ်နေဆဲပါ။

ဆန္ဒပြမှုတွေ မဖြစ်ခင်တစ်ရက်အလိုက အဲဒီဆန္ဒပြတဲ့နေရာနဲ့ လမ်းတစ်ဖြတ်တောင် မဝေးတဲ့နေရာက Chapel of Change အသင်းတော်မှာ တနင်္ဂနွေကမှ မြို့ထဲက ရပ်ဆွေရပ်မျိုးတွေနဲ့အတူ သူ ဘုရားကျောင်းတက်ခဲ့တာပါ။

အမေရိကန်ရောက် သူတို့ လက်တင်အမေရိကန်နွယ်ဖွားတွေ ရပ်ထဲရွာထဲ သိုင်းသိုင်းဝိုင်းဝိုင်းရှိလာကြပြီး တစ်ဦးအပေါ် တစ်ဦး စောင့်ရှောက်တတ်လာကြတဲ့အကြောင်းကို သူနဲ့ အိမ်နီးချင်းတွေ ဘုရားကျောင်းမှာ ဆုံတုန်းကတောင် ပြောဖြစ်ခဲ့ကြပါသေးတယ်။

ဆန္ဒပြမှုတွေဟာ ရွှေ့ပြောင်းနေထိုင်သူ အသိုက်အဝန်းအတွက် "သည်းမခံနိုင်တဲ့ပွင့်အံမှု" တစ်ခုလို ခံစားမိစေခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်မှာ လော့စ်အိန်ဂျလိမြို့ဟာ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် နည်းတဲ့ လူနည်းစု အများစုနေ ထိုင်တဲ့မြို့ကြီးတွေထဲက တစ်မြို့ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ငြိမ်ဝပ်ပိပြားရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိက ထားလုပ်သွားမယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်

လော့စ်အိန်ဂျလိစ်မှာ လက်တင်အမေရိကနွယ်ဖွားတွေဟာ တခြားနွယ်ဖွားတွေထက်စာရင် မြို့လူဦးရေ ပမာဏမှာ အများဆုံးဖြစ်ပေမဲ့ မက္ကဆီကိုနိုင်ငံတောင်ပိုင်းကနေ လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ မြို့သမိုင်းနဲ့ ယဉ်ကျေးမှုကို အဓိက ထုဆစ်ခဲ့ကြသူတွေဖြစ်ပါတယ်။

ဘယ်ကလာလာ လာတဲ့သူတွေအတွက် ကွန်းခိုရာအဖြစ် မာန်ဝင့်နိုင်တဲ့မြို့ဖြစ်ပါတယ်။ တဖက်ကကြည့်ရင် ဒါဟာ ပြည်ထောင်စုအဆင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်တာမရှိဘူးလို့ သက်ရောက်ပါတယ်။

ရီပတ်ဘလင်ကန်ပါတီကနေ တက်လာတဲ့ သမ္မတထရမ့်အစိုးရဟာ လော့အိန်ဂျလိစ်က အထောက်အထားမဲ့ ရွှေ့ပြောင်းသူတွေကို ပစ်မှတ်ထားတဲ့အခါမှာ လေတင်းလုနီးလို့ ပါးပြီးပေါက်တော့မယ့် ပူပေါင်းတစ်လုံးရဲ့ တင်းအားလို ခံစားမိခဲ့ကြတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

''မားမားရပ်ဖို့ အချိန်ကျပြီ'' လို့ ပါရာမောင့်မြို့မှာ ဆန္ဒပြခဲ့တဲ့ မာရီယာ ဂူတားရက်စ်က ပြောပါတယ်။ ''အားလုံးက ကိုယ့်လူတွေပဲလေ''

သူက မက္ကဆီကိုမှာ မွေးခဲ့ပေမဲ့ ကလေးမလေးဘဝကတည်းက ပါရာမောင့်မှာ နေလာခဲ့တာလို့ ပြောပါတယ်။

သူလိုပဲ ဒီက အများစုဟာ အမေရိကန်ထဲ တရားမဝင်နေထိုင်နေတဲ့ မိသားစုဝင်တွေ ရှိနေကြတယ်လို့ သူက ပြောပါတယ်။

"ဒါက လော့စ်အိန်ဂျလိစ်မြို့လေ" လို့ သူက ပြောပါတယ်။ "လက်သည်းဆိတ် လက်ထိပ်နာစမြဲပါ ပဲ"

"အားလုံးမှာ မိသားစုကိုယ်စီနဲ့။ ဘယ်သူက စာရွက်စာတမ်းရှိသူလဲ မရှိသူလဲဆိုတာကိုလည်း သိကြတယ်လေ"